Mount Faber သို့ခြေလှမ်း ၁၅၀၀၀

အင်မတန်နေသာပြီး သာယာလှပတဲ့ စနေနေ့တစ်နေ့မှာပေါ့။ စိတ်တူကိုယ်တူ (တစ်ယောက်သောသူကတော့ ပိန်ပါတယ်) လူသုံးယောက်ဟာ အနောက်ကနေ အရှေ့ကို လမ်းလျှောက်ထွက်ဖို့ စိုင်းပြင်းနေကြတယ်။ ကြိုတင်ချိန်းဆိုထားတဲ့ ဂျိုရောင်းအရှေ့ ဘူတာမှာ မနက် ၈နာရီဆုံကြပြီးတော့ မန်းမြို့တော်ပေါက်စီနဲ့ ကော်ဖီသောက်ပြီးတဲ့အခါမှာ ၈နာရီခွဲကျော်သွားပြီ။ အဲဒီကနေမှတဆင့် ကားနံပါတ် ၅၁ ကိုစီးလို့ ကျွန်တော်တို့ရဲ့ ခရီးကို စခဲ့ကြပါတော့တယ်။

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ကွမ်းတစ်ယာညက်ခန့် ကားစီးပြီးသောအခါ ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်မှ ဆင်းကြစို့ဆိုသောကြောင့် ဆင်းပြီးသကာလ ကားမှတ်တိုင်မှ မန္တလေးအထွာ တစ်ပြခန့်လမ်းဆက်လျှောက်သော် Kent Ridge Park အဝင်ဝသို့ရောက်လေသည်။ ခန့်မှန်းခြေ မနက် ၁၀ နာရီထိုးလုလု ပင်ဖြစ်သည်။ ရာသီဥတုမှာ အတော်ပင် သာသာယာယာ ရှိလှသည်။

ကျွန်တော်တို့၏ ခရီးစဉ်အစပင်ဖြစ်တော့သည်။ ခရီးစဉ်မှာ Kent Ridge Park မှနေ၍ Mount Faber ထိုမှတဆင့် Vivo City အထိဖြစ်သည်။

ဒါကတော့ ခရီးစဉ် လမ်းကြောင်းပြ မြေပုံပင်ဖြစ်သည်။ လမ်းတစ်လျှောက်တွင် ပန်းခြံများကို ဆက်စပ်ဖောက်လုပ်ထားသဖြင့် Kent Ridge Park, Hort Part, Telok Blangah Hill Park ထိုမှတဆင့် Alexandra Arch နှင့် Henderson Waves တို့သို့ဆက်သွားရန်ဖြစ်သည်။ နံနက်ခင်းသည် လေပြေလေညင်းလေးများဖြင့် အလွန်လှပနေတော့သည်။

ပန်းခြံတစ်ခုလုံးတွင်လဲ ပန်းတွေပန်းတွေ အဆုပ်လိုက် အခိုင်လိုက်ပွင့်နေကာ ပန်းရနံ့များဖြင့် မွေးကြိုင်လို့နေပါတယ်။ အဲဒီထဲကမှ အပင်ကြီးတစ်ပင်ရဲ့ အုပ်ဆိုင်းသာယာနေပုံကတော့ ရှေ့ဆက်လမ်းမလျှောက်ချင်တော့ဘဲ အပင်အောက်မှာသာ လှဲအိပ်လိုက်ချင်စရာ ကောင်းလှပါတယ်။

 နေသာတယ် သို့သော် ပါတ်ဝန်းကျင်ဟာ အေးချမ်းတိတ်ဆိတ်ပါတယ်။ ကျွန်တော်တို့ သဘာဝအလှကို မျက်တောင်တစ်ခတ်လောက် ငေးမောပြီးတဲ့ အခါမှာတော့ ရှေ့ဆက်ရမယ့် ခရီးရှည်အတွက် စတင်လမ်းလျှောက်ရပါပြီ။

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ဒီနေ့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကိုက လမ်းလျှောက်မယ် ဟိုဟိုဒီဒီကြည့်မယ် လမ်းလျှောက်ရင်း စကားပြောကြမယ်ဆိုတော့ သုံးယောက်သား စကားတစ်ပြောပြောနဲ့ သွားကြပါတယ်။ ကျွန်တော်ကတော့ ကင်မရာတစ်လုံး ထမ်းလာမိတော့ ဟိုဟိုဒီဒီ လျှေက်ရိုက်ရပါသေးတယ်။ kent Ridge Park ထဲမှာကိုဘဲ တောင်ကုန်းလေးတွေ အတက်အဆင်းနဲ့ ခဏအကြာမှာတော့ ချွေးတွေလဲ စတင်ထွက်စပြုလာပါပြီ။ ဒါနဲ့ဘဲ ပထမဆုံးအကြိမ် ရေဘူးဖွင့်ဖို့ ခဏထိုင်ကြပါတယ်။ 

ဒီလိုနဲ့ ပန်းခြံထဲက အမြင့်ဆုံးတောင်ကုန်းကလေးပေါ်မှာ ခဏထိုင်ကြပါတယ်။ ပထမအကြိမ် ရေကိုင်အပြီးမှာတော့ Canopy Walk ကိုသွားရန်အတွက် တောလမ်းကလေးကနေတဆင့် ခရီးဆက်ကြပြန်ပါတယ်။

အခုတောလမ်းကလေးကို ရောက်တော့ လူတွေစတွေ့ရပါပြီ။ လမ်းလျှောက်တဲ့လူ အပြေးလေ့ကျင့်တဲ့လူ ခွေးလမ်းလျှောက်ပေးတဲ့လူနဲ့ အတန်အသင့် စည်ကားလာပါပြီ။ တချို့လဲ မိသားစုလိုက် တချို့လဲ ကလေးတွန်းလှည်းလေးတွေနဲ့ မြို့ပြကနေ တောတန်းဘက်ဆီကို ခရီးဆန့်နေကြပါတယ်။ ငှက်သံလေးတွေကလဲ စီစီညံညံနဲ့ တော်တော်ဘဲ သာသာယာယာပါ။

နောက်ဆုံးမှာတော့ ကျွန်တော်တို့ သစ်တောကလေးရဲ့ အပေါ်ကနေ ဖြတ်ဖေါက်ထားတဲ့ သစ်သားတံတားလေးဆီကို ရောက်လာပါတော့တယ်။

သစ်သားတံတား တစ်လျှောက်ဘေးတစ်ဖက်မှာလဲ ပန်းတွေပွင့်နေလိုက်တာဟာ လမ်းတောက်လျောက်ကို မွှေးနေတော့တာပါဘဲ။

"တောင်တောရယ်သာ မာလာကငုံဖူး တစ်ပင်ကို နှစ်ပင်ယှက်တယ် ကျေးငှက်ကမြူး" ဆိုတဲ့ ငယ်ငယ်က သင်ခဲ့ရတဲ့ ကဗျာကလေးကိုတောင် ပြန်သတိရမိပါသေးတယ်။ မြို့ပြအလည်မှာ အခုလို တောအုပ်ကို ထိမ်းသိမ်းထားတာကိုတော့ အတော်ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ အခုဆိုရင် ကျွန်တော်တို့ဟာ ပန်းခြံနှစ်ခုကို ဆက်သွယ်ပေးထားသော တံတားပေါ်မှာ ရောက်နေပါပြီ။ တံတားပေါ်ကနေ လှမ်းကြည့်မယ်ဆိုရင် အလက်ဇန္ဒရား လမ်းပေါ်က AIA Building ကိုလှမ်းမြင်ရပါတယ်။

 ဒါကတော့ AIA Building နဲ့အပြိုင် တွဲရရွဲကျနေတဲ့ ဆင်တုန်းမနွယ်တွေဖြစ်ပါတယ်။(ဟမ်!)  နက္ခတ္တရောင်ခြည်မှာ သူများရိုက်ရိုက်ပြတာတွေ သတိရသွားတာနဲ့ သွားရင်းလာရင်း အမိအရရိုက်လာခဲ့တာပါ။

သူကလေးကတော့ တစ်လမ်းလုံး မောရမှန်းမသိအောင် မွှေးကြိုင်ပေးနေတဲ့ အမည်မသိပန်းတစ်မျိုးဘဲ ဖြစ်ပါတယ်။ ပန်းကျွမ်းကျင်သူများ အကဲဖြတ်ကြပါကုန်။

(ဆက်ပါဦးမည်။)

အပိုင်း (၂) ဖတ်ရန်

Tags : ,
39,611 views