Singapore 92

Singapore 92 ဆိုလို့ ကွမ်း​ယာ​ရောင်း​နေ​တယ် မ​ထင်​ကြ​ပါ​နဲ့။ ပိတ်​ရက်​ရှည်​ရဲ့ ဒုတိယ​နေ့ အနေ​နဲ့ Marina Bay Sands – Skypark ကို​သွား​ဖို့ ဆုံးဖြတ်ချက်​ကျ​ပါ​တယ်။ အရင်​က​ထဲ​က ဖွင့်​စ​တုန်း​က သွား​ဖို့ စိတ်ကူး​ပါ​သေး​တယ်၊ သူ့​ရဲ့ Web Site မှာသွားဖတ်ကြည့်တော့ Pro Camera တွေ​နဲ့ လာ​လို့​မ​ရ​ဘူး​လို့ နားလည်​ရ​စေ​တဲ့​စာ​တွေ ရေးထား​တော့ ၂​ဝ ပေး​ပြီး သေချာ​မှ မ​ရိုက်​ရ​ရင် မတန်​လှ​ဘူး​ဆို​ပြီး အင်တင်တင်​ဖြစ်​နေ​တာ​ပါ။ နောက်​တော့ စွန့်စား​သွား​လာ​တတ်​တဲ့ ဘော်​တာ​တစ်​ချို့​ဆီ​က သတင်းစကား​အရ လူ​တိုင်း ကင်​မ​ရာ​အကြီး​ကြီး​တွေ​နဲ့ ရိုက်​နေ​တာ မြင်​ခဲ့​တယ်​လို့​ဆို​တာ​နဲ့၊ အခု​လို​ပိတ်​ရက်​ကြုံ​တုန်း တစ်​ခါ​တစ်​ခေါက်​တော့ ရောက်​အောင် သွား​ဦး​မ​ဟဲ့​လို့ စိတ်​ပိုင်းဖြတ်​လိုက်​ကြ​ပါ​တယ်။

လက်မှတ်​ဝယ်​ဖို့ တန်း​စီ​နေ​တဲ့ အတန်း​ကြီး​ဟာ မြွေ​လိမ်​မြွေ​ကောက်​နဲ့ လူ​တွေ​များ​လှ​ပါ​တယ်၊ အလကား​ပေး​တက်​သလား ထင်​ရ​လောက်​အောင်​ပါ​ဘဲ။ ကိုယ်​တွေ​က​သာ နောက်ကျ​နေ​တာ သင်ဇာဝင့်ကျော် ကတော့ ရေ​တောင်​တက်​ကူး​ပြီး​ပါ​ပြီ​တဲ့။

၅​၆ ထပ်​ကို​တက်​ကြ​မှာ​ပါ။ ဟို​တစ်​လောက ဖွင့်​ထား​တဲ့ ၅​ကျပ်​ပေး​တက်​ရ​တဲ့ ကွန်​ဒို​ထက် ၆​ထပ်​ပို​မြင့်​ပါ​တယ်။ တကယ်​တော့ ၅​၇​ထပ်ရှ်ိ​တာ​ဖြစ်​နိုင်​ပါ​တယ်။ ရေကူး​ကန်​ကို​များ တိုက်ရိုက်​တက်​သလား​ဘဲ။

လက်မှတ်​ကတော့ တစ်​ဦး​လျှင် ၂​ဝ​ပါ။ ဒီ​လို Tour Guide လုပ်​ပေး​မယ့် အသံ​သွင်း​ထား​သော ကိရိယာ​လေး​ကို ထည့်​ယူ​မယ်​ဆို​ရင် ၂​၁ဒေါ်​လာ​ပေး​ရ​ပါ​မယ်။ ဒီ​လူ​နဲ့​ဒီ​လူ​တွေ​ဘဲ​ဟာ Tour Guide မ​လို​ပါ​ဘူး၊ ဒါ​နဲ့ မ​ယူခဲ့​ပါ​ဘူး။

ဂ​လို​နံပါတ်​ထိုး​ထား​တဲ့ နေရာ​လေး​တွေ​ရောက်​ရင် ခု​န​က​ရီ​မုဒ်​ကွန်​ထ​ရိုး​လို Tour Guide ကို​နား​မှာ​ကပ်​လို့ နံပါတ် ၈ ကို​နှိပ်​လိုက်​မယ်​ဆို​ရင် အဲ​ဒီ​နေရာ​က​နေ မြင်​ရ​မယ့် ပါတ်​ဝန်းကျင် တည်​နေရာ၊ လေတိုက်​နှုန်း၊ စ​တာ​စ​တာ​တွေ​ကို ရှင်း​ပြ​မယ်​ထင်​ပါ​တယ်။

Web Site မှာဖတ်ခဲ့တာရော၊ လက်မှတ်​တန်း​စီ​တဲ့ နေရာ​နား​မှာ​ပါ စာရေး​ကပ်ထား​တာ​ရော အရ​ဆို​ရင် ကင်​မ​ရာ သုံးချောင်းထောက်​ကို​ပါ သယ်ယူ​ခွင့်​မ​ရှိ​ပါ​ဘူး။ သို့့သော်​လည်း​တဲ့​ပေါ့​လေ ..

ကြည့်​သော​သူ​မြင်​၏၊ မြင်​သော​သူ ဓာတ်​ပုံ​ရိုက်​လာ​ခဲ့​၏ ဆို​သ​လို​ပါ​ဘဲ။ အုပ်ချုပ်​သူ​များ​ကို နားရွက်​ကလေး​ဆွဲ​ပြီး ဒါ​ဟာ သုံးချောင်းထောက်​မဟုတ်​လား မဟုတ်​လား ဆို​ပြီး ဆွဲခေါ်​ပြ​လိုက်​ချင်​ပါ​တယ်။ တကယ်​ဆို​ရင် ကျွန်တော်​လဲ သယ်​ချင်​တာ​ပေါ့​ဗျာ၊ ဒါ​မှ​လဲ ည​ဖက်​ပုံ​ရိုက်​ရင် ကောင်း⁠ကောင်း​လေး ရ​မယ်​မဟုတ်​လား၊ အနဲ​ဆုံး​တော့ နှစ်​ယောက်​တွဲ​ပုံ​ရိုက်​ချင်​ရင် သူ​များ​ကို အကူအညီ​တောင်း​နေ​စရာ မ​လို​တော့​ဘူး​ပေါ့။ မ​ဆိုး​ပါ​ဘူး နားလည်​လိုက်​တယ် မြန်မာ​ပြည်​လို​ပါ​ဘဲ လည်​သ​လို လုပ်​စား​လို့​ရ​ပါ​တယ်။ ။

မ​ကျေနပ်​တာ​လေး​တွေ မေ့​ထား​ပြီး​တော့ ရောက်​တုန်း​ရောက်​ခိုက် နေရောင်ခြည်​လေး​ရှိ​တုန်း ဟို​ရိုက်​သည်​ရိုက် ရိုက်​ဖြစ်​ပါ​တယ်။  ရေပေါ်​ဘော​လုံး​ကွင်း​ကို တ​အံ့​တ​သြ​မြင်​ရ​ပါ​တယ်။ Free Fall ခုန်​ချ​ချင်​စိတ်​တွေ မ​နဲ​ထိမ်း​ထား​ရ​ပါ​တယ်။ ကျွန်တော်​တို့​ရောက်​သွား​တဲ့​အချိန်​က ညနေ​၅​နာရီ​ခွဲကျော်ကျော်​ဆို​တော့ နေ​ကတော်တော်​ပြင်း​ပါ​သေး​တယ်။ အိမ်​ကမော်​ဒယ်​ကို ဓာတ်​ပုံ​ရိုက်​ပေး​တာ​မှာ​လဲ နေရောင်​အောက်​မှာ​နေ​မှ​လဲ အလင်း​အမှောင်​က ကောင်း​မှာ​ဆို​တော့ နေ​ပြင်း​တဲ့​ကြား​က​ဘဲ နေ​ကို​မျက်နှာမူ​ပြီး ရိုက်​ရ​ပါ​တယ်။ သူ့​ခ​မြာ​မျက်မှန်​တောင်​ချွတ်​ပြီး မ​ရိုက်​လိုက်​ရ​ရှာ​ပါ​ဘူး။ တစ်​နာရီ​လောက်​အကြာ​မှာ​တော့ ရွှေရောင်အချိန်များ လို့ခေါ်​တဲ့ သ​ဘာ​ဝ​အလင်း​ရောင်​ဖြင့် ဓာတ်​ပုံ​ရိုက်​ရန်​ကောင်း​သော အချိန်​ကို ရောက်လာ ပါ​တော့​တယ်။

ရွှေဖြူ​ရောင် ဓာတ်​ပုံ​တစ်​ပုံ​ကို လူပျိုကြီး​တွေ​အတွက် ရိုက်​ယူလာ​ခဲ့​ပါ​တယ်။ အဲ​ဒီ​အပြောကြီး​လှ​တဲ့ ခေါင်​မိုးပေါ်​က ရေကူး​ကန်​မှာ ရေကူး​တဲ့​လူ​က​လဲ​ကူး၊ ရေကူး​နေ​တဲ့​လူ​တွေ​ကို ကျွန်တော့်​လို အား​မ​နာ​ပါး​မ​နာ၊ အလိုက်​ကန်း​ဆိုး​မ​သိ ဓာတ်​ပုံ​ရိုက်​ကြ​တဲ့​လူ​တွေ အများ​ကြီး​ပါ​ဘဲ။ ရေကူး​ရေစိမ်​နေ​ကြ​တဲ့ လူ​တွေ​အစား တွေး​ကြည့်​မိ​တာ ဒီ​လောက် ပွဲ​ဈေး​တန်း​လို လူစည်​ကား​နေ​တဲ့​နေရာ​မှာ ဘယ်​လို​မျိုး စည်းစိမ်​နဲ့ စိတ်​အေး​လက်​အေး ရေစိမ်​နိုင်​ပါ့​မ​လဲ​လို့ တွေး​ကြည့်​လို့​တောင် မ​ရ​ပါ​ဘူး။ ရေကူး​ကြ​သူ​နိုင်ငံ​ခြား​သားဦး​ရေ​နဲ့ စင်​ကာ​ပူ​အခြေ​စိုက်​လူ​ဦးရေ မျှ​ချေ​လောက်⁠လောက်​ရှိ​ပါ​တယ်။

လူ​တွေ​လဲ မ​များ​နေ​ဘဲ​နဲ့​ဆို​ရင်​တော့ ဒီ​လို​ရေ​ပွက်​ပွက်ထ​နေ​တဲ့ ကန်​ကလေး​မှာ ရှန်​ပိန်​ကလေး​သောက်​လို့ ရှု​ခင်း​လေး​ကြည့်​ပြီး ရေစိမ်​ရ​မယ်​ဆို​ရင်​တော့ တော်တော်ပျော်​ဖို့​ကောင်း​မှာ​သေချာ​ပါ​တယ်။ သို့သော်​လည်း အဲ​ဒီ​ကန်​မှာ​ဆင်း​စိမ်​မည့် ကို⁠ကို​မမ​တွေ​ခ​မြာ ကန်​ကလေး​နောက်​ခံထား​ပြီး ဓာတ်​ပုံ​ရိုက်​ချင်​တဲ့​လူ​တွေ​ကို အားနာ​ပြီး ကန်​ထဲတော်တော်​နဲ့ မ​ဆင်း​ရ​ရှာ​ပါ​ဘူး။

သင်္ဘော​တွေ​ကို ဒီ​လို​အများ​ကြီး​မြင်​ရ​တော့​လဲ တစ်​မျိုး​ကြည့်​ကောင်း​ပါ​တယ်။ အောက်​နား​က ရေကာ​တာ​ကတော့ ခု​တ​လော အဖြစ်​များ​နေ​တဲ့ မြို့​ထဲ​ရေ​ခဏခဏ​လျှံ​တဲ့ ကိစ္စ​ရဲ့​အရင်းအမြစ်​လို့ ကျွန်တော်​ကတော့​စွတ်​စွဲ​ပါ​တယ်။ ဟုတ်​တယ်​လေ ရှေး​နှစ်​ပေါင်း​များ​စွာ​က​ထဲ​က အခု​လို​ဆိုး​ဆိုးဝါး​ဝါး​ေ​ရေ​လျှံ​တာ မ​ဖြစ်​သေး​ဘဲ​ကိုး၊ ဒီ​ဟာ​ကြီး​ပြီး​မှ တိုက်တိုက်​ဆိုင်⁠ဆိုင်​ဖြစ်လာ​တာ​ဆို​တော့​လေ။

တ​ကဲ့​သစ်ပင်​ပါ၊ အပင်​အစစ်​ပါ။ အဲ​ဒီ​လို​ခေါင်​မိုးပေါ်​မှာ မြက်ခင်း​စိမ်း⁠စိမ်း​နဲ့ အပင်​တွေ​စိုက်​ထား​တာ​ကို သိပ်​သဘောကျ​တယ်။

သူ​များ​တွေ ရေကူး​ကြ​တာ​ကို နောက်​ခံထား​ပြီး ဓာတ်​ပုံ​တွေ ရိုက်​အပြီး​မှာ​တော့ မောပန်း​လာ​ပြီ​မို့​လို့ အောက်​ထပ်​ပြန်​ဆင်း​ပါ​တယ်။ အောက်​ထပ်​က သင်္ဘောင်​ဦး​ပိုင်း​မှာ အင်မတန်​ရောင်း​ကောင်း​တဲ့ အအေး​ဆိုင်​ရှိ​ပါ​တယ်။ ပြား​၈​ဝ​တန် (အအေး​ခံ​ပြီး ၁.၂​ဝ)နဲ့​ရောင်း​တဲ့ အအေး​ဗူး​ကို ၄ဒေါ်​လာ​နဲ့​ရောင်း​ပါ​တယ်။ Marina Barrage အောက်​က စား​သောက်​ဆိုင်​ထက်​တော့ သက်သာ​ပါ​သေး​တယ်၊ ဟိုမှာ​က အအေး​ဗူး​ကို ၅ဒေါ်​လာ​နဲ့​ရောင်း​ပါ​တယ်။ သူ​တို့​က မော​အောင်​နေရာ​တွေ အများ​ကြီး​သွား​ခွင့်​ပေး​ထား​တော့ မော​ကြ​တာ​ပေါ့​ဗျာ၊ မော​တော့​ဝယ်​သောက်​ရ​တာ​ပေါ့၊ ဒါ​တောင် စား​သောက်​ဆိုင်​တွေ ပြင်ဆင်​နေ​တုန်း​မို့​လို့ မ​ရောင်းချ​ကြ​သေး​ပါ​ဘူး။ ရောင်း​ရင်​လဲ စား​ကြ​ဦး​မယ့်​သဘော​ရှိ​ပါ​တယ်။

အအေး​သောက်​လို့ ခဏ​နား​နေ​တုန်း​မှာ​ဘဲ နေ​လုံး​နီ⁠နီ​ဟာ တိုက်​တွေ​ကြား​ကို တိုးဝင်​ပုန်းကွယ်​ဖို့ ကြိုးစား​နေ​ပါ​ပြီ။ ဆည်းဆာ​ဆို​တာ အဲ​ဒါ​ပါ​ဘဲ။ သုံးချောင်းထောက်​ကို ပြန်​သတိရ​မိ​ပါ​တယ်၊ အတတ်​နိုင်​ဆုံး ဂိုက်​ပေး​ကြမ်း​ပြီး ဒီ​ပုံ​ရအောင် ရိုက်​ယူခဲ့​ပါ​တယ်။ လူ​တိုင်း​မှာ လက်​သုတ်​စရာ တစ်​ရှုး​တစ်​ထုတ်​လောက်​စီ​ပါ​ကြ​သ​လို​မျိုး​ပါ​ဘဲ လူ​တိုင်း​မှာ​လဲ ကင်​မ​ရာ​တွေ အမျိုး​အစား​စုံ​နဲ့ စိတ်​ကြိုက်​ဓာတ်​ပုံ​ရိုက်​ကြ​ပါ​တယ်။

နေဝင်​လို့​မ​ပြီး​သေး​ဘူး လထွက်​လာ​ပါ​ပြီ။ လ​နဲ့​ကြယ်​နဲ့ အတော်​နီး⁠နီး​ကပ်​ကပ်ပါ​ဘဲ။

နေ့​လည်​စာ စား​ပြီး​က​ထဲ​က ထွက်​လာ​လိုက်​တာ ည​မိုးချုပ်​တဲ့​အထိ တစ်​ထိုင်​မှ မ​ထိုင်​ရ​သေး​ပါ​ဘူး။ ခု​န​က​လဲ မော⁠မော​နဲ့ အအေး​ဝယ်​သောက်​ရင်း ကြမ်းပြင်​လေး​မှာ ခဏ​ထိုင်​လိုက်​တာ အရောင်း​ဆိုင်​က ကောင်​မ​လေး​က မ​ထိုင်​ရ​ပါ​ဘူး​ရှင်​လို့ လာ​ပြော​လို့ ပြန်​ထ​ကြ​ရ​ပါ​တယ်။ မ​ပြန်​ခင် ည​ရှု​ခင်း​လေး တစ်​ပုံ​ကြိုးစား​ရိုက်​ခဲ့​ပါ​သေး​တယ်။ သုံးချောင်းထောက်​မ​ပါ​တော့ မှုံ​တုန်တုန်​ဖြစ်​နေ​နိုင်​ပါ​တယ်။ နှစ်​ယောက်​သား ဗိုက်​လဲ​ဆာ​နေ​ပြီ​ဖြစ်​လို့ မြို့​ထဲ​မှာ​ဘဲ ထမင်းစား​မ​လား ကား​ငှား​ပြီး အိမ်​ပြန်​ပြေး​စား​မ​လား​ဆို​ပြီး ကျား​ဗိုလ်​ဆွဲ​လိုက်​တာ အိမ်​ထမင်း​ဘဲ​စား​ချင်​တဲ့ လေ​ဒီ ဒီ​ဘီ​နိုင်​သွား​လို့ အိမ်​ကို​ဘဲ​ပြန်​လိုက်​ကြ​ပါ​တယ်။

အပြန်မှာတော့ လျှောက်​လည်​ရ​တာ ပျော်​တယ် ကို⁠ကို​ရယ်​တဲ့ (အဟိ) ခင့်​အိပ်​ကလေး​က​လဲ ဟောင်း​နေ​ပြီ​ဆို​တော့ နက်ဖြန်​ကျ​ရင် မ​ရောက်​တာ ကြာ​ပြီ​ဖြစ်​တဲ့ ဘူး​ဂစ်​လမ်းကြား​ကို သွား​ကြ​ရ​အောင်နော်​တဲ့ …(တိန်) သူမ စကား​စ​လာ​ပါ​တယ်။ ဇတ်​လမ်း​ကတော့ မ​ပြီး​သေး​ခင်​မှာ​ဘဲ နောက်ထပ် ထပ်​စ​ပြန်​ပါ​တယ် ….

ဘူး​ဂစ်​လမ်းကြား​သို့​တစ်​ခေါက် မ​ကြာ​ခင်​လာ​မည် မျှော့် …. ။

Tags : ,
2,178 views