အပြာနုရောင်ဖြစ်ချင်သော …

မနက်ဖြန်ဟာ အားလုံးမျှော်လင့်တကြီးစောင့်ဆိုင်းနေသော အများပြည်သူချစ်သော သောကြာနေ့ဖြစ်ပါတယ်။ ကျွန်တော့အတွက်တော့ အပြာနုရောင်ဟုတ်ပါ့မလား။

မနက်ဖြန်ဟာ စင်ကာပူမှာ GCE A-Level Exam Result ထွက်ပေးမည့်နေ့ဖြစ်ပါတယ်။ မောင်ဒီဘီ မင်းနဲ့ဘာဆိုင်သလဲကွယ်မေးရင် ဟုတ်ကဲ့ မနှစ်ကအထိတော့ မဆိုင်ခဲ့ပါဘူး။ ယခုလက်ရှိအလုပ်က Future School Pilot Project ရထားတော့ ကျောင်းတွေကို ကွန်ပျူတာစနစ်တွေသုံးဖို့ ရောင်းထားတော့ကာ သက်ဆိုင်ရာကျောင်းတွေရဲ့ အောင်စာရင်းတွေကို ကွန်ပျူတာစနစ်ကနေထုပ်ပေးရပါတော့မယ်။ MOE ကနေမနက် ၈ နာရီမှာ အောင်စာရင်း အကြမ်းကို သက်ဆိုင်ရာကျောင်းတွေကို ထုပ်ပြန်ပေးမှာဖြစ်ပြီးတော့ သက်ဆိုင်ရာကျောင်းတွေကနေ အသီးသီးဆက်လက်ထုပ်ပြန်မှာက နေ့လည် ၁ နာရီဖြစ်ပါတယ်။

ဒီနေရာမှာ ကျွန်တော့်အတွက် အပြာနုရောင် သောကြာမဖြစ်နိုင်တော့ဘူးဆိုတာလာပါပြီ။ ကျောင်းတွေက မနက် ၈ နာရီမှ ၁၀ နာရီအတွင်း အရေးတကြီးလိုအပ်သော Reports များကို ကွန်ပျူတာစနစ်မှ အဆင်သင့်မထုပ်ပေးနိုင်တာမျိုးရှိလာပါက ကျွန်တော်တို့က ချက်ချင်းပြုစုထုပ်ပေးရမယ်ဖြစ်ပါတယ်။ နောက်ပြီးတော့ စနစ်မှာ အဆင်မပြေတာတွေရှိလာရင်လဲ ဒီ၂ နာရီအတွင်းမှာ အဆင်ပြေချောမွေ့သွားအောင် ပြင်ဆင်ကူညီပေးရမယ်ဖြစ်ပါတယ်။ ကျွန်တော့် အတွက်တော့ စိမ်ခေါ်မှုကြီးပါဘဲ။ လုပ်ခဲ့ဘူးသမျှ အတွေ့အကြုံမှာ ခုလို အချိန်အကန့်အသတ်နဲ့ ဖြေရှင်းပေးရမယ်လို့ တစ်ခါမှ မကြုံဘူးသေးပါဘူး။ ကျွန်တော် စိတ်တွေလှုပ်ရှားနေတယ်ဗျာ။

ဒီနေ့ညနေတော့ ပဏာမအနေနဲ့ တချို့ကျောင်းတွေက သဘောကောင်းစွာ ညနေကထဲက နက်ဖြန်လိုချင်တဲ့ Report ကိုပို့လာတယ်။ စနစ်မှာ အသင့်မပါတာဖြစ်လို့ ကျွန်တော်တို့ အဖွဲ့ထိုင်လုပ်နေရတာ ည၉နာရီထိုးမှ ပြန်ကြရပါတယ်။ ဒီနှစ်ကျောင်းလေးကျောင်း ထောက်ပံ့ရမှာဖြစ်လို့ လူလေးယောက်တာဝန်ခွဲယူထားရပါတယ်။ တိုတောင်းလှတဲ့ အချိန်အတွင်းမှာ သူ့မကူနိုင် ကိုယ့်မကူနိုင်ဖြစ်နေမလားလဲ တွေးပူနေမိတယ်။ ကျွန်တော်လဲ ဘုရားရှိခိုးအမျိုးမျိုးကို အကုန်တော့ ရွတ်နေတာပါဘဲ။ ဘုရားသကြားမလို့ အားလုံးအဆင်ချောပါစေဗျိုး။

အရင်ကဆိုရင် သောကြာနေ့ရောက်ရင် ပျော်ပါတယ်။ ခုတော့ ရင်ခုန်နေတယ်ဗျာ။ ရင်ခုန်ရင် အချစ်လို့ ဘယ်သူများပြောကြတာပါလိမ့်။ အနီရင့်ရင့် သောကြာမဖြစ်ရင်ဘဲ ကျေနပ်ပါပြီ။

 

Tags :
14,011 views