Mount Faber သို့ခြေလှမ်း ၁၅၀၀၀ အပိုင်း(၂)
သစ်သားတံတားပေါ်မှာ အနားယူတဲ့အနေနဲ့ ဓါတ်ပုံရိုက်ကြ၊ အပင်တွေကြည့်ကြနဲ့ ခဏတစ်ဖြုတ် အနားယူပြီးတဲ့ အခါမှာတော့ ကျွန်တော်တို့ Hort Park ဘက်ကိုသွားဖို့ တံတားအောက်ကို ဆင်းကြပါတယ်။ အောက်မှာပြထားတဲ့ ပုံကတော့ Hort Park သွားရန်အတွက် တံတားအဆင်းက လမ်းကလေးဖြစ်ပါတယ်။ မေမြို့က လမ်းတွေလို အကွေ့အကောက်လေးနဲ့မို့ အမိအရရိုက်ယူလာခဲ့ပါသေးတယ်။ အပေါ်ကကြည့်တော့ မြေနိမ့်နိမ့်လေးကို အလှကွေ့ဝိုက်ထားတယ်ထင်နေတာ အောက်ရောက်လို့ လမ်းကွေ့အတိုင်းသွားရမှာ ပျင်းတာနဲ့ ဖြတ်ဆင်းဖို့လုပ်တာ ကျွန်တော်တို့ ကားကြီးနှစ်စီးက တော်တော် သတိထားဆင်းလိုက်ရပါတယ်။ ဂီယာကြီးနဲ့ ဆင်းဖို့ဟာမှာ ဂီယာကလဲ တစ်မျိုးထဲပါတော့ တစ်ခါထဲ စည်ပိုင်းလှိမ့်ချသလိုပါဘဲ။ ဟိုနှစ်ယောက်က ကျွန်တော့်ကို သတိပေးကြပါတယ်။ ကင်မရာကို သတိထားတဲ့လေ။ လူဖြစ်တာ အရေးမကြီးဘူးတဲ့။
လမ်းကလေးရဲ့ အဆုံးမှာတော့ Hort Park ကိုသွားရန်အတွက် လူနေရပ်ကွက်ကြားထဲကနေ ဖြတ်ရပါသေးတယ်။ လမ်းထိပ်မှာ ပန်းမာန်စိုက်ပျိုးရေးခြံတစ်ခု တွေ့ခဲ့ပါသေးတယ်။ အဲဒီနေ့က တခြားအဖွဲ့တစ်ဖွဲ့လဲ လေ့လာရေးလာကြတယ်ထင်တယ်။ လူအုပ်စုကြီးတစ်စု နဲ့ဆုံလိုက်သေးတယ်။ ဒီမှာလဲ ရုံးပိတ်ရက်တွေမှာ မိတ်ဆွေအပေါင်းအသင်းနဲတဲ့လူတွေ သွားလာလည်ပတ်နိုင်အောင် ရပ်ကွက်သာယာရေး အဖွဲ့က စီစဉ်ပေးတယ်ထင်ပါတယ်။
တံတားပေါ်က မြင်ခဲ့ရတဲ့ AIA Building ပါ။
ဒီလိုနဲ့ Hort Park အဝင်ဝကို ရောက်လာခဲ့တယ်လို့ဘဲ တိုတိုပြောကြပါစို့ရဲ့။ ကံများကောင်းချင်တော့ ခုနက ပုံမှာမြင်ရတဲ့ လူစုလူဝေးကြီး စုဝေးခဲ့တဲ့ နေရာမှာ Milo ကားကြီးလာပြီး အအေးအလကား ဘူဖေး အဝတိုက်နေတာနဲ့ ကျွန်တော်များ သုံးယောက်သား အဖော်ညှိနေစရာ မလိုလောက်အောင် သွားတန်းစီပစ်လိုက်တယ်။ ကျွန်တော်တစ်ခါမှ မိုင်လိုအအေး မသောက်ဖူးဘူး။ အပူလဲ မသောက်။ အဲဒီနေ့ကတော့ ဘယ်လိုသောက်ကောင်းမှန်းမသိဘူး။ တစ်ယောက်ကို နှစ်ခွက်လို့ထင်တာဘဲ ဆွဲပစ်လိုက်တယ်။ (ကောင်းထှာ)
လာသမျှလူ အယုတ်အလတ် အမြတ်မရွေး အကုန်တိုက်တယ်။ မြက်ခုတ်တဲ့ မူတူးလဲ လာသောက်တယ်၊ အမှိုက်ကောက်နေတဲ့ အာပနားလဲ လာတန်းစီတယ်။ လမ်းလျှောက်တဲ့ အန်ကယ်ကြီးတွေလဲ မယောင်မလည်နဲ့ လာသောက်ကြတယ်။ ဒီတော့ ကျွန်တော်တို့ သုံးယောက်လဲ ဘာကြည့်နေရဦိးမလဲ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်။ ပြီးတာနဲ့ အနီးအနားက မြက်ခင်းစိမ်းစိမ်းမှာ ကျွန်တော့တို့ အထဲက မော်ဒယ်ပိန်ပိန်ပါးပါး ကောင်လေးကိုဘဲ အမျိုးမျိုး ချော့မော့ပြီး ဓါတ်ပုံရိုက်ရတာပေါ့။ သူ့ထိုင်ခိုင်းပြီး နောက်က တရုတ်မလေးတွေ ခိုးရိုက်ရတာပေါ့။ (ခွိ)
အင်မတန်လှတဲ့ သားနေကြာခင်းလေး တွေ့တာနဲ့ ငုတ်တုပ်ထိုင်ပြီး ရိုက်ခဲ့သေးတယ်။ (အမှန်တော့ စကောဝိုင်းလောက်ဘဲ ရှိတဲ့ ပန်းခြုံလေးပါ။) Hort Park က တကယ်တော့ ကျွန်တော့ အမြင်မှာတော့ ပန်းခြံနဲ့ မတူဘဲ ကလေးကစားကွင်းနဲ့သာ တူနေပါတယ်။ ကစားစရာမျိုးစုံရှိသလို ကလေးတွေ စိတ်ဝင်စားမယ့် အရုပ်မျိုးစုံလဲ ချထားတာတွေ့ခဲ့ရတယ်။ အဲဒီကလေးတွေ အကြိုက်လုပ်ထားတဲ့ ပန်းခြံထဲမှာလာပြီး မင်္ဂလာဆောင် ဓါတ်ပုံလာရိုက်တဲ့ လူတွေကလဲ ရှိသေးတယ်ဗျ။ ရှေ့ဆောင်လမ်းပြလာလုပ်တာ ဖြစ်ရမယ်။
ံHort Park ဟာ ရှေကပန်းခြံများလို စိမ်းလန်းစိုပြေနေတာ မဟုတ်ဘဲနဲ့ နေပူကျဲကျဲမှာ ကလေးတွေ ကစားဖို့ကောင်းသလောက်ဘဲ တွေ့ခဲ့ပါတယ်။ အဲဒီနေရာကို ကျော်လာခဲ့တာနဲ့ အားလုံးမျှော်လင့်စောင့်စားနေတဲ့ Alexandra Arch သို့တက်သော လှေကားရင်းကို ရောက်ပေါတော့တယ်။
ဒီနေရာကို လာခဲ့ချင်နေတာ ကြာပြီ။ ၅၁ စီးပြီး အဲဒီလမ်းမဖက်ရောက်ရင် တံတားကြီးဆောက်နေတာကို တွေ့ကထဲက စိတ်ဝင်စားပြီး သွားချင်နေတာ။ ခုမှဘဲ အကြောင်းတိုက်ဆိုင်တော့တယ်။ ခုနက ပန်းခြံထဲမှာ ဓါတ်ပုံအရိုက်ခံနေကြတဲ့ လင်မယား အသစ်စက်စက် တစ်စုံတွဲ တိတိဟာလည်း ဒီတံတားကြီးပေါ် ရောက်လာပြန်သေးတယ်။
ဗိသုကာလက်ရာကြောင့်လို့ ပြောရမလား၊ ကိုယ်သွားချင်နေတဲ့ နေရာကို ရောက်သွားလို့ ကြည်နူးသွားတာလား၊ ဘာမှန်းသေချာမသိတဲ့ ပီတိလှိုင်းအဟုန်ကို ပြောမပြတတ်တော့ဘူး။ ဒီတော့ ပုံတွေခဏကြည့်လိုက်နော်။
နှစ်ယောက်သောသူတွေကတော့ ကင်မရာသမားကို မစောင့်ဘဲ ရှေ့ကနေ ခက်သွက်သွက် ချီတက်နေကြတဲ့ အတွက် ပါတ်ဝန်းကျင်ကို ယစ်မူးမနေနိုင်ဘဲ ခက်သွက်သွက် နောက်ကနေလိုက်ရပြန်ပါတယ်။ ရှေ့လျောက်တွေ့ရတာကတော့ စိမ်းလန်းစိုပြေနေတဲ့ သစ်တောကို အပေါ်စီးကနေ ကြည့်နိုင်တဲ့ ဘဝသံသရာတံတားကြီးပါဘဲ။ သစ်ပင်အဖျားလေးတွေကို သေချာကြည့်နိုင်တယ်။ လေတဖြူးဖြူးခံစားနိုင်တယ်။
လမ်းတစ်လျှောက်ကတော့ ခုပုံမှာမြင်တဲ့အတိုင်း အပင်တွေကြားထဲမှာပါဘဲ။ Alexandra Road နဲ့ဖြေးဖြေးချင်း ဝေးလာတဲ့ အခါမှာတော့ မြို့ပြရဲ့ အငွေ့အသက်တွေ ပျောက်သွားပြန်ပြီး တောထဲတောင်ထဲ ပြန်ရောက်သွားပြန်ပါတယ်။ သွားရင်းလာရင်း စိတ်ကူးထဲပေါ်လာတာကတော့ ကျိုက်ထီးရိုးတောင်မှာ ဒီလိုလမ်းသာ ဖောက်လိုက်ရရင် ဒီထက်ပိုကြည့်လို့ ကောင်းမှာဘဲလို့ပေါ့။ တစ်ယောက်ထဲ နောက်ကျန်နေခဲ့လို့ ဟိုနှစ်ယောက်ဆီ အမှီကူးမိတာမှာတော့ သူတို့ဘာတွေပြောနေကြလဲ ဆိုတော့ ရောက်နေတဲ့ နေရာမှ အားမနာ၊ Jbuilder အကြောင်းတဲ့၊ C++ တဲ့၊ IDE တွေအကြောင်းတဲ့ အသာလေး နောက်ပြန်ဆုတ်နေလိုက်တယ်။ ဒီနေ့တော့ သဘာဝအလှကို ခံစားတော့မယ်။ ဒါတွေက သူရို့လူငယ်တွေ အားရပါးရ လုပ်ရမယ့်ကိစ္စတွေ တို့တော့ ပင်ပန်းသွားပြီ။
ဒါက တစ်ပင်ထည်း ရင်ထဲကနွယ်။ တို့လူကြီးတွေက ဒါမျိုးဘဲ စိတ်ဝင်စားတော့တယ်။ (ဟိဟိ) ကြည့်စမ်းပါဦး။ လှမ်းနေလိုက်တဲ့ သူ့ခြေလှမ်း ရှေ့ကို အားမာန်ပါပါနဲ့ တိုးထွက်နေတာ။ ကျွန်တော်လဲ သူ့လို လွတ်လပ်ချင်လိုက်တာဗျာ။ လေအသွဲ့မှာလည်း နွဲ့နွဲ့သွားလိုက်သေးတယ်ခင်ဗျ။ ရင်ထဲကနွယ်ကို ခံစားနေတုန်း ရှေ့ကိုကြည့်လိုက်တော့ ဆရာနှစ်ယောက်စောင့်နေလို့ နွယ်ကလေးကို နှုတ်ဆက်ခဲ့ပြီး ရှေ့ဆက်ရပြန်တယ်။ ကိုယ်တစ်ခေါက်ပြန်လာခဲ့ဦးမယ် နွယ်။ (ဟမ်!)
သူတို့သိပ်ရက်စက်ကြတယ်၊ နွယ့်အနားက အတင်းခေါ်သွားပြီး Henderson Waves နားရောက်ခါနီး လမ်းကြောအရောက်မှာ တစ်ရောက်သောသူက လျောက်လမ်းကို လျောက်နေရတာ စိတ်မရှည်တော့ဘူး ဆိုလာသဖြင့် အကွေ့အကောက်များများရှိတဲ့နေရာအရောက်မှာ ဖြတ်လမ်းတဲ့ မတ်စောက်စောက် လှေခါးထစ်ကျဉ်းကျဉ်း အထစ် ၅၀/၆၀ လောက်ကို တက်အပြီးမှာတော့ အပေါ်ဆုံးကို ရောက်ပါတော့တယ်။ တကယ်ကို ရင်မှာလှိုက်ဖိုရပါတယ်။ မောတာကို စာဖွဲ့ပြရမှာတောင် ပြန်မောနေတဲ့ အတွက် ပြောမပြတော့ပါဘူး၊ အကယ်လို့ရောက်ခဲ့ရင် အဲဒီဖြတ်လမ်းကသာ တက်ကြည့်လိုက်ပါ။
ဒီနေ့အပြီးရေးလိုက်ရကောင်းမလား။ ဆက်ရန်လုပ်လိုက်ရကောင်းမလား။
နောက်ဆုံးတော့ ဇွဲရှိခြင်းရဲ့ အကျိုးကျေးဇူးအနေနဲ့ ပန်းတိုင်ကို လှမ်းနိုင်ပါတော့မယ်။ ဒါကတော့ Henderson Waves ရဲ့ အစ လမ်းပြမျှားဖြစ်ပါတယ်။
ပုံမှာပြထားတဲ့ ထိုင်ခုံလေးတွေမှာ ခဏထိုင်ပြီး တထောက်နားရပါသေးတယ်။ အသက်တွေကလည်း ကြီးပြီမဟုတ်လား။ တံတားပေါ်ရောက်တော့ နေ့လည် ၁၂နာရီထိုးခါနီးနေပါပြီ။ မနက် ၁၀နာရီစွန်းစွန်းကနေ တောက်လျှောက် လျှောက်လာလိုက်တာ၊ လမ်းဖြောင့်ဖြောင့်ကြီးမှာ လျှောက်စမ်းဆို ဘယ်လျှောက်နိုင်မလဲ၊ ပါတ်ဝန်းကျင် အလှအပတွေရဲ့ လှည့်ဖျားမှုကြောင့်သာ ဒီခရီးနီးခဲ့တာပေါ့။
နောင်လာနောက်သားတွေ သွားချင်ကြတယ်ဆိုရင် လှတပတ အလန်းလေးတွေတော့ ခေါ်သွားဗျ။ ဘာရယ်ညာရယ်မဟုတ်ဘူး အမောပြေတာပေါ့။ (အမ်)
ခုတော့ ဘယ်လိုမှ ရင်ခုန်စရာမကောင်းတဲ့ လူတွေနဲ့ အတူသွားရတော့ ကိုယ့်ဘာသာ ခြေလှမ်းမှန်မှန်လှမ်း လေကလေး နားနားရှုရင်းနဲ့ အမောခံနိုင်အောင် ကြိုးစားရင်း ဒီခရီးကို ရောက်ခဲ့ရတယ်ပေါ့လေ။ ဘာဘဲဖြစ်ဖြစ် အကြမ်းအတမ်းခံနိုင်တဲ့ လူတွေချည်းသွားတော့လဲ နောက်ဆံငင်နေစရာတော့ မလိုဘူးပေါ့လေ။ တစ်ယောက်သောသူကလဲ သူ၏မန်းတက္ကသိုလ် ကျောင်းသားဘဝတုန်းက တောင်ပေါင်းများစွာကို မိန်းခလေးတွေနဲ့ ဘယ်လိုသွားခဲ့ကြောင်းကိုလဲ သည်းခံပြီးတော့ နားထောင်ပေးရသေးတာပေါ့လေ။
ရောက်ပါပြီခင်ဗျာ။ ပရိတ်သတ်ကြီး စောင့်မျှော်နေတဲ့ Henderson Waves ဆိုတာရဲ့ အစခရီးပါ။ ကျွန်တော်တို့ဆီက သစ်ဘယ်နှစ်ပင် ပါသွားလဲမသိနိုင်ဘူး။ အတော်တော့ အကုန်ခံပြီး ဆောက်ထားပါတယ်။
ရှုစားပါ အဆွေ၊ အားရပါးရရှုစားသွားပါ။ စိတ်ကူးလေးနဲ့ လေထဲပျံဝဲ ကြည့်လိုက်စမ်းပါ။ သင်ပျံဝဲနေရင် ကျွန်ုပ်ပျံဝဲနေရသလိုပါဘဲ။
နော့ ကြည့်ပါဦး။ ဒီသစ်တွေကို ဗမာပြည် သစ်တောထဲက တစ်ပင်လေးတောင် မပါဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ဒီလိုနဲ့ဘဲ နေ့လည် ၁၂နာရီတီးသွားပြီဖြစ်လို့ နေပူကျဲတဲမှာ ဘယ်လိုမှ ကဗျာမဆန်နိုင်တော့ဘဲ နို့ညာပန်းတိုင်ဖြစ်တဲ့ Mount Faber ရှိရာဆက်လက် ချီတက်ခဲ့ကြတယ်ပေါ့ခင်ဗျာ။
ဒီခုံလေးတွေမှာ ထိုင်ခဲ့ကြတယ်၊ အကြွေစေ့မပါကြလို့ မှန်ပြောင်းကို မချောင်းလိုက်ရဘူး။ အဲဒီမှာ စတုတ္ထအကြိမ် ရေကိုင်တယ်၊ ခြေထောက်သွေးကြတယ်ဆိုပြီး မိုးပြိုမှာကြောက်တဲ့ ငှက်တွေလို ခြေထောက်တွေကို ရှေ့က သံပန်းမှာတင်ပြီး ခြေပစ်လက်ပစ် နားခဲ့ကြတယ်။ ခါးမှာချိတ်ထားတဲ့ ခြေလှမ်းတိုင်းတဲ့ မီတာလေး ကြည့်မိတဲ့ အခါမှာတော့ ခြေလှမ်း ၁၃၀၀၀ ကျော်လှမ်းပြီးခဲ့ပြီတဲ့လေ။ အဲဒီမီတာကလဲ ဇတ်လမ်းနဲ့။ နိုင်ငံခြားကို ထွက်လာတော့ ချစ်သောဖခင်ကြီးက သားမောင် မင်းအလုပ်က အမြဲထိုင်နေရတာဆိုတော့ တစ်နေ့တစ်နေ့ကို ကျမ်းမာရေးနဲ့ ညီညွတ်စေရန် ခြေလှမ်း ၃၀၀၀ ကနေ ၆၀၀၀ အတွင်းလှမ်းပေးရတယ် ဆိုတဲ့အတွက် မမေ့မလျော့ မပေါ့မဆဘဲ ခြေလှမ်းများလှမ်းနိုင်စေရန် ထည့်ပေးလိုက်တာဖြစ်ပါတယ်။ သို့သော်လည်း သုံးနှစ်အတွင်း သုညကနေမတက်ခဲ့ရရှာပါဘူး ခမြာလေးမှာ။ သူလဲ ဒီနေ့တော့ ပျော်ပျော်ရွှင်ရွှင်ကြီးကို တာဝန်ကျေစွာ ကောင်တာတွေ တက်ပေးနေပါတယ်။
အဲဒီနေရာမှာ ကွမ်းတစ်ယာညက်ခန့် ဗေဒင်အကြောင်း ပြက္ခဒိန်အကြောင်းများကို အာရွှီးပြီးတဲ့ သကာလ၊ ဗိုက်လဲဆာလှပြီဖြစ်တာကြောင့် နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ Vivo City ဘက်ဆီ လှမ်းခဲ့ကြပါတော့တယ်။ နေရစ်တော့ မောင့်ဖေဘာ။
ဒါကတော့ စင်ကာပူလာတဲ့လူတိုင်း အမှတ်တရစီးသွားကြတဲ့ ကောင်းကင်ကြိုး ကားဖြစ်ပါတယ်။ ဒီနေရာက ဂိတ်စဖြစ်ပါတယ်။ ဂိတ်စကစီးတော့ ဘာဖြစ်သလဲ နေရာရတာပေါ့ကွယ်။ အို မရီနာဘေးက ရထားပတ်စီးတာနဲ့ ရောကုန်ပါပြီလေ။
လမ်းညွှန်နောက်ကို ယုံယုံကြည်ကြည်နဲ့ ဆင်သွားလိုက်ပါတယ်။
တောင်ဆင်းလမ်းလေး အတိုင်းလိုက်သွားလိုက်ရင် အကွေ့အကောက်လေးတွေကို ကျော်ဖြတ်အပြီးမှာတော့ မြို့ပြဟာ မင်းဘယ်ပြေးမလဲ မိချိုသဲဆိုပြီး ကျွန်တော်တို့ကို ကြမ်းကြမ်းတမ်းတမ်း ကြိုဆိုခဲ့ပါတယ်။ ခုလေးတင် ငြိမ်းချမ်းခဲ့၊ အေးဆေးခဲ့၊ စိမ်းလန်းခဲ့တာပါ။
တောလမ်းလေးရဲ့ အဆုံးမှာတော့ Vivo City ဟာ မိတ်ကပ်အဖွေးသားနဲ့ ဆီးကြိုနေပါတယ်။ အပေါ်ထပ်ကို ဆက်တက်ခဲ့ကြတယ်၊ ခရီးစဉ်အရ အပေါ်ဆုံးထပ်က စားသောက်ဆိုင်ခန်းတွေကို ရောက်အောင် "တရွေ့ရွေ့နဲ့ပေါ့ အိုအဆုံးတော့လေ နွမ်းခဲ့သမျှ ငြိမ်းစေမယ်" ဆိုတဲ့ ခင်မောင်တိုးသီချင်းထဲကလိုဘဲ၊ အဲဒီအချိန်မှာ အားလုံးက We Love Food ဖြစ်ကုန်ပါပြီ။
အစားအသောက်တွေလား မရိုက်နိုင်တော့ပါဘူး။ စားမယ်ဝါးမယ်ဆိုတာဘဲ သတိရတော့တယ်။ ငါးစပါဂတီစားတယ်၊ မှိုဟင်းချိုသောက်တယ်၊ အီကြာကွေးတစ်ချောင်း၊ လက်ဖက်ရည် ပေါ့ဆိမ့်တစ်ခွက်သောက်တယ်။ သစ်သီးစုံတစ်ပွဲမှာပြီးစားကြတယ်။ မျက်စိထဲ ချွေးတွေဝင်သွားတော့ ဘာမှသေချာမမြင်ရတော့ဘူး။ နေ့လည် ၂နာရီခွဲမှာတော့ အားလုံး လမ်းခွဲပြီး အိမ်ပြန်လာခဲ့ကြတယ်။
အိမ်ရောက်တော့ မီတာလေးကိုဖြုတ် အနားပေး စစ်ဆေးလိုက်တာ ဒီနေ့ ခြေလှမ်းပေါင်း ၁၅၀၂၀ ပါတဲ့။ ပေါင်းချင်း ၉ ဖြစ်အောင် နောက်တစ်လှမ်းလောက်လှမ်းလိုက်ရကောင်းသား။
ဤတွင် ခရီးသွားခြင်း ပြီး၏။