အိမ်ခန်းငှားစားကြမလား
စင်ကာပူရောက်တာ သုံးနှစ်အတွင်းမှာ အိမ်သုံးကြိမ် ပြောင်းပြီးတဲ့ အခါမှာတော့ စင်ကာပူရဲ့ အိမ်စျေးကွက်ကို လေ့လာမိပြီးသား ဖြစ်သွားပါတယ်။ တကယ်မှာတော့ နောက်တောင်ကျနေတယ်လို့ ပြောလို့ရတဲ့ အခြေအနေပါ။ အခုဆိုရင် စင်ကာပူမှာ အိမ်ခန်းငှားချင်ရင် လွယ်ကူလာပြီလို့ ပြောလို့ရတဲ့ အနေအထားပါ။ ယခင်ကာလတွေတုန်းကဆိုလျှင် တစ်အိမ်လုံး ငှားချင်လျှင်သာ သတင်းစာမှာရှာ အေးဂျင့်ဖုန်းကိုခေါ် စသဖြင့် လွယ်ကူပေမယ့် ကိုယ့်ဗမာ အချင်းချင်းနေနိုင်ဖို့၊ သူများအိမ်မှာ တစ်ခန်းငှားနေဖို့ ဆိုတာတွေအတွက် တော်တော်ကိုချိတ်ဆက်ယူရပါတယ်။ ခင်မင်သူအချင်းချင်း သတင်းပေး ရှာဖွေပေးမှသာ ပိုနေတဲ့လူနဲ့ လိုနေတဲ့လူတွေ အချင်းချင်း ချိတ်မိကြပါတယ်။
အခုတော့ အင်မတန်လွယ်ကူသွားပါပြီ။ စီးတီးဟောက ဗမာဆိုင်တွေမှာ အခမဲ့ အခန်းကြော်ငြာတွေ ကပ်လို့ရတယ်၊ စာအုပ်အလွတ်တွေ ချပေးထားတယ်၊ အဲဒီမှာ ပိုနေတဲ့လူတွေက အခန်းငှားလိုကြောင်း ကြော်ငြာကပ်ထားနိုင်ပါတယ်၊ အခန်းလိုနေတဲ့ လူတွေကလည်း အဲဒီကြော်ငြာတွေ သွားဖတ်လို့ ကိုယ်နေလို့တဲ့ နေရာကို စိတ်ကြိုက်ရှာနိုင်ပါတယ်။ နောက်ပြီးတော့ myanmarroom.com လို၊ shweroom.com လို ဗမာ Web Site တွေ ပေါ်ပေါက်လာတဲ့အတွက် အခန်းပိုနေသူတွေ ကြော်ငြာ အလကားထည့်နိုင်ပါတယ်။
အဲဒီလို အခန်းငှားကြတယ်ဆိုတဲ့ စျေးကွက်ပေါ်ပေါက်လာတာက အစပိုင်းကတော့ စင်ကာပူမှာ အလုပ်လာရှာပြီး အမြဲတမ်းနေထိုင်ဖို့လိုလာတော့ ခင်ရာမင်ရာ သူငယ်ချင်းများနဲ့ စုပြီး Flat တစ်ခုလုံးကို စင်ကာပူအေးဂျင့်ဆီကနေ ငှားပြီးတော့ နေထိုင်ကြပါတယ်။ နောက်တော့ လူတွေက အလုပ်အကိုင်တွေပြောင်းရွှေ့၊ အလုပ်နဲ့နီးတဲ့နေရာတွေမှာ ထပ်မံငှားရမ်းလို့ နေဖို့ဖြစ်လာတော့ Flat တစ်ခုလုံး ငှားပြီးနေရင် အခန်းတွေ ပိုနေတဲ့အတွက်၊ ပိုနေတဲ့ အခန်းတွေအတွက် စရိတ်ကာမိအောင် ပြန်ပြီးစရိတ်မျှကြတဲ့ သဘောလောက်ပါဘဲ။ ယခင်ကတော့ အခန်းဆိုတာ ပိုနေတာလို့ ပြောလို့ရပါတယ်။ ယခုကာလကတော့ အခန်းဆိုတာ အမြဲတမ်းလိုနေတာလို့ ပြောလို့ရတဲ့ အချိန်ကိုရောက်နေပါပြီ။
စီးပွားမကောင်းလို့ ဗမာပြည်ကလူတွေ အလုပ်လာမရှာဘူးလို့ မထင်ပါနဲ့၊ ကိုယ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းလောက်သာ မလာနဲ့ဦးလို့ ပြောထားပေမယ့် တချို့လဲ အခုထက်ထိ တဖွဲဖွဲလာနေတုန်းပါဘဲ။ တချို့ဒီမှာရှိတဲ့ မိတ်ဆွေများဆီကလဲ သူတို့ရဲ့ အပေါင်းအသင်းများ လာရောက်အလုပ်အကိုင်ရှာနေတဲ့ သတင်းတွေ နေ့တိုင်းကြားနေရတာပါဘဲ။ အလုပ်လဲ ရတဲ့လူလဲ ရနေကြတာပါဘဲ။ အဲဒီလို အလုပ်လာရှာတဲ့ လူတွေများလေလေ အိမ်ခန်းငှားတဲ့ စျေးကွက်ဟာ ကြီးထွားလာလေလေဖြစ်ပါတယ်။
စျေးကွက်ထဲမှာ အိမ်ခန်းငှားခဟာ ပုံသေနီးပါးလောက် ငြိမ်သက်ပါတယ်။ ဆိုလိုတာက Flat တစ်ခုလုံးငှားစျေး မဟုတ်ဘဲ တခန်းချင်းစီပြန်ငှားကြတဲ့ စျေးနှုန်းကို ပြောတာပါ။ ပျမ်းမျှအားဖြင့် အခန်းတစ်ခန်းမှာ လူသုံးယောက်အတူတူနေရမယ် အင်တာနက်အပါအဝင်၊ရေမီးအပြီးအစီး Air Con သုံးနိုင်တယ်ဆိုရင် စင်ကာပူဒေါ်လာ တစ်ဦးလျှင် တစ်လကို ၃ဝဝ ကနေ ၃၃ဝ အထိစျေးရှိပါတယ်။ တစ်ခန်းကို လူနှစ်ယောက်နေရမှာဖြစ်ပြီးတော့ အင်တာနက်အပါအဝင်၊ ရေမီးအပြီးအစီး Air Con သုံးနိုင်တယ်ဆိုရင် စင်ကာပူဒေါ်လာ တစ်ဦးလျှင်တစ်လကို ၃၅ဝ ကနေ၃၈ဝ အထိစျေးရှိပါတယ်။ အဲဒါတွေက Common ခန်းလို့ခေါ်တဲ့ ရေချိုးခန်း အိမ်သာတွဲလျက်မပါတဲ့ အခန်းမျိုးတွေရဲ့ ပေါက်စျေးပါ။ Master Room လို့ခေါ်တဲ့ ရေချိုးခန်း အိမ်သာတွဲလျက်ပါတဲ့ အခန်းမျိုးမှာ နေမယ်ဆိုရင်တော့ နောက်ထပ် ၂ဝ ကနေ ၃ဝ လောက်အထိ ထပ်မံစျေးပိုပေးရတတ်ပါတယ်။ တချို့အိမ်တွေမှာ အင်တာနက်ကို အလကားပေးသုံးပါတယ်လို့ ပြောထားတဲ့အတွက် အင်တာနက်မသုံးလဲ ဒီစျေးပါဘဲ။ တချို့အိမ်မှာတော့ အင်တာနက်မသုံးဘူးဆိုလျှင် စင်ကာပူ ၁၅ ဒေါ်လာကနေ ၂ဝဒေါ်လာလောက်အထိ စျေးလျှော့ပေးပါတယ်။
ရေဖိုးမီးဖိုးအပြီးအစီးလို့ ပြောထားတဲ့ အိမ်တချို့မှာ ရေသုံးတာ၊ အဝတ်လျှော်တာ၊ မီးသုံးတာ၊ ချက်တာပြုတ်တာ၊ Air Con သုံးတာတွေကို လိုက်လံထိမ်းချုပ်မှုတချို့ ရှိပေမယ့်၊ တချို့အိမ်တွေမှာတော့ အမှန်တကယ် ကျနိုင်မယ့် Bill ကိုမှန်းထားပြီးသားဖြစ်နေလို့ ထူးပြီး မထိမ်းချုပ်ပါဘူး။ အဲဒီလို ထိမ်းချုပ်မှု မလုပ်လိုတဲ့ အိမ်တွေမှာကျတော့ အိမ်ခန်းငှားခကို ရေဖိုးမီးဖိုးမပါ စျေးတစ်မျိုးနဲ့ ပြောကြပါတယ်။ စျေးကတော့ ၃ဝ ကနေ၅ဝလောက်အထိ လျှော့နည်းသွားနိုင်ပါတယ်။ ရေဖိုးမီးဖိုးကို Pub Bill လာမှ လူရှိသလောက်နဲ့ တွက်ချက်ပြီး ပြန်မျှလို့ပေးရမှာပါ။ များသောအားဖြင့် ရေဖိုးမီးဖိုးကလဲ ၃ဝကနေ ၅ဝလောက်အထိဘဲ ကျနိုင်ပါတယ်။ ဒါကြောင့်မို့ ရေမီးအပြီးအစီးဆိုတာရဲ့နောက်မှာ ထိမ်းချုပ်မှုဆိုတာ ပါလာတတ်လို့ တချို့က ရေမီးအပြီးဆိုတာထက် ပြီးမှ ပြန်မျှရမယ်ဆိုတာကို ပိုကြိုက်သလို တချို့ကလဲ စရိတ်ငြိမ်းအပြီးအစီးဆိုတာကို နှစ်သက်ကြပါတယ်။ တစ်ချို့ကလဲ တစ်ခန်းမှာ သုံးယောက်နေရတာကို စျေးသက်သာလို့ သဘောကျပေမယ့် တစ်ချိုကတော့ အေးအေးလူလူ နှစ်ယောက်ထဲ နေရတာကိုနှစ်သက်ကြပါတယ်။ ဒါတွေက အိမ်ငှားတွေဘက်ကနေ ကြည့်ပြီးပြောပြတာပါ။
အိမ်ရှင်တွေဘက်က ကြည့်မယ်ဆိုလျှင်တော့ ဟိုးအရင်က စျေးကွက်မရှိခင်ကတော့ တစ်အိမ်လုံးငှားထားရငွေကိုလိုက်လို့ အိမ်ရှိသမျှလူနဲ့ ပြန်မျှပြီးစျေးတောင်းကြပါတယ်။ အကုန်လုံးမျှရတဲ့ သဘောပေါ့။ Pub Bill မျှရမယ်၊ အင်တာနက်၊ အိမ်ဖိုး အားလုံး ညီတူညီမျှပေးရတာပါ။ နောက်ပိုင်းစျေးကွက်ရှိလာတော့ စျေးကွက်မှာတောင်းတဲ့ စျေးအတိုင်းလိုက်တောင်းနိုင်ကြတော့ အိမ်ငှားတွေဘက်မှာလဲ သက်သာသွားသလို အိမ်ကိုဦးစီးပြီးငှားလိုက်တဲ့လူတွေဖက်မှာလဲ စျေးသက်သာသွားပါတယ်။ အဲဒီလိုငှားကြတယ်ဆိုတဲ့နေရာမှာ အခန်းနဲ့တဲ့ အိမ်တွေကို ငှားလိုက်ရင်တော့ မကိုက်ပါဘူး။ စင်ကာပူမှာ Flat ငှားရင် အခန်းများလေး စျေးတန်လေပါဘဲ။ ဥပမာ၊ ၂+၁ လို့ခေါ်တဲ့ အိပ်ခန်းနှစ်ခန်းဘဲ ပါတဲ့ အိမ်ကိုလောလောဆယ်ပေါက်စျေး ၁၄ဝဝ ကနေ ၁၅ဝဝ ပေးနေရတဲ့ အချိန်မှာ အိပ်ခန်းသုံးခန်းပါတဲ့ Flat ကိုငှားမယ်ဆိုရင် ၁၇ဝဝ ကနေ ၁၈ဝဝ ကြားမှာ ရနိုင်ပါတယ်။ အိပ်ခန်းလေးခန်းလောက်ပါတဲ့ Flat ကိုငှားမယ်ဆိုရင် ၂ဝဝဝ ကနေ ၂၂ဝဝ ကြားမှာရနိုင်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတွေချည်း စုနေကြတဲ့အဖွဲ့တွေဆို အခုလို သုံးခန်း လေးခန်းပါတဲ့ အိမ်ကိုငှားမှ စျေးသက်သာပါတယ်။
သူငယ်ချင်းတွေချည်း စုငှားနေကြတာမဟုတ်ဘဲ တစ်ဦးက ဦးဆောင်ပြီး တစ်အိမ်လုံးငှားလိုက်တယ် နောက်ပြီးမှ လူငှားထပ်ရှာတဲ့ လူတွေလဲ ကိုက်ကြပါတယ်။ ဥပမာ အခန်းသုံးခန်းပါတဲ့ အိမ်ဆိုပါတော့၊ ကျန်တဲ့နှစ်ခန်းကို အငှားချမယ်ဆိုလျှင်၊ မာစတာအခန်းကို အိမ်ရှင်တွေ အမြဲနေကြပါတယ်။ ပိုတဲ့ common ခန်းတွေကို အငှားချပါမယ်။ တစ်ခန်းကို သုံးယောက်နဲ့ နှစ်ခန်း အငှားချလိုက်ရင် တစ်ဦးလျှင် ၃၃ဝနဲ့ နှစ်ခန်းဆိုတော့ ၁၉၈ဝ ရပါမယ်၊ အိမ်ငှားထားတာက ၁၈ဝဝ ဆိုပါစို့၊ Pub ဖိုးက ၃ဝဝလို့ထား၊ အင်တာနက်ကို ပုံမှန်ဆိုလျှင် ၆ဝ တန်ဆိုရပြီ။ မြန်နှုန်းမြင့်ကိုယူမယ်ဆိုမှ ၉ဝလောက်ကျတယ်။ ဆိုတော့ အိမ်လခ ရေဖိုးမီးဖိုး အင်တာနက်ဖိုးအပါအဝင် ၂၂ဝဝ ကျတယ်ထား၊ အိမ်ငှားတွေဆီက ပြန်ရတာက ၁၉၈ဝဆိုတော့ အိမ်သူကြီးက လိုတဲ့ ၂၂ဝဘဲ ပေးစရာလိုပါတော့တယ်။ လူတွေနဲ့နေတတ်ဖို့ဘဲ လိုပါတယ်။ မကိုက်လား။ (မှတ်ချက် လူပြည့်နေဖို့လိုပါတယ်။ လူဆင်းသွားတဲ့ လမှာတော့ သူကလိုသမျှ စိုက်နေရမှာ ဖြစ်ပါတယ်။) ဒါကြောင့် အခန်းများလေ ကိုက်လေဖြစ်ပါတယ်။ လူတွေတော့ ရှုတ်တာပေါ့လေ။ အခုနက တစ်ခန်းသုံးယောက်နှုန်းနဲ့တွက်တာပါ။ တစ်ခန်းမှာ နှစ်ယောက်နှုန်းဘဲ နေကြမယ်ဆိုရင်တော့ အိမ်သူကြီးအတွက် သိပ်မကိုက်ပါဘူး။ သို့သော် အပြင်ပေါက်စျေးနဲ့ ချိန်ကြည့်ရင်တော့ သူလဲ သူများအိမ်မှာ မာစတာခန်းသွားငှားနေရင် ပေးရမယ့် နှုန်းထားလောက်ဘဲ ကျသင့်တာဖြစ်တဲ့အတွက် မဆိုးဘူးလို့ ပြောလို့ ရပါသေးတယ်။ အေးဂျင့်ဆီက အိမ်ငှားခစျေးသက်သာလေ အိမ်သူကြီးအတွက် ကိုက်လေ ဖြစ်မှာပါ။ ဒါကြောင့် တချို့အိမ်တွေမှာ ဝရန်တာလိုနေရာမျိုးမှာပါ အလုပ်လာရှာတဲ့ လူလိုမျိုး ယာယီနေတဲ့လူတွေကို အငှားချပါသေးတယ်။ (ပိုပြီးခွက်ကျတဲ့ အိမ်တွေမှာ စတိုခန်းကျယ်ကျယ်လဲ ပါသေးတယ်ဆိုရင် စတိုခန်းမှာပါ ပန်ကာပေးထားပြီး လူငှားချပါသေးတယ်။)
အိမ်သူကြီးဖက်က ဘာတွေနစ်နာထားသေးလဲ ဆိုတော့ အိမ်ကိုစငှားတုန်းက အေးဂျင့်ဖိုးကို သူကပေးလိုက်ရပါတယ်။ နောက်မှလာမယ့် အိမ်ငှားတွေက အဲဒီအဖိုးအခကို ကုန်စရာမရှိတော့ပါဘူး။ ဒါကြောင့်တချို့က အိမ်ကိုဦးဆောင်မငှားလိုဘဲ အိမ်ငှားအဖြစ်နဲ့ဘဲ နေချင်ကြပါတယ်။ အိမ်သူကြီးအနေနဲ့ အိမ်ရှင်ဆီမှာ တစ်လစာ Deposit ဆိုတာပေးထားရပါသေးတယ်၊ အဲဒီ Deposit ဆိုတာက အိမ်ပြန်အပ်တော့မယ်ဆိုရင် အိမ်ရှင်ရဲ့ပြူးပြဲကြည့်ပြီး သူ့အိမ်ကို ဝယ်စတုန်းကအတိုင်း အသစ်ပြန်ဖြစ်လိုမှုနဲ့ ပြင်ဆင်ရန်အလို့ငှာဆိုတဲ့ ခေါင်းစဉ်တွေအောက်မှာ ဖြတ်တောက်လိုက်တဲ့အခါ Deposit ရဲ့တစ်ဝက်လောက် ပြန်ရရင် တော်တော်ကံကောင်းနေပါပြီ။ အခန်းကိုပြန်ငှားတဲ့ လူတွေကလည်း အိမ်သူကြီးတွေဆီမှာ တစ်လစာ Deposit ဆိုပြီးပေးရပါသေးတယ်။ ဒါပေမယ့် အိမ်ကဆင်းတော့မယ်ဆိုရင် တစ်လကြိုပြောပြီးဆင်းမယ်ဆိုရင် Deposit ကိုအပြည့်ပြန်ပေးရပါတယ်။ အိမ်ကလည်း ပြန်မအပ်သေးဘူးဆိုရင် အိမ်ပေါ်ကဆင်းသွားမယ့်လူဟာ အင်မတန်တန်ပါတယ်။ အိမ်သူကြီးအနေနဲ့ အိမ်ရှင်ဆီကနေ Deposit အပြည့်ပြန်မရမယ့် အချိန်မှာ သူက အိမ်သူကြီးဆီကနေ အပြည့်ပြန်ရနိုင်လို့ပါဘဲ။ (ဒါတောင် တစ်ချို့ အိမ်သူကြီးတွေက Deposit တစ်ဝက်ကြိုတင်ဖြတ်ထား တတ်တယ်လို့လဲ ကြားဖူးပါတယ်။ များသောအားဖြင့်တော့ ကြိုပြောရင် အကုန်ပြန်အမ်းရပါတယ်။) အကိုက်ဆုံးကတော့ JTC ကအခန်းရရင် အဲဒီကယူပြီး ပြန်အငှားချတာပါဘဲ။ ပရိဘောဂတွေ ဝယ်ထည့်ရတာက အေးဂျင့်ကို တစ်လစာပေးလိုက်ရသလောက်တောင် မကျပါဘူး။ နောက်ပြီးတော့ အနဲဆုံး ၂နှစ်တော့ တည်ငြိမ်ပါတယ်။ သူက သုံးခန်းပါတဲ့ အိမ်မှ ၁၄ဝဝ လောက်ကျတာဆိုတော့ အများကြီး သက်သာသွားမှာပါ။ လေးခန်းပါတဲ့ အိမ်ဆို ၁၆ဝဝ လောက်ဘဲရှိတော့ ပိုကိုက်ပါတယ်။
အခုဆက်ပြောမှာက စီးပွားဖြစ် အိမ်ငှားစားကြမယ့် အကြောင်းပါ။ အပေါ်မှာ ပြောပြခဲ့သလို အိမ်သူကြီးလုပ်တဲ့လူတွေအနေနဲ့ အမြတ်အများကြီး မကျန်ပေမယ့် အပြင်ပေါက်စျေးထက် သက်သာနိုင်သလို တချို့ထူးပြီးမသက်သာပါဘူး။ နေရာအနေအထား၊ လူအနဲအများ၊ အိမ်စျေးကိုလိုက်လို့ပေါ့။ အဲဒီစျေးကွက်ကို ကြိုမြင်တဲ့ စီးပွားရေးမျက်စိရှိတဲ့ အနေကြာသူများက အိမ်တွေကို နေရာစုံမှာ လိုက်ငှားထားပြီး ဗမာစျေးကွက်မှာ ပြန်အငှားချပါတယ်။ အိမ်သူကြီးနဲ့ အတူမနေရဘူးဆိုတဲ့ အချက်ကလဲ အိမ်ငှားတွေကို ဆွဲဆောင်နိုင်ပါတယ်။ အဲဒီလို အိမ်ငှားစားနေတဲ့ အိမ်မှာနေရမယ်ဆိုရင် ဘယ်လိုမှ နှစ်ယောက်တစ်ခန်း နေဖို့မဖြစ်နိုင်ပါဘူး။
အပိုင်း(၂)
706 views
22 Responses to အိမ်ခန်းငှားစားကြမလား
  1. juneone says:
    ဆက္ပါဦး။အခုနေတဲ့အိမ်ရှင်တော့မပြောတတ်ဘူး။အရင်နေတဲ့အိမ်က အိမ်ရှင်ကတော့ deposit အပြည့်ပြန်ရတယ်။
    ဘာမှပြန်မစစ်ဘူး။
  2. တောင်ပေါ်သား says:
    ဖတ်ပြီး ငိုချင်တယ် ကျနော့်တို့ သူငယ်ချင်းတွေ စုနေတာ ၂+၁ ကို ၁၈၀၀ ပေးရတယ်. ခု လူတွေက မရှိတော့ ၄ ယောက်ပဲ နေရတာ တလတလ မွဲရချေရဲ့ ဦးဒီဘီရေ..  ခုတော့လဲ စာချုပ်ပါအတိုင်း အချုပ်က မိနေတုန်းဗျ ကူပါ ကယ်ပါဦး မပြောချင်ဘူး အဟဲဟဲ
    လေးစားလျက်
    တောင်ပေါ်သား
  3. Sunshine says:
    အောင်မလေး ဒို့တော့ကံဆိုးတယ် သူငယ်ချင်းနဲ့စပ်တူတအိမ်လုံးငှါးပီး သူကြီး လုပ်စားဖို့မပြောနဲ့ ကိုဧည့်အိတ်ထဲကစိုက်လိုက်ရတယ် ၃ခန်းပါတဲဧည့်အိမ်ကို ၂၃၀၀ ပေးရတယ် သူ့သူငယ်ချင်းတွေကလဲညစ်ပတ်လိုက်တာတာတေလန်နေတာဘဲ တော်တော်စိတ်ညစ်ရတယ် ပိုက်ပိုက်တွေကုံပီး မ ok တော့ စိတ်ညစ်နေရ တယ် နှင်ရင်လဲ နောက်အသစ်မရရင် ဒုပ်ခဆိုပီး  ဝှူး။
  4. Thant says:
    singaporean တွေအိမ်မှာ ငှားနေတာပိုပြီးဈေးသက်သာပါတယ် ။ မြန်မာအိမ်ကိုပြောင်းမလားလို့ စဉ်းစားပြီး website တွေမှာ ရှာကြည့်တာ အိမ်လခတွေမြင်ပြီး ဘုရားတနေရတယ် ။ အခန်းကျဉ်းပေမယ့် တစ်ယောက်တည်းခန်းဆိုတဲ့ အားသာချက်ရယ် ၊ အပေါက်ဆိုးတဲ့မြန်မာအိမ်ရှင် မရှိတာရယ် =-X =-X ၊ ကြမ်းပိုးမရှိတာရယ် ( ကြမ်းပိုးတော့အသေကြောက်တယ် ) ကိုထောက်ပြီး မပြောင်းတော့ပါဘူးလေ ။ 
    ဆက်ရေးပါ ။ စောင့်ဖတ်ပါမယ် :)
  5. julyDream says:
    အင်း…သက်ပြင်းရှည်ကြီးပဲ ချသွားပါတယ်။ အိုးသူကြီးလို ဘာမှ မရပေမယ့် အရာရာကို ခေါင်းခံရတာ မလွယ်ပါဘူး။
  6. kaungkinpyar says:
    မှန်ထှာ ၊ ပြာတို့ ပထမ အိမ်က အိမ်ရှင်ဆီက နဲနဲပဲ ပြန်ရတယ်၊ ခုတော့ နောက်တနေရာ ဘယ်လိုလာမယ် မသိပါ၊ စိုက်ရလွန်းလို့ လူလဲ ရူးချင်နေပီ
  7.ုkom says:
    နောက်ဆုံးတော့ ဘယ်လိုဖြစ်သွားလဲ။ လှန်ဖတ်လိုက်သည်။
  8. sin dan lar says:
    (ကန့်ကွက်ပါတယ်)၃
    >:o >:o >:o
  9. sin dan lar says:
    ဘုရား.. ဘုရား… =-X =-X =-X
  10. rose of sharon says:
    အင်း…မှတ်ထားရမယ်…တကယ်လို့များစကာင်္ပူမှာနေရဖို့အကြောင်းဖန်လာရင်တော်တော်အသုံးဝင်မယ်
  11. Guest says:
    ဒါပေမယ့် စလုံးအိမ်တွေက အကုန်လုံးနီးပါး ဟင်းချက်လို့မရဘူး ….. *Only Boiling …. ဒါကိုတော့မကြိုက်ဘူး
  12. sin dan lar says:
    အေးဂျင့်ကိုပေးရတဲ့ တစ်လခက ၁၆၇၀၊ JTC မှာ ငှားလို့ ပစ္စည်းဝယ်ထည့်ရတာ ၄၅၀၀ ပတ်ဝန်းကျင်ဖြစ်နေပြီ… (အဲကွန်းအပါအဝင်…)
    >:o >:o >:o >:o >:o
    မကျေနပ်လို့ နှစ်ယောက်ပေါင်းပြီး နောက်တစ်ခါ ပြန်လာမန့်တာ…
  13. sdl says:
    အေးဂျင့်ကိုပေးရတဲ့ တစ်လခက ၁၆၇၀၊ JTC မှာ ငှားလို့ ပစ္စည်းဝယ်ထည့်ရတာ ၄၅၀၀ ပတ်ဝန်းကျင်ဖြစ်နေပြီ… (အဲကွန်းအပါအဝင်…)  
    >:o >:o >:o >:o >:o  
    မကျေနပ်လို့ နှစ်ယောက်ပေါင်းပြီး နောက်တစ်ခါ ပြန်လာမန့်တာ…
  14. sdl says:
    ဒီကိုလာဆီက ဝယ်တယ မပါသေးဘူး.. ပြန်သတိရပြီး ငိုချင်လာပြီ…။
  15. MrDBA says:
    ဟီးဟီး … ဆင်ဆင်တို့က နတ်တလင်းက အိမ်အမှတ်နဲ့ ပစ္စည်းတွေ သူဌေးစတိုင်၊ စတိုင်ထွား၊ မလိုက်များပြီး ထည့်နေတာကိုးဗျ။ ကုန်ပေါ့ … ပျော်ထှာ။ ကိုညီက ဘော့စ်ဘဲဟာ တစ်ဆက်ရှင် သင်လိုက်တာနဲ့ ဟော ..ဆို ပြန်ပြည့်လာမှာ။ :-$ :-$
  16. ThihaThit says:
    ကိုကိုDB
    အိမ်သူကြီးတော့ လုပ်ချင်ဘူးဗျ ပျင်းတယ်
    ဘေဘီလေးရောက်လာရင်တော့ ကိုယ်တိုင်အိမ်ငှားပြီး အိမ်သူကြီးလုပ်ရတော့မလားမသိ
    ခင်မင်စွာဖြင့်
    သီဟသစ်
  17. နွေးနေခြည် says:
    နေခြည်နေတဲ့ စလုံးအိမ်တော့ ချက်လို့ရပါတယ်
  18. MrDBA says:
    ကိုဂျူလိုင်ရဲ့ အတွေ့အကြုံလေးလဲ ပြောပြသွားပါဦးဗျ။ :-D
  19. ksanchaung says:
    သူကြီးလား။ မလုပ်တော့ဘူး။ သူကြီးသားပဲ လုပ်တော့မယ်။
  20. ပုလုကွေး says:
    စလုံး အိမ်ငှား ဒုက္ခက တော့ မသိဘူးဗျ..ရောက်ကတည်းက သူများငှားပီးသား အိမ်မှာ အခန့်သားတက်နေတာ..အခန်းခ ကလည်း ဘယ်မှာမှ မရနိုင်တဲ့ဈေးဗျ။ ဟို အတောင် (တောင်ငူသား)ကတော့ အခန်းငှားတဲ့ ဒုက္ခကို မကြာမကြာ ညီးသဗျ….နောက်တစ်ပိုင်း ဆက်ဖက်ဦးမယ်ဗျာ
  21. [...] အပိုင်း(၁)၊ အပိုင်း (၂) [...]
Leave a Reply
Your email address will not be published. Required fields are marked *
*
You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>
Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook