ဝလုံးကိစ္စ

တလောက MZ ဖိုရမ်မှာ တစ်ယောက်ကမေးလာတယ် ဝလုံးနဲ့ သုည (၀) ဘယ်လိုခွဲလဲတဲ့။ ဗမာလိုရေးတဲ့ အခါ ဝလုံးဆိုလဲ ကီးဘုဒ်က သုညကိုနှိပ်၊ သုညဆိုလဲ ကီးဘုဒ်က သုညကိုနှိပ်နဲ့ အတူတူဘဲသူက ထင်နေတာတဲ့။ သူပြောမှ ကိုယ်လဲ သေချာစဉ်းစားကြည့်မိတယ်။ ကျွန်တော်ရော ဘယ်လိုရိုက်လဲလို့။ လွယ်လွယ်ကူကူ ကီးဘုဒ်က သုညဘဲ လှမ်းရိုက်လိုက်တာဘဲ။ အမှန်က ကီးဘုဒ်မှာ [ Ctrl + < ] နှိပ်ရင်ဗမာစာလုံး ဝလုံးထွက်တယ်။ ကျွန်တော်က လွယ်လွယ်ကူကူ ကီးတစ်ခုထဲဖြစ်တဲ့ သုညကိုသာ ရိုက်မိနေတာ။ အမြင်မှာလဲ တူတယ်လို့ထင်ရတယ်ဗျ။

အမှန်က မတူဘူး။ ဒါပေမယ့် ဖောင့်ဗားရှင်း အပေါ်မှာမူတည်လို့လဲ ပေါ်တာကွာသေးတယ်။ တချို့ဗားရှင်းတွေဆို သုညနဲ့ ဝလုံး မကွဲဘူး တူတယ်လို့ထင်ရတယ်။

ပုံမှာကြည့်။ ဝလုံးက တဆက်ထည်းဖြစ်ပြီး သုညကတော့ အပြတ်ကလေးပါနေတာ တွေ့ရမယ်။ တချို့ ဖောင့်ဗားရှင်းတွေက ဒီလိုမကွဲကြဘူး။ အားလုံး တဆက်တည်း ဖြစ်နေတယ်။ ဝလုံးလိုလို သုညလိုလို မကွဲတာ လောလောဆယ်မသိသာပေမယ့် နောက်ပိုင်း sorting လုပ်တဲ့ ကိစ္စတွေမှာ တလွဲတွေဖြစ်လာနိုင်တယ် ကိုယ်က မှားသုံးထားရင်ပေါ့။

နောက်တစ်ခုက တလောက သူငယ်ချင်းတစ်ယောက်က လာငြီးနေတယ်။ သူတဲ့ သူ့သူငယ်ချင်းတစ်ချို့ကိုတဲ့ ဈေးဘယ်လိုပေါင်းလဲ မေးကြည့်တာ စလုံး + ရပင့် + ဝစ္စနှစ်လုံးပေါက် = ဈေး လို့ ပေါင်းပြလို့ စိတ်မကောင်းဖြစ်ရသတဲ့။ ကျွန်တော်တောင် ယောင်ရမ်းပြီး ငြင်းလိုက်သေးတယ်။ အေးလေ အဲလိုမပေါင်းလို့ မင်းက ဘယ်လိုပေါင်းချင်လို့တုန်းလို့။ ကျွန်တော်တောင် သေချာအောင် စိတ်ထဲ ရိုက်နေကြ ကီးလေးတွေ ပြန်တွေးနေသေးတယ်။ သူလဲ ကျွန်တော့် ကိုရီသေးတယ် ပထမတော့။ နောက်တော့ သူကရှင်းပြတယ်ဗျ။ ကီးဘုဒ်မှာတဲ့ ဈ ဆိုတာ သတ်သတ်ပါပြီးသားတဲ့။ ဒါပေမယ့် လူတွေက လွယ်လွယ်ကူကူ စ +ျ = ဈ လို့ဘဲ ရိုက်နေကြလို့ အမှတ်မှားနေတာတဲ့။ ဟုတ်ပဗျာ အဲဒီလိုသာ အမြဲမှတ်ထားမိရင် ခက်ရချေရဲ့။ ကိုယ့် ကလေးတွေကို စာသင်ပေးတဲ့ အခါမှာပါ မှားပြီးသင်ပေးနေမိရင် အခက်။

ဘာရယ် မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်လဲ အလွယ်ရိုက်မိနေတာလေး မှားနေတာလေး သူများတွေပါ သတိထားမိအောင် ပြန်ပြီး သတိထားလို့ရအောင် အသိပညာ ဖလှယ်ပေးတဲ့ သဘောပါဗျာ။ ကျွန်တော်တို့ငယ်ငယ်ကတော့ သေချာသင်ခဲ့ရပါတယ် ဒါပေမယ့် နေ့စဉ်နဲ့ အမျှ ကွန်ပျူတာမှာ ကီးဘုဒ်နဲ့ ရိုက်လာတာကြာတဲ့အခါမှာ အမှတ်တမဲ့ မသိမသာ အမှတ်မှားလာတာလေးကို သတိပြုမိစေဖို့ပါဘဲ။ နဂိုကတည်းက မှန်မှန် ရိုက်နေရင်တော့ ကောင်းပါတယ်လို့ ……။

4,906 views