ပြောင်းကြပြန်ပြီဟဲ့ ..တစ်ခေါက်
လမ်းအထွက်များတဲ့လူ ခရီးအထွက်များတဲ့လူဆို ခြေထောက်မှာဗွေပါသလားလို့ မေးတတ်ကြပါတယ်။ သဟာလိုဆိုရင်ဖြင့် ကျွန်တော်ဟာ ကျောမှာဗွေပေါက်နေတာလား မသိ။ ဒီနှစ်အတွင်းမှာ ၂ ခါအိမ်ပြောင်းရပါပြီ။ အခုလက်ရှိနေတဲ့အိမ်မှာ လေးလကြာနေပြီးသကာလ ရေကြည်ရာမြက်နုရာဆိုသလိုဘဲ နေရာပြောင်းရပါဦးမယ်။
အရင်နေခဲ့တဲ့အိမ်မှာ တရုတ်ကောင်လေးတစ်ယောက်နဲ့ အတူနေခဲ့တာဆိုတော့ သူက ညညဆိုရင် သူ့ဘော်ဒါတွေခေါ်ခေါ်လာပြီး မာဂျောင်းကစားတယ် ပြီးရင် ဧည့်ခန်းမှာ တန်းစီပြီးအိပ်ကြရော။ မနက်မိုးလင်းလို့ ရုံးမသွားခင်ကိုယ်က ဘုရားရှိခိုးတော့မယ်ဆို စိတ်ကမလွတ်လပ်တော့ဘူး။ တစ်ခါတစ်လေလည်း သူ့မိန်းခလေးသူငယ်ချင်းနဲ့ အခန်းထဲတစ်နေကုန်ဝင်နေကြပြီး ငြိမ်သက်နေကြပြန်ရော (တရားထိုင်နေကြသလား မသိဘူးနော်)။ ညညဆိုလဲ ဂိမ်းကစားတတ်သူလေးဟာ သူ့ကောင်မလေးရောက်နေရင် လိမ်လိမ်မာမာနဲ့ စောစောအိပ်ယာဝင်တတ်သေးသဗျ။
သူ့အမေကြီးနဲ့ သဘောတူစာချုပ်မှာ ထမင်ဟင်းချက်ပြုတ်စားကြဖို့ ခွင့်ပြုထားပြီးဖြစ်သော်လည်းဘဲ မီးဖိုခန်းနဲ့ အဝတ်လျှော်ခန်းက နီးနေတာရယ် ကောင်လေးကလဲ တစ်ပါတ်တစ်ခါ အဝတ်လျှော်ပြီးရင် တစ်ပါတ်လောက် အဝတ်မရုပ်ဘဲပစ်ထားတတ်တာရယ်နဲ့ အဝတ်များမှာ ဟင်းနံ့ရပါတယ်ဆိုပြီး သူ့အမေကို ကွန်ပလိမ်းတက်ပါတယ်။(ပလိန်းတွေထဲမှာ ကစွန်းပလိန်းလောက်မကောင်းသော ကွန်ပလိန်းပေါ့)။ သူ့အမေကြီးကတော့ သူ့သား မောင်တစ်ရုတ် အနံ့ခံသိပ်ကောင်းကြောင်း၊ ပြီးတော့ တော်ရုံအနံကို မခံနိုင်ကြောင်းတော့ ပြောထားပြီးသားဖြစ်ပေမည့် သူ့သားအကဲပိုမှန်းလဲ သိနေတဲ့အတွက် ကျွန်တော့ကို အပြစ်မပြောရှာပါဘူး။
ဒီလိုနဲ့ သုံးကြိမ်လောက် ကွန်ပလိန်းပြီးတဲ့အခါမယ်တော့ အဘွားကြီးဟာ ဝမ်းပန်းတနဲပြောလာရှာပါတယ်။ သူ့သားကိုလည်း သူ့အိမ်ပြန်ခေါ်တော့မှာ ဖြစ်တဲ့အပြင် ဒီအိမ်ကိုလဲ သူ့အစ်ကိုတော်ကြီးက လက်ရှိနေနေသော ကွန်ဒိုမှ အဆင့်လျှောပြီး ပြန်ဆင်းလာမှာဖြစ်တဲ့အတွက် အိမ်ပြောင်းပေးဖို့ပါ။ မျှော်လင့်ပြီးသားစကားတွေဖြစ်တဲ့အတွက် သိပ်မအံ့သြခဲ့ပါဘူး။ အံ့သြသွားတာက သူအိမ်ရှာပေးပါ့မယ် အေးဂျင့်ခလဲသူဘဲပေးပါ့မယ်တဲ့။ ကျွန်တော်ကလည်း ဒီတစ်ခါတော့ သူရှာပေးလျှင် ခုလိုတရုတ်အိမ်တွင်သာနေရဦးမည်ဖြစ်ပြီး ဒီထမင်းဟင်းကိစ္စတွေထပ်ဖြစ်လာနိုင်တာကြောင့် မြန်မာများနှင့်သာ ပြန်လည်နေကြည့်ရန် စိတ်ကူးရတာကြောင့် ကိုယ့်ဘာသာရှာပါမည့်အကြောင်း အကြောင်းပြန်လိုက်ရပါတယ်။
ဒီလိုနဲ့ အိမ်ရှာခြင်းအမှုကို နှစ်ပါတ်လောက် အပြင်းအထန်ပြုလုပ်ပြီးသကာလ (အတွေ့အကြုံများကို ရေးပါဦးမယ်) ယခုနေမည့် အခန်းကိုရပါတော့တယ်။ အစကတော့ တစ်အိမ်လုံးငှားပြီး လူရှာတင်ဖို့စိတ်ကူးမိသော်လည်းဘဲ လူထက် အခန်းများပိုနေသော ကာလကြီးဖြစ်ရကား ခဏတော့စောင့်ကြည့်ဦးမှပါဆိုပြီး အခန်းတစ်ခန်းကိုသာ ငှားလိုက်ပါတယ်။ စာရင်းချုပ်သော် ယခင်အိမ်ဟောင်းမှ အဖွားကြီးက အိမ်ရှာခဟုဆိုကာ အခန်းငှားခ၏ တစ်ဝက်ကို အေးဂျင့်ခ အနေဖြင့်ပေး၍ သူ၏အိမ်မှ Light Truck ကားဖြင့် အိမ်ပြောင်းသောနေ့တွင် လိုက်ပါပို့ဆောင်ခဲ့ပါတယ်။ (ဘယ်လောက်ကောင်းတဲ့ အိမ်ရှင်လဲနော် ကျွန်တော်တော့ မတွေ့ဘူးပါဘူး။
မနေ့ကတော့ အောင်မြင်စွာနဲ့ အိမ်ပြောင်းခြင်းအမှုကို ပြီးစီးခဲ့ပါတယ်။ ယခုနေမည့် အိမ်အနီးအနားတွင်နေသောမမီမှ သတင်းကြားသဖြင့် အိမ်ရွှေ့ခြင်းအမှုကို လာရောက်ကူညီသွားပါတယ်။ ပထမတစ်ခါအိမ်ရွေ့တုန်းက လိုက်ပါကူညီခဲ့သူများမှာ စနေအလုပ်ဆင်းရသဖြင့် ဘယ်သူ့ခေါ်ရတုန်းဟု စိတ်အိုက်နေဆဲ ရုံးမှညီမလေး အိဝေဖြိုးက ကူညီပါရစေ ကူညီပါရစေရှင့် ဆိုလာသဖြင့် ရေငတ်တုန်းရေတွင်းထဲကျသလို အားရဝမ်းသာ လက်ခံလိုက်ရပါတယ်။ ယခင်အကြိမ်အိမ်ပြောင်းတုန်းက လိုက်မပို့လိုက်ရရှာသော နောက်ထပ်သူငယ်ချင်းနှစ်ယောက်မှလည်း ကူညီပါရစေဆိုလာပြန်သဖြင့် လူအင်အားတောင့်သွားပါတယ်။ သို့သော်လည်းပေါ့လေ .. အားလုံးမှာ မိန်းခလေးများချည်းဖြင့်သဖြင့် အိမ်ပေါ်မှ ပစ္စည်းများ အောက်ချသော အမှုတွင် ကျွန်တော်တစ်ယောက်တည်းသာ ဒိုင်ခံသယ်သဖြင့် အိမ်အသစ်ရောက်သောအခါ ပင်ပန်းနေလေပြီ။
အိမ်အသစ်သည် ၅ ထပ်တွင်ရှိကာ ဓါတ်လှေကားမှာ ၆ ထပ်သို့သာရောက်သဖြင့် ကျွန်တော်များ ပင်ပန်းကြပါသည်။ ပင်ပန်းကြကုန်သော မိန်းခလေးမူ့ဗာ(Mover) များကို ကျေးဇူးအထူးပင်တင်ပါကြောင်း ထပ်လောင်းပြောကြားပါရစေ။ အို အသင်တို့ကံဆိုးခြင်းပါပေ။ အနှစ်ချုပ်သော် နေ့လည် ၂ နာရီတွင် အိမ်အတွင်းသို့ ပစ္စည်းများ ပို့ခြင်းလုပ်ငန်းများ ပြီးစီး၍ နေ့လည်စာ ငါးခေါင်းဟင်း၊ ကြက်ချိုချဉ်ကြော်၊ ကန်စွန်းရွက်ကြော်၊ ဘဲကင်များဖြင့် သောက်စားကြပြီးလျှင် အိမ်ပြောင်းခြင်းအမှုကို အောင်မြင်စွာ ပြီးစီးခဲ့ပေသည်။ စိတ်တူကိုယ်တူ အတူနေမည့် သူငယ်ချင်ကောင်း ယောင်းမတို့ရမည်ဆိုလျှင်ကား အကျွန်ုပ်သည် တစ်အိမ်လုံးငှားရမ်း၍ နေထိုင်ဦးမည်ဟု ဆန္ဒရှိနေပေသေးသည်ဖြစ်ရကား အသင်သူငယ်ချင်းတို့ လိုက်ပါပို့ဆောင်နိုင်ရန် ပြင်ဆင်ထားကြပါလော့ ….။
ဟေ့…..
အသစ်လေးနဲ့ပေါ့….(အိမ်..ပြောပါတယ်..)
မိန်းကလေး ၂ ယောက်က TZL နဲ့ MN လား….။ရွှီးကြည့်တာ
အိမ်ပြောင်းရတဲ့ဒုက္ခကို စိတ်အညစ်ဆုံးပဲ။ ကားမငှားရတာကိုက ကိုဒီဘီတော်တော်ကံကောင်းတယ်ပြောရမယ်။ ကျွန်တော့်အမြင်ပြောရရင် ဗမာအိမ်ရှင်ဆိုရင် ကျွန်တော်ဘယ်တော့မှမနေဘူး။ တရုတ်အိမ်ရှင်ဆိုးတယ်ဆိုတာ ဗမာအိမ်ရှင်ကိုမမှီဘူး။ ဒါကြောင့်ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ပဲစုငှားတာကလွဲရင် ဗမာအိမ်ရှင်ဆိုရင်တော့လက်လန်ပဲ။
ဟယ် ..တော်လိုက်တာ ..ဆင်ဆင်ရယ်
ခုအိမ်မှာတော့ အိမ်ရှင်မရှိဘူး။ အိမ်ငှားတွေဘဲစုနေကြတာ။ ဒါပေမယ့် တစ်စိမ်းတွေချည်းတော့ ဖြစ်နေသေးတယ်ပေါ့လေ။
တစိးမ်ဆိုတာ ကြာတေ့လျဲကျက်သွားမှာပေါ့လေ။ အတွှေုအကြုံ တထမ်းကြီး ကို ဆက်စောင့်မယ်။
ကူပြောင်းပေးတဲ့သူတွေရှိ သေးတော့ တော်သေးတာပေါ့။
အိမ်ပြောင်းတာ စိတ်ညစ်ဖို့ ကောင်းတယ်နော် ဘယ်တုန်းက ၀ယ်ထားမိမှန်း မသိတာတွေ တပုံကြီး ထွက်လာတတ်တယ်.. အိမ်သစ်လေးမှာ ကြာကြာနေရပါစေ…
မြန်မြန်ကျက်အောင် မီးဖုတ်လိုက်ပါလား
အခုမှသတိထားမိတယ် ကိုဒီဘီအေပုံက အင်္ကျီတွေဘာတွေလည်းလို့ပါလား ကြောင်လျှာသီးလည်းတပ်ထားပါလားဗျ =-X
တစ်နှစ်လောက်ဒီဝတ်စုံတစ်စုံထည်းဆိုပြီး လဲထားတာ မကြာသေးဘူးဗျ။ နဲနဲများနုသွားမလားဆိုပြီး ကြောင်လျှာသီးတတ်လိုက်တာပါ။ ပြောစရာရှိတာပြောပါ စိတ်မဆိုးပါဘူး။
အင်း…. ဒီတစ်ခါလည်း ပြောင်းပြန်ပါကော ကိုDBA ရေ…
အိမ်ရှာတဲ့ အတွေ့အကြုံတွေ ရေးဦးမယ်ဆိုလို့ မျှော်နေမယ်။ အရင်အနီလိုင်းကနေ ခုတော့ ဘယ်အရောင် ဖြစ်သွားပြန်ပြီလဲ။
အနီလိုင်းမှာပါဘဲ … သုံးဘူတာလောက် ထပ်ရွှေ့လိုက်တာ။
အငှားဘဝတွေကိုး ကိုလင်းဦးရေ … ဘယ်တော့များမှ …. တည်ငြိမ်မလဲမသိပါဘူး။
ဟေးဟေး.. မမီပြောတယ်ဟေ့… ပြောင်းပြီးရင်အကြောင်းကြားနော်..
အနော်တို့လာလည်မယ်…
ဟ ဟ ဟ…ကိုဒီကေဘီအေကံကောင်းပါစေဗျား။
စနေက ပြောင်းပြီးသွားတယ် ကမိုးကြယ်။ လာလည်တော့ရပြီ။
အစစ်ပါနော် .. သေသေချာချာဆုတောင်းပေးသွားလို့ … =-X
မိန်းကလေး မူဗာတွေတဲ့…။ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက ဘော်ဒါနှစ်ယောက် တစ်ရက်စီ ပြောင်းသွားတာ မအားတာနဲ့ ဘယ်လိုမှ လိုက်မကူနိုင်ဘူး။ အားနာလိုက်ထှာ…။ အိမ်ပြောင်းရတဲ့ ဒုက္ခကို ကိုယ်ချင်းစာပါတယ်။ တစ်ခါပဲ ပြောင်းမိတာပါ။ ဘယ်တုန်းက ၀ယ်ထားမိတာ မသိတာလေးတွေ ထွက်လာတယ်…။
ဟုတ်ပ ကိုဘွိုက်စ်။ ပစ္စည်းပုံကိုကြည့်ပြီး စိတ်ပျက်မိတယ်။ အဓိကများနေတာက တန်တယ်ထင်ရင်း ဝယ်ထားရင်းနဲ့ များလာတဲ့ နည်းပညာ စာအုပ်တွေဘဲ (ငယ်ငယ်ကလေ့လာတုန်းက စာအုပ်ငတ်ခဲ့တယ်မဟုတ်လား)။ သူကချည်း ဆာလာအိပ်လေးလုံးရှိတယ်။ အိအိ။ ခုတော့ မဖတ်တော့တဲ့ စာအုပ်တွေ ရန်ကုန်ပြန်ပို့ရမလား စဉ်းစားနေတယ်။
သူငယ်ချင်းတွေကို အားတောင်နာတယ်ဗျ။ အတော်သယ်လိုက်ရလို့
ပြောင်းချင်သလောက်သာပြောင်း လိုက်ကူသယ်မယ် ဒိက ပလုံဖက်ရှင်နယ်မူဗာ အဟိဟိ
ဒါပေသိ ပစ္စည်းတွေ အညားကြီးထပ်ဝယ်ထားနဲ့နော် ကိုကြီးဒီဘီနော်..နော်