HAPPY FRIDAY
Happy Friday တဲ့လေ။ သောကြာနေ့ရောက်ရင် လူတွေကထူးပြီး ပျော်ကြတယ်ခင်ဗျ။ ဒါနဲ့ကျန်တဲ့နေ့တွေကျတော့ မပျော်ကြဘူးလားလို့ အငေါ်တူးစရာ ရှိလာတာပေါ့လေ။ စင်ကာပူရောက်စက ကိုယ့်မှာ Happy Friday လဲမသိ၊ စနေ၊ တနင်္ဂနွေမှာတောင် သူဌေးက အီးမေးကိုလှမ်းလှမ်းစာပို့ပြီး ကြိုကြိုခိုင်းတတ်သေးတာ။ တစ်ပါတ်မှာ ၆ရက်လောက်တောင် လုပ်စေချင်နေတာ။ ရုံးသော့ကိုလဲ ပေးထားသေးတာဆိုတော့ အရေးပေါ်ဆိုရင် မဖြစ်မနေသွားရတော့တာဘဲ။ အလုပ်နှစ်ခုလောက် ပြောင်းပြီးသွားတော့မှဘဲ ပျော်ရွှင်ဖွယ် သောကြာဆိုတာကို နားလည်လာတော့တယ်။
တကယ်ဆို ကျွန်တော်တို့ရန်ကုန်မှာတုန်းကလဲ အဲဒီလိုနေ့မျိုးရှိပါတယ်လေ။ ရန်ကုန်မှာက စနေအထိပါ အလုပ်ဆင်းရတာဆိုတော့ စနေတစ်နေ့တော့ ဒီကပျော်ရွှင်ဖွယ် သောကြာလိုဘဲ ပြုမူကြပါတယ်။ ဒီမှာတော့ သောကြာဆိုရင် အဝတ်အစားကို ဖန်စီနဲနဲဖြစ်တာလေး ဝတ်လာလို့ရတယ်၊ ရှေ့ရက်တွေက Formal ဝတ်လာတာတွေအတွက် Dress Down လုပ်လို့ရတော့ ဝတ်ချင်စားချင်သူတွေအတွက် ပျော်စရာဖြစ်တယ်။ နောက်ပြီး ရောက်လာတော့မယ့် ပိတ်ရက်နှစ်ရက်အတွက် တွေးပြီး ကြိုတင်ပြီး ပျော်ရွှင်လာတာလဲ ဖြစ်တယ်။ သောကြာနေ့ရောက်လာရင် ခံစားရတဲ့ ခံစားမှုဟာ တကယ်ကိုဘဲ တခြားနေ့တွေနဲ့ မတူတာတော့ အမှန်ဘဲ။
ရန်ကုန်မှာတုန်းကလဲ စနေနေ့ဆို ကြိုက်တာဝတ်လာလို့ရတယ်။ ကြားရက်တွေမှာတော့ ရုံးထုံးစံ ယောက်ျားလေးတွေက လည်ကတုံးအင်္ကျီအဖြူနဲ့ ပုဆိုးနဲ့၊ မိန်းခလေးတွေကလဲ လည်စေ့အင်္ကျီအဖြူနဲ့ ထမီအပြာ ဝတ်ရတာဆိုတော့ ငြီးငွေ့တယ်ပေါ့။ စနေရောက်ပြီဆိုရင် အသစ်အဆန်းဝယ် ထားတာလေးတွေ ရုံးသူရုံးသားအချင်းချင်းကြားမှာ ဝတ်ပြလို့ရကြတော့ စနေဆိုရင် အရောင်အသွေးစုံ မြင်ရတာပါဘဲ။ ကြားရက်မှာ ရုံးဝတ်စုံနဲ့ အမြင်မထူးဆန်းကြတဲ့ မိန်းခလေးတွေတောင်မှ စနေလိုနေ့မျိုး ပြင်ပြင်ဆင်ဆင် ဝတ်လာလိုက်ရင် လှပလာတတ်ကြတယ်။ ကိုယ်နဲ့ ပြောမနာဆိုမနာနေကြတဲ့ ကောင်မလေးတွေဆို ဒီလိုမျိုးလှလာတဲ့နေ့တွေဆို အမြဲသွားသွားစတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မင်းဘယ်ရောက်နေခဲ့လဲလို့ပေါ့။
အိုင်စီတီဝင်းထဲ မရောက်ခင်က ရုံးကသိမ်ကြီးဈေးပေါ်မှာဆိုတော့ စနေဆိုကျွန်တော်တို့ အဖွဲ့က ထမင်းစားသောက်ပြီးရင် ဟိုဟိုဒီဒီထွက်ကြသေးတာ။ ထမင်းအမြန်သွတ်ပြီး လျှောက်ထွက်တာပေါ့။ ဗိုလ်ချုပ်ဈေးကို မိန်းခလေးတွေက သွားချင်လို့ ကျန်တဲ့ယောကျာင်္းလေးတွေ လိုက်သွားကြဖူးတယ်။ FMI မှာဟိုဟိုဒီဒီလျှောက်ကြည့်ကြတယ်။ တစ်ခါတစ်လေ နဲနဲကြာမယ် သွားရမှာဝေးတဲ့နေရာဆိုရင် မဖြစ်မနေသွားရမယ့်လူက သွားပြီးတော့ ကျန်တဲ့လူတွေက ရုံးမှာစောင့်ရင်း သူ့အလုပ်တွေကို ကာဗာလုပ်ပေးကြတယ်။ လူကြီးကလာလာရှာပြီဆို ဟိုလိုလို ဒီလိုလို ပြောပြီးဖာထေးပေးထားကြသေးတာ။ တစ်ခါသားမယ် အဖွဲ့ထဲက မိန်းခလေးတစ်ယောက် သူ့ရည်းစားနဲ့ သိမ်ကြီးဈေးပေါ်မှာပါဘဲ စားသောက်ဆိုင်တစ်ခုမှာ ချိမ်းတွေ့နေတုန်း သူ့အိမ်က အမေလုပ်သူလိုက်လာလို့ စကားလက်ခံပြောပေးထားတဲ့လူကပြော မရောင်မလည်နဲ့ထွက်ပြီး လိုက်ရှာတဲ့လူကရှာနဲ့ အတော်တောင်အလုပ်ရှုတ်သွားဖူးသေးတယ်။ အဲဒီလိုပျော်စရာကောင်းခဲ့တဲ့ စနေတွေပါ။
ဒီရောက်တော့ ဒီကသောကြာဟာလဲ ဒီလိုပုံစံမျိုးပါဘဲ။ သောကြာနေ့ဆို အထူးသဖြင့် မိန်းခလေးတွေ အရောင်အသွေးစုံလာတာပါဘဲ။ စနေပါဆင်းရတဲ့ ရုံးတွေမှာတော့ စနေတစ်ရက်ကို ကြိုက်တာဝတ်လို့ရတယ်။ ဒါဆို ကြိုက်တာဝတ်စားလာလို့ရရုံနဲ့ ပျော်စရာသောကြာဖြစ်ရောလား။ ခုနကပြောခဲ့တာတွေက တရားဝင် လူသိရှင်ကြား သောကြာနေ့မှာပျော်ရကြောင်း လူကြားကောင်းအောင် အကြောင်းပြရတာပါ။ တကယ်မှာတော့ အဲဒီထက်ပိုပါတယ်။
အလုပ်ကသိပ်ပြီးတော့ များတယ်၊ Dead Lineနားကပ်နေတယ်ဆိုတဲ့ လူတွေကလွဲလို့ ကျန်တဲ့လူတွေ ဘာတွေလုပ်နေကြတယ်ထင်ပါသလဲ။ MSN မှာချက်ကြပါတယ်။ တချို့များဆို တခိခိတောင် ရယ်သံထွက်လာပါသေးတယ်။ တချို့ကတော့ Youtube အသေအချာကြည့်ကြပါတယ်။ ရုံးမှာ အကုန်ပိတ်ထားပါတယ်။ သို့သော် လူတိုင်းနီးပါး Wireless Receiver လေးတွေရှိကြပါတယ်။ တချို့လဲ ကိုယ်ပိုင် Brodband Access Kit လေးတွေနဲ့။ ဒါကြောင့် လုပ်ချင်တာ အကုန်လုပ်လို့ရကြပါတယ်။ တချို့လဲဖတ်ချင်တဲ့ ဖိုရမ်တွေ အသီးသီးဖတ်ကြလို့၊ ကျွန်တော်တို့ဌာနမှာ တခြားဌာနတွေလို လူတစ်ယောက် အကွက်တကွက်ပုံစံနဲ့ ကာရံထားတာမဟုတ်ပါဘူး။ ဒီလိုဘဲ စားပွဲပေါ်မှာ စက်တွေတင်ပြီး နေကြတာပါ။ ဆိုတော့ လှမ်းပြီးတော့ကြည့်မယ်ဆိုရင် တစ်ယောက်မော်နီတာကို တစ်ယောက်မြင်နေရတဲ့ ပုံစံမျိုးပါ။ အဲဒီလိုနေရာမျိုးမှာတောင် ဘယ်သူ့မှ ဂရုမစိုက်ဘဲ လူတွေဟာ လုပ်ချင်တာလုပ်ကြတော့တာပါဘဲ။ ကျွန်တော်လား ခုထက်ထိလက်တွန့်နေလို့ ဒီအလုပ်ရောက်မှ Gtalk တောင် အချိန်ပြည့်တက်မနေနိုင်တော့ဘူး။
ဒီနေ့လား ထုံးစံအတိုင်းပေါ့။ နေ့လည်စာ ဘာသွားစားကြမယ်ဆိုတာ တိုင်ပင်တဲ့လူတွေက တိုင်ပင်လို့၊ ပြုံးစိစိနဲ့ MSN ချက်တဲ့လူကချက်လို့။ မော်နီတာကို ပြူးပြီးကြည့်ကာ ငြိမ်နေတဲ့လူတို့။ ပိတ်ရက်နှစ်ရက်မှာ ဘာတွေဈေးချမလဲ လိုက်ရှာနေတဲ့လူတို့နဲ့ ပျော်စရာသောကြာကို သရုပ်ဖေါ်နေကြပါတယ်။ သောကြာနေ့ရောက်ရင်ဖြင့် တစ်ပါတ်လုံးလုပ်လာသမျှ အလုပ်ကိုအရှိန်လျှော့လိုက်ကြတာ ဘယ်လိုယဉ်ကျေးမှုလဲတော့ မသိဘူး။ အားလုံးက တက်ညီလက်ညီလုပ်နေကြတာဘဲ။ ကဲတစ်ပါတ်မှာ လေးရက်ခွဲလောက်ဘဲ အလုပ်လုပ်ရတယ်ဆိုတဲ့ နိုင်ငံကြီးတွေကို သွားစရာလိုဦးမလား။