Singapore 93

ကနေ့ကတော့ လေဒီဒေးအောက်ပါဘဲ။ ဝယ်သမျှသယ်ဖို့အတွက် ရှင့်ကင်မရာကြီး မယူခဲ့နဲ့ဆိုသဟာကြောင့် ကင်မရာကြီးကို ထားခဲ့ရပါတယ်။ သို့သော်လည်း အပြန်မှာ ကိုယ်က ပစ္စည်းတွေသယ်ရမယ့်အတွက် အသွားမှာကထဲက ရော့မင့်အိတ်ထဲ ထည့်ခဲ့ဆိုပြီး ကင်မရာ သေးသေးလေးတစ်လုံး ပါအောင် သယ်ခဲ့ပါသေးတယ်။ အဲဒါကြောင့်လဲ ဒီပို့စ်ကို အောင်အောင်မြင်မြင်ရေးနိုင်ခဲ့တယ်ဆိုရင် မမှားပါဘူး။

တယ်လီဖုန်းနဲ့ အမြဲရိုက်တဲ့ ဟိုအဒေါ်ကြီးလောက် ပုံထွက်မကောင်းပေမယ့် မှတ်တမ်းချန်ထားလို့ရအောင်တော့ ပုံဖြစ်ပါသေးတယ်။  အင်မတန်ပေါပေါလောလောနဲ့ ရောင်းပေးနေတာပါ။ C (စီ) အကြီးကြီး တွေရေးချယ်ထားတဲ့ အိပ်တွေနား မကပ်နိုင်တဲ့အတွက်  c (စီ)အသေးတွေ ရေးချယ်ထားတဲ့အိတ်တွေကို စိတ်တိုင်းကျဖွပါတယ်။ ကျွန်တော့အတွက် ဝယ်စရာ Lens တွေကုန်သွားရင် သူ့အတွက် C အကြီးတစ်လုံး ဝယ်ပေးလိုက်မယ်လို့ စိတ်ထဲမှာ တွေးနေဖြစ်ပါတယ်။

လမုန့်ရာသီမို့လို့ လမုန့်ကို အားရပါးရရောင်းကြတာပါ။ အဲဒီကနေ ရှေ့ဆက်သွားရင် စာချလို့ရတဲ့ ကွမ်ရင်မယ်တော်ကျောင်းရောက်ပါတယ်။ အလုပ်လာရှာတဲ့လူများ မသွားဘဲမနေနိုင်တဲ့ နေရာတစ်ခုပေါ့။ ဒီကနေ ရှေ့ဆက်မသွားဘဲ ညာဖက်ကွေ့လိုက်ရင်တော့ ဘူးဂစ်လမ်းကြားဈေးထဲ ရောက်သွားမှာပါ။

ဒီရှေ့နားကဆိုင်လေးတွေမှာ ရင်ဘတ်မှာ သဘောကျစရာ စာတမ်းအမျိုးမျိုးထိုးနှိပ်ရိုက်ထားတဲ့ တီရှပ်တွေ တစ်ထည်ကို ၁ဝ နဲ့ရနိုင်ပါတယ်။ ဒီမှာဘဲ ဒီဇိုင်းထွင်ပြီး ရိုက်သလားဆိုတော့ ထိုင်းကမှာတာလို့ပြောပါတယ်။ တော်တော်မြတ်မှာပါ ဟိုမှာဝယ်မယ်ဆို ဘတ်၂ဝဝလောက်ဆို ရပါတယ်။

ရှေ့ကိုမျှော်ကြည့်လိုက်ပါ၊ ဘူးဂစ်လမ်းကြားဈေးကို မြင်နေရပါပြီ။ ရန်ကုန်မှာ ၁၉၉ဝ လောက်က လေဟာပြင်ဈေး၊ ဗိုလ်ချုပ်ဈေးတို့မှာ ဈေးဝယ်သလို ခံစားမှုမျိုးလိုချင်ရင်တော့ ဒီနေရာလေးကိုသွားဖို့ကောင်းပါတယ်။

ဈေးအဝင်ဝမှာတော့ သစ်သီးတန်းတစ်ခုရှိပါတယ်။ အပင်တွေကိုရေလောင်းတဲ့အခါမှာ ပလတ်စတစ်ရေဗူးကို အရည်ဖျော်ပြီး လောင်းခဲ့သလား မဆိုနိုင်ပါဘူး၊ အသီးတွေဟာ ပြောင်ပြောင်တင်းတင်းနဲ့ စားချင်စဖွယ်ရှိလှပါတယ်။ ဝီကီအလိုအရဆိုရင်တော့ ၁၉၅ဝ လောက်ကနေ ၁၉၈ဝ ခုနှစ်လောက်အထိ ဘူးဂစ်လမ်းကြားဟာ ယောကျာင်္းကနေ မိန်းမသို့အသွင်ပြောင်းထားတဲ့ လူတစ်မျိုး ညဖက်စတည်းချရာနေရာပါတဲ့။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံခြားသားများကို မျက်စိကျစေရန် ဆွဲဆောင်နိုင်မယ့် စင်ကာပူရဲ့ အကြီးဆုံး လမ်းပေါ်ဈေးအဖြစ် အကောင်အထည်ဖော်ခဲ့ကြတာပါတဲ့။

ကျိတ်ကျိတ်တိုး ကြက်ပျံမကျ စည်ကားပါတယ်။ နိုင်ငံခြားသားတွေထက် ကျောင်းသားလူငယ် လူရွယ်တွေသာ ဖန်စီလေးတွေ အဝယ်များတယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့တတွေလဲ မြန်မာနိုင်ငံ အလည်မပြန်ခင်မှာ ပေါပေါလောလော လက်ဆောင် လာလာဝယ်နေကြ နေရာပေါ့။ အရင်က အခုမြင်နေရတဲ့ မိန်းလမ်းမကြီးတစ်ခုထဲ ရှိတယ်ထင်နေတာ ဒီနေ့မှာ သေချာမြင်မိတယ်၊ မိန်းလမ်းမကြီးကနေ ဘေးကို လမ်းသွယ်လေးတွေခွဲပြီး ဆိုင်တွေရှိသေးတာပါ။ များသောအားဖြင့်ကတော့ ဖန်စီအထည်တွေ၊ နာရီခပ်ပေါပေါတွေနဲ့ လက်ဆောင်ပစ္စည်းလေးတွေ ရှိပါတယ်။ 

ဈေးလမ်းမအလယ်မှာ တစ်ဆိုင်တည်းသော အအေးဆိုင်ပါ။ ဟိုအဒေါ်ကြီးရိုက်သလို တုန်ဝါးဝါးဖြစ်အောင် မနဲကြိုးစားရိုက်ခဲ့ရပါတယ်။ ဆလံပေး အလေးပြုပါတယ်၊ ဒီလိုအမြဲတမ်းရအောင် မရိုက်တတ်ပါဘူး။ သူတကယ် နှစ်ယောက်မရှိအောင် ရိုက်တတ်တယ်လို့ ဂုဏ်ပြုရမှာဖြစ်ပါတယ်။

မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်တဲ့အနေနဲ့ နှစ်ယောက်သား ပြန်မရတော့မယ့် အခွင့်အရေးတွေကို လွမ်းဆွတ်တသကြပါတယ်။ ငယ်တုန်းက မဝယ်နိုင်၊ ဝယ်နိုင်တဲ့အခါကျတော့ မငယ်တော့ပါဘူး။ သက်ပြင်းတွေချရင်း ရှေ့ဆက်လျှောက်ကြပါတယ်။

ယံချင်ယုံ မယုံချင်နေပါ။ ကြိုက်တာယူသွား ဈေးမများပါဘူးတဲ့။

အဲဒီစာတမ်းအကြီးကြီးပေါ်နေတဲ့ဆိုင်မှာ ကစားစရာ ပစ္စည်းအသစ်အဆန်းတွေ အမြဲရောင်းတတ်ပါတယ်။ ပစ္စည်းအထူးအဆန်းတွေ ကြိုက်နှစ်သက်တတ်သူများ သွားရောက်ငေးမောနိုင်ပါတယ်။ ဟိုးအရင်တုန်းကဆို ဒီလိုဆိုင်မျိုးကို အောချတ်လမ်းမ တစ်နေရာမှာဘဲ မြင်ဘူးပါတယ်။ အခုတော့ ရောင်းကောင်းတယ်လား မသိပါဘူး၊ ပင်နီဆူလာ မြေညီထပ်မှာတစ်ဆိုင်၊ ပင်နီဆူလာ သုံးထပ်မှာတစ်ဆိုင်၊ ပင်နီဆူလာဘေးက ဟော်တယ်အောက်မှာ တစ်ဆိုင်၊ ဘူးဂစ်မှာတစ်ဆိုင် (ဟယ် .. ငါဆိုင်တွေလိုက်ရေကြည့်နေမိပါလား) တိုးပွားလာပါတယ်။ အတွင်းမှာ ဈေးရောင်းကြတဲ့ အရောင်းစာရေးများဟာ မိန်းခလေးတွေဖြစ်နေတာကို သတိထားမိပါတယ်၊ ယောကျာင်္းလေးတွေရောင်းတာဆိုရင် မျက်မှာပူစရာမလိုဘဲ စပ်စပ်စုစု သွားမေးလို့ ကောင်းမယ့်ပုံပါဘဲ၊ ကြည့်ရတာတော့ ယောကျာင်္းလေး ဝယ်သူကို ပစ်မှတ်ထားပုံမရပါဘူး။

ဒီဆိုင်နားအရောက်မှာတော့ ဂွစာအတွက်ယူရင် သောင်းသောင်းအတွက်ပါ တစ်ထည်ထဲ့လိုက်လို့ အဒေါ်ကြီးတစ်ယောက်ရဲ့ စကားပြောသံကြားလိုက်ရပါတယ်။ လူကြုံရှိတာလား .. အလည်ပြန်ကြမှာလား မသိရပေမယ့် ဟိုကလူတွေလက်ဆောင်ရဦးမှာတွေးမိပြီး ပြုံးမိပါသေးတယ်။

ဈေးတန်းကြီးကို ဖြတ်သန်းပြီးသွားရင်တော့ သင်ဟာ ချွေးသံရွှဲရွှဲနဲ့ ရေဆာနေမှာ သေချာလို့နေပါတယ်။ ရေဆာတာနဲ့ ကြံရည်တစ်ဗူးဝယ်ပြီး ဗူးမယူသေးဘဲ စင်ပေါ်မှာတင် လက်တစ်ဖက်ထဲနဲ့ ပိုက်ပျော့ပျော့ကို အားနဲ့ထိုးစိုက်လိုက်တာ ဗူးပြုတ်ကျပြီး မှောက်ကုန်ပါသေးတယ်။ မင်းပိုက်ကပျော့လို့ အားနဲ့စိုက်ရတာ ငါ့အမှားမဟုတ်ဘူးဆိုတဲ့ အထာနဲ့ မျက်နှာခပ်တင်းတင်းထားပြီး နောက်တစ်ဗူး ခပ်တည်တည်နဲ့ လှမ်းဆွဲရပါတယ်။ သူများကို အနိုင်ကျင့်ရတာ ကျွန်တော့အတွက်တော့ ခက်ခဲပါတယ်။

အအေးသည်က စိတ်တိုလာပြီး အော်မလွှတ်ခင်မှာ အဲဒီနားကနေ ပြေးချင်နေတဲ့ ကျွန်တော်ဟာ ဘေးနားက အင်္ကျီတွေငေးနေတဲ့ သူမကို ကမန်းကတန်းနဲ့ အဲဒါတွေလှပါဘူးကွာ ရန်ကုန်ရောက်မှ မင်္ဂလာဈေးမှာ ဝယ်စမ်းပါလို့ လူတတ်ကြီးလုပ်ပြီး မနဲဝင်ဆွဲခေါ်ခဲ့ရပါသေးတယ်။ အအေးဗူးကုန်တာနဲ့ လူလဲဖတ်ဖတ်မောနေပြီဖြစ်လို့ အိမ်ကိုသာ တန်းပြန်ကြပါတော့တယ်။

ဤတွင် စင်ကာပူခရီးစဉ် ခဏနားပါဦးမည်။

Tags :
2,295 views