နားနားနေနေ..ခြံစိုက်နေ
ခေါင်းစဉ်က ဆွဲဆောင်မှုရှိအောင်သာ တပ်ရတာ ရေးမှာကတော့ ဟိုရောက်ဒီရောက်ပါဘဲ။ ပြီးခဲ့တဲ့ တနလာင်္နေ့က စပြီး ဖျားလိုက်တာဟာ ဗုဒ္ဓဟူးနေ့ည ရောက်မှဘဲ သိသိသာသာ သက်သာသွားပါတယ်။ ဒါတောင် ဗုဒ္ဓဟူးနေ့က ရုံးသွားလိုက်သေးတယ်။ ရုံးရောက်တော့ လူကဟန်ပုံမပေါ်တာကို မန်နေဂျာတွေက သိတာကြောင့် ပြန်နားလိုက်ပါဆိုတာနဲ့ အခွင့်အရေးရတုန်း ပြန်လစ်လာခဲ့ပါတယ်။ ကြာသာပတေး သောကြာကိုတော့ ပြန်ကောင်းလာမယ် မျှော်မှန်းပြီးတော့ ဆေးခန်းမပြတော့ဘဲ ခွင့်ကြိုယူလာလိုက်ပါတယ်။ ဒီလိုနဲ့ဘဲ တစ်ပါတ်လုံး အိမ်တွင်းအောင်းရတဲ့ အဖြစ် ရောက်ပါလေရောလား။
ရာသီဥတုကလဲ ပူတော့ ညညဆို အိပ်မပျော်ပါဘူး။ လူကလဲပူနေ အဲယားကွန်းကလဲ ဖွင့်လို့မဖြစ်နဲ့ ချွေးတွေပြန်ပြီး ဘယ်လိုမှ အိပ်မပျော်ပါဘူး။ ညဆို ကုတင်မှာလှဲပြီး ဘေးစောင်းလေး ဘေးက ကွန်ပျုတာမှာ ရုပ်ရှင်ဖွင့်ပြီး ကြည့်ပါတယ်။ တားမယ့်လူကြီးလဲ မရှိတော့ မိုက်တာလဲပါပါတယ်။ မဒမ်ကတော့ ရုံးတက်ရမှာဆိုတော့ ကျွန်တော့်ကို ထိုင်ကြည့်မနေနီုင်ပါဘူး။ အိပ်ပျော်သွားပါတယ်။ ညမအိပ်တော့ နေ့အိပ်သလား ဆိုတော့လဲ မအိပ်ပါဘူး။ မနက်ကို နောက်ကျမှထပြီး စားစရာရှိတာလေးစား၊ ဆေးလေးသောက်ပြီး၊ ရုပ်ရှင်ဒေါင်းလုဒ်လုပ် ကြည့်နဲ့ ပျင်းလာရင် စာအုပ်ဖတ်လိုက် အဲဒီလိုနဲ့ နေ့တွေကုန်သွားတာပါဘဲ။
ဒါနဲ့ တခြားလုပ်ဖြစ်တာက Face Book မှာ မာဖီးယား သေသေချာချာဇွဲနဲ့ ထိုင်ကစားဖြစ်သွားတယ်။ ပိုက်ဆံတွေလဲ ရတာ သောက်သောက်လဲ၊ လူကလောဘတောင်တက်လာတယ်။ တကယ်ပြောတာ။ အဆော့ကောင်းလို့ ဘလော့တောင် မရေးနိုင်ဘူး။ အစကစိတ်ကူးတာက အိမ်မှာ နားနားနေနေ ရှိတုန်း ဘလော့လေးဘာလေး ခပ်စိပ်စိပ်ရေးမယ်ပေါ့။ ဘယ်ကလာ အချိန်တောင်မလောက်ဘူး။ ခုတစ်လော လူတွေ Face Book မှာ မာဖီးယား သိပ်ဆော့ကြတယ်ထင်တယ်၊ တခါတရံ Face Book တောင် Error တက်ချင်ချင်ဖြစ်လာတယ်။ ကိုယ့်မိတ်ဆွေ အပေါင်းအသင်းတွေတင်မက ဖိုရမ်က အဖွဲ့တွေပါ မာဖီးယားထဲရောက်နေလို့ အစည်းအဝေးတောင် Face Book မှာလုပ်လိုက်ရသေးတယ်။
ကျူဘားမှာသွားပြီး လူချလိုက်၊ အလုပ်ကလေးလုပ်လိုက်၊ ကျမ်းမာရေးမကောင်းတော့ရင် နယူးယောက်ပြန်လာ ဆေးကုလိုက်နဲ့ ဟန်တွေကိုကျလို့။ မာဖီးယားရောဂါကလဲ ဘလော့ရောဂါလိုဘဲ ဖြစ်လာဦးမယ်ထင်ပါရဲ့။ ဂိမ်းကစားတာတောင်မှ အစပိုင်းက လူမချချင်သေးဘူး။ ကိုယ့်ရှိသလောက် အင်အားလေးနဲ့ အလုပ်ကလေးတနိုင်လုပ် ရသလောက်ကလေးနဲ့ လုပ်ငန်းလေးတွေနယ်ချဲ့နဲ့ ဒီလိုနေတုန်း ကိုယ်ကသာ လူမချချင်တာ မာဖီးယားတောထဲ သူတော်ကောင်း သွားလုပ်နေလို့မှ မရဘဲဗျ။ ဟိုကဒီကနေ လာလာပြီး ဆော်ပလော်တီးသွားကြတယ်၊ ဓါးပြတိုက်သွားကြတယ်၊ ရှိတာလေးတွေ ကုန်ကုန်သွားပါရောလား၊ ဒါနဲ့ဘဲ မဖြစ်ချေဘူးဆိုပြီး လူချတတ်အောင် ကြိုးစားရတော့တယ်၊ ဓါးပြလား တိုက်တတ်သွားပြီ။ အစကတော့ သနားတာပေါ့လေ သူ့စီးပွားလေး ပျက်သွားပြီလို့ စာတန်းကလဲ ထိုးထိုးပြနေတော့ ကိုယ့်မှာ ဆော့နေတာတောင်မှ သနားနေရသေးတယ်။ ခုတော့ ကိုယ့်ကို လာမလုပ်နိုင်အောင်ပြင်ဆင်ထားပြီးတော့ ရိုးရိုးသားသား (အဲလေ မာဖီးယားပါဆိုမှ ရိုးသားလို့ရမလား) ဒုစရိုက်အလုပ်ကလေးဘဲ လုပ်နေတော့တယ်။
ခုတော့ တစ်မျိုးပြောင်းကစားနေတယ်ဗျ။ အခု ခြံစိုက်စားနေတယ်။ စတော်ဘယ်ရီသီးလေးတွေစိုက် ခရမ်းသီးလေးတွေစိုက် သီးလာရင် စျေးသွားရောင်း အခင်းပြန်ပျိုး အပင်ပြန်စိုက်နဲ့၊ ငြိမ်းချမ်းတယ်မောင်။ အဟုတ်။ မာဖီးယား ကစားတာနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်သွားတယ်။ ဟိုဖက်မှာက ရောက်တာနဲ့ ဘယ်သူတီးသွားလဲ စစ်ရတယ်၊ ဝင်ငွေစစ်ရတယ်၊ ကိုယ်မနိုင်တဲ့လူ ရှိလာရင် လူငှားနဲ့ ပြန်ဆော်ရသေးတယ်၊ မကောင်းပါဘူး။ ခြံကလေးစိုက်စားနေရတာ ကစားနေရင်းတောင် အပြင်မှာ ခြံစိုက်စားခြင်စိိတ်ပေါက်လာတယ်။ တကယ်ရယ်။
မနက်ဖြန်တော့ အိမ်လဲ ပြောင်းရပြန်ဦးတော့မှာမို့ အိမ်ကလဲ ရှင်းရသေးတယ်။ နေမကောင်းလို့ အိမ်ရှိနေတာ မဒမ်ကအကြိုက်ဘဲ ကျွန်တော့်မှာ တစ်နေ့နဲနဲချင်း ပစ္စည်းစုရတယ်၊ အိမ်ရှင်းရတယ်။ ချွေးဆိုတာ ခဏခဏထွက်နေတာမို့ လူကအားပြန်ပြည့်လာတယ်လို့ မရှိဘူး။ နေမကောင်းဖြစ်တော့ ဒီကဟာတွေ မစားချင်ပြန်ဘူးဖြစ်လာတယ်။ အဲဒါနဲ့ စိတ်ကူးမရတိိုင်း ခေါက်ဆွဲချည်း ပြုတ်ပြုတ်စားနေတာ အားကဘယ်ပြန်ပြည့်မလဲ။ မဒမ်ကလဲ ရုံးသွားရသေးတော့ သူ့ကိုလဲ ဘာချက်ပါညာချက်ပါ မပူဆာချင်ဘူး။ အိမ်ကလဲပြောင်းတော့မှာ ဆိုပြီး အသားငါး များများစားစား ဝယ်မထားတော့ စားစရာမရှိ။ သူတောင် အိမ်ကပို့ထားတာလေးနဲ့ ရုံးကို ထည့်ထည့်နေတာဆိုတော့ ကိုယ်လဲ ငတ်ပြီပေါ့။ အခုတော့ အိမ်လဲ သိမ်းပြီး၊ နလံထကို စီးတီးဟောကဝယ်လာတဲ့ ငါးပိရည်ကြိုပြီးသားနဲ့ လဘက်နဲ့ ထမင်းနယ်တယ်၊ ကြက်ဥကြော်နဲ့ ပူပူလေးစားပြီး ဒီတပါတ်အတွက် အသစ်မျှော်နေသူများကို ချွေးသိပ်လိုက်ရပါပေတယ်။ မိတ်ဆွေများ ကျမ်းမာချမ်းသာကြပါစေ။ (မာဖီးယားဆော့ကြရင် ကျွန်တော့်ကို ဖိတ်နော်…နော်)