Tag: တဂ်ပို့စ်

MrDBA

ခုတစ်လော တဂ်တာတွေ ခေတ်စားလာပြန်ပါတယ်။ တက်လဲ တက်နိုင်ကြပါပေတယ်ကွယ်။ ပုံမှန်အားဖြင့် တဂ်ပို့စ်တွေကို ကျွန်တော် တတ်နိုင်သမျှလက်ရှောင်တာများပါတယ်။ တဂ်တဲ့လူတွေကလဲ ခင်နေတဲ့ လူတွေဆိုတော့ အပြစ်မဆိုကြတာလဲ ပါတာပေါ့လေ။ ကိုယ်ကသာ ရှောင်နေတာ သူများတွေ ရေးကြတာတွေတော့ လိုက်ဖတ်လို့ သဘောကျလို့နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ကို တဂ်လာရင်တော့ ရှောင်ပြေးတာ များပါတယ်။

ဟိုတစ်လောက တဂ်ကြတဲ့ အတွေ့ချင်ဆုံး ၁၀ယောက်ဆိုတာကတော့ အမှန်တစ်ကယ် ချောက်ကြနိုင်တဲ့ ခေါင်းစဉ်မျိုးပါ။ ကျွန်တော့်လို ထောင်သောင်းချီ မိတ်ဆွေပေါတဲ့ လူအဖို့တော့ ၁၀ယောက်ရေးပြရမယ်ဆိုရင် ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်သွားမှာပါ။ (အဟိ လွတ်စေသတည်း) တဂ်ပို့စ်ဆိုတာကလည်း အချိန်နဲ့ရေးရတာဆိုတော့ နဲနဲ အမေ့ခံထားလိုက်ရင် ဒိတ်အောက်သွားတာဆိုတော့ကာ အလိုလိုလွတ်သွားတတ်ပါတယ်။ နဲနဲတော့ အသည်းမာတတ်ဖို့တော့ လိုတယ်ပေါ့လေ။

ဒီလိုနဲ့ သူများဘာသာ သူများ အေးဆေးသာယာနေတုန်း နွေးနေခြည် ဆိုသူ ဘလော့ရေးသူ ပြည်သူတစ်ဦးမှ ခင်လို့တဂ်တယ် ရေးပေးကွယ် ရေးပေးကွယ် လုပ်သွားပါတယ်။ မညာတမ်းပြောရရင် သူလဲ ကိုယ့်ဘလော့ကို လာဖတ်နေသူတစ်ဦးဖြစ်မှာပါ။ ကိုယ်လဲ လိပ်စာသိသမျှ ဘလော့တွေကို Google Reader နဲ့ဖတ်နေကြဆိုတော့ သူ့ကို ဘလော့ရေးသူအဖြစ်သိပါတယ်။ သို့သော် စီဗောက်တွေမှာ စလိုက်နောက်လိုက်နဲ့ သောင်းကျမ်းနေကြလူတွေ မဟုတ်လေတော့ကာ သူ့ရဲ့ အားကျိုးမာန်တက် တဂ်လာတာကို မျက်နှာလွှဲခဲပစ်လုပ်လိုက်မယ်ဆိုရင် ခင်ဖို့လမ်းစရှိတဲ့ မိတ်ဆွေတစ်ယောက် လျော့နည်းသွားမှာ စိုးတဲ့ အတွက် ရေးဖို့စဉ်းစားရပါတယ်။ (လွယ်တာလဲ ပါတာပေါ့လေ။)

နစ်နိမ်းတွေနဲ့ ပါတ်သက်ရင် တော်တော်ရှည်လျားပါတယ်။ ပုံဂံရာဇဝင်က ပြန်စရမလိုပါဘဲ။ အလုပ်ဝင်တော့ ကျွန်တော့်မှာ ညီအစ်ကို မောင်နှမ အရင်းတွေထက် ခင်မင်ရတဲ့ ညီတွေ ညီမတွေရှိပါတယ်။ ဘယ်သွားသွား ဘယ်လာလာ မီးရထားတွဲကြီးလို ကျွန်တော့်ကို ရှေ့ကထားပြီး တစ်ဖွဲ့လုံးသွားကြလည်ကြတဲ့လူတွေပါ။ မြန်မာပြည် တနှံ့တလျား အဲဒီအဖွဲ့ကြီး ခရီးတွေထွက်ခဲ့ကြဖူးတယ်။ သိပ်ချစ်ကြတဲ့ လူတွေပါ။ 

ဒီလိုနဲ့ အလုပ်ထဲမှာ ကျွန်တော်တို့က အင်တာနက် စသုံးဖူးတယ်။ တစ်ယောက်သော ညီငယ်ကတော့ သူ့မိဘများက အရာရှိမင်းကြီးတွေ ဆိုတော့ကာ အိမ်မှာရုံးစရိတ်နဲ့ အင်တာနက်တတ်နိုင်တဲ့လူတွေဆိုတော့ အင်တာနက်ကို သူကကျွမ်းကျွမ်းကျင်ကျင် သုံးတတ်နေပါပြီ။ ဒီလိုနဲ့ ဂျီမေးအကောင့် ဖွင့်ဖို့အကြောင်းဖန်လာပါတယ်။ သူကအကောင့်ဖွင်ဖူးတဲ့ လူဆိုတော့ ကျွန်တော်တို့ကို ကူညီပါတယ်။ အဲဒီမှာ သူ့အကောင့်နာမည်က smart acrobat လို့ပေးထားတာဆိုတော့ ကျန်တဲ့ ကျွန်တော်တို့တွေကလဲ မီးရထားတွဲကြီးလို အကောင့်တွေမှာ smart ပါအောင်ကြိုးစားကြပါတယ်။ ကြောင်ရုပ်ကြိုက်တဲ့ ညီမတစ်ဦးက smart gaga, တက္ကသိုလ်တက်တုန်းက အလှဘုရင်ဘွဲ့ရဖူးတဲ့ တစ်ယောက်သော ညီငယ်တစ်ဦးက smart king ဆိုပြီးပေးတယ်။ မန္တလေးက ပြာယိပြာယာနိုင်လှသော ညီမတစ်ယောက်က smart nyimalay ဆိုပြီးပေးတယ်။ ကျွန်တော်က အားလုံးထဲမှာ အကြီးဆုံးဆိုတော့ smart brother ဆိုပြီးပေးတယ်။ ပထမဆုံးသော နစ်နိမ်းဖြစ်လာပါတယ်။

Read more

Tags :