ငုတ်တုတ်ထင်ရှား (အွန်လိုင်း)သူငယ်ချင်းများ (၃)

အွန်လိုင်းမှာ ခင်တာနောက်တစ်ယောက်ကတော့ နာမည်ကြီး ဘလာ့ဂါ ညမီးအိမ် ပါတဲ့ဗျား။ သူ့ကိုက MZ ဖိုရမ်မှာ မေးရင်း ဖြေရင်းခင်သွားတာပါ။ ကျွန်တော် ဘယ်လောက်တော်လဲဆို သူ့ကို ဘလော့ဂါလို့ မသိဘူး။ သာမန် ကွန်ပြူတာ သုံးသူလို့ဘဲထင်ထားတာ။ သူ့ကို ဘလော့ဂါမှန်းသိကြတဲ့ လူတွေကတော့ MZ ကိုဝင်ကထဲက ၀ိုင်းနှုတ်ဆက်ကြပါတယ်။ ကျွန်တော်က အဲဒီအထိမသိသေးဘူး ကိုယ်လဲ သာမန်မင်ဘာတွေဝင်လာရင် ကြိုနေကြ သွားကြိုလိုက်တာပေါ့။ ဒါပေတဲ့ သူကလဲ တော်တော် တန်တန် မေးကြမြန်းကြတာတွေမှာတော့ ၀င်ဝင်ဖြေနေတော့ သာမန်ထက်တော့ သတိထားမိတာပါတယ်။ နောက်တစ်ခုသတိထားမိတာက သူဘယ်အချိန်အိပ်လဲတော့ မသိဘူး သူ့ကိုညနက်မှချည်း MZ ပေါ်မှာ တွေ့တွေ့နေရတာဘဲ။ ကိုယ်တစ်ခါတစ်လေ မအိပ်သေးလို့ MZ ၀င်လိုက်ရင် သူရှိနေတယ်။ နောက်တော့ မြန်တယ်ဗျ သူ့ကို မော်ဒရေတာ ပေးလိုက်တာ၊ MZ ကလုပ်နေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓါန်မှာ သူက စိတ်ဝင်စားတယ်။ ၀င်ကူပါ့မယ် ဆိုတာနဲ့ စည်သူက အပိုင်စည်းရုံး လိုက်တာဖြစ်မယ်။ မော်ဒရေတာ ဖြစ်သွားတော့တာဘဲ။ အဲဒီလိုနဲ့ တနေ့တော့ သူ့ရဲ့ signature ကနေ သူ့ဘလော့လင့်ကို ရောက်သွားတယ် ဆိုပါတော့။ လား လား သူက ဘလော့ဂ်တွေ မရေးဘဲ ပြစ်ထားလို့ ပြန်ရေးဖို့ နားချတဲ့လူနဲ့ အားပေးတဲ့လူနဲ့ ခေသူမဟုတ်ဘူးဗျ။

နောက်တစ်ယောက်ကတော့ ကျွန်တော်နဲ့ ML မှာ စာအုပ်အတူတူတင်ဘူးတဲ့ Everlearner ပါတဲ့။ ကြွားပြောရရင် အရင်က ကျွန်တော် ML ကိုမ၀င်ခင်က ML က မြန်မာစာအုပ်တွေများတယ်။ သူတို့ အစဦး ရည်ရွယ်ချက်က မြန်မာ စာအုပ်တွေ ပြန်မျှကြဖို့တဲ့။ ကျွန်တော်ကတော့ မြန်မာစာအုပ် မရှိတာရယ် ကိုယ့်မှာ လွယ်လွယ်ကူကူရနိုင်တာ နည်းပညာ စာအုပ်တွေဆိုတော့ ကိုယ်တင်ရင် နည်းပညာ စာအုပ်တင်တာဘဲ။ အဲဒီနောက်မှာ မြန်မာစာအုပ်က eBook version ရှားတာရယ် သူသူကိုယ်ကိုယ် နည်းပညာ စာအုပ်ကအလွယ်တကူ ရှိနေကြတာရယ်ကြောင့် နည်းပညာစာအုပ်တွေ တင်ပေးသူများလာပါတယ်။ Everlearner ကြီးကတော့ ကျွန်တော့်ထက်စောတယ် ML မှာ တင်ပေးနေတာ။ နောက် ကျွန်တော် အုပ် ၁၀၀ ပြည့်သွားတော့ စေတန်တို့က ftp account လေးဆောက်ပေးတယ်။ အဲဒီမှာ ကျွန်တော်လဲ ဒင်းကျန်းပြည့် တင်တော့တာဘဲ။ နောက်တော့ Everlearner ကြီးလဲ အုပ် ၁၀၀ ပြည့်တော့ သူ့ကိုလဲ ftp ဆောက်ပေးပါတယ်။ သူကလဲ ရန်ကုန်မှာနေပေမယ့် နေရာကောင်းလေးရထားတော့ အင်တာနက် ကောင်းကောင်းသုံးရတော့ စာအုပ်တွေပြန်တင်တာတွေ မြန်တယ်ဗျ။ အဲဒီတုန်းက ကျွန်တော့်မှာ ရောဂါတစ်ခုရှိတယ်။ ရှေ့ဆုံးစာမျက်နှာမှာ ကျွန်တော့် ပို့စ်တွေ ရှိနေမှ စိတ်ချမ်းသာတယ်၊ နောက် တစ်နေ့ကို စာအုပ် ၅ အုပ်တင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကလဲ ရှိတယ်။ ဆိုတော့ သူကလဲ တင် ကျွန်တော်ကလဲ တင်ဆိုတော့ ရှေ့ဆုံးစာမျက်နှာမှာ ကျွန်တော်တင်ပြီးမှ သူတင်ရင် သူ့စာအုပ်တွေက ရှေ့ဆုံးရောက်နေတာပေါ့ဗျာ။ အဲဒီတော့ ငါးအုပ်ပြည့်သွားလဲ ရှေ့ပြန်ရောက်ခြင်လို့ ကျွန်တော့မှာ ထပ်တင်ရပါရောလား။ တခါတလေ တနေ့ ၁၀ အုပ် ၁၅ အုပ်လောက် တင်ဖြစ်တယ်။ အဲလိုပြိုင်နေတာ ကျွန်တော်ပြောပါတယ်။ သူကတော့ အေးအေးဆေးဆေးပါဘဲ။ နောက်တော့သူလဲ လုပ်နေတဲ့ အလုပ်ကထွက်လိုက်တော့ အင်တာနက် သုံးရတာ အဆင်မပြေတော့ဘူး အဲဒီမှာ သူလဲ သိပ်မလာနိုင်တော့ဘူးပေါ့။ ကျွန်တော်တစ်ယောက်ထဲ ပြိုင်ဘက်ကင်းပေါ့။ နောက်တော့ ပျင်းလာတယ် တစ်ယောက်ထဲ တင်နေရတော့ တနေ့တနေ့ ကျွန်တော်မှ မတင်ရင် စာအုပ်က အသစ်မတက်တော့ဘူး။ သူက Gtalk တောင် မလာနိုင်တော့ဘူး။

တကယ်ဆို သူနဲ့ ကျွန်တော် တွေ့ဖို့ အကြောင်းဖန်လာသေးတယ်ဗျ။ သူက ဒီမှာ အလုပ်လာရှာသေးတယ်။ အဲဒီတုန်းက တွေ့လို့ရနိုင်ရဲ့သားနဲ့ ကျွန်တော်ကလဲ မအားတော့ သူနဲ့ မတွေ့ဖြစ်လိုက်ဘူး။ အဲခုထိလဲ ဘယ်ရောက်နေလဲ မသိဘူး။ အလုပ်မရရင် ကျောင်းတက်မယ်လို့တော့ ပြောတာဘဲ ဖုန်းနဲ့တော့ စကားပြောဖူးလိုက်လို့ တော်သေးတာပေါ့။ ကဲ ကို ever ရေ ဒီစာလေးဖတ်ဖြစ်တယ်ဆိုရင် သတင်းလေးပေးပါဦး ဘယ်ရောက်နေလဲဆိုတာ။

နောက်တစ်ယောက်ကတော့ ဂျပန်ကတစ်ယောက်ဘဲ။ ဂျန်ပန်မလေးတော့ မဟုတ်ဘူး။ ဘားဂလိ လို့ခေါ်တဲ့ ဘားဂလိ လိုရေး မြန်မာလို စာလုံးထွက်တဲ့ဟာလေး ထွင်တဲ့တစ်ယောက်ပေါ့။ တော်တော် အသုံးတည့်ပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဘားဂလိကို မြှင့်တယ်နေတာလို့ထင်ရပေမယ့် အဲဒီလိုရေးထားတဲ့ နောက်ကွယ်က နည်းပညာရယ် စိတ်ကူးစိတ်သန်းရယ်ကိုတော့ ချီးကျူးရမှာဘဲ။ မာ့ခ် လို့လဲခေါ်သဗျား။ MMGeeks မှာလဲရှိသဗျ။ သူကလဲ နည်းပညာ ဦးစားပေး ဘလော့ဂ် လေးလဲ ရေးသဗျ။ ကျွန်တော်ကတော့ လိုက်မမှီတော့ သိပ်မသွားဖြစ်ဘူး။ သူ MZ ကို ၀င်မလာသေးချင်း အထိ သူ့ကို ကျွန်တော် မသိဘူး။ အဲလိုတော်တာ ကျွန်တော်က။ MZ ၀င်လာတော့ သူ့ကို သိတဲ့လူတွေရှိတယ်။ သူကို ပထမ စသိတော့ နက်ဝတ်ခ် အင်ဂျင်နီယာ အနေနဲ့ဘဲသိတာ။ ဒီလောက်ဘဲ။ :P။ နောက်တော့ တစ်ရက် သူက ဘားဂလိကို ကြော်ငြာဝင်ပါရော။ ကျွန်တော်ကလဲ ရန်ကုန်မှာတုန်းက ဆိုင်မှာ သူများတွေ ချက်ကြရင် ဘားဂလိလို ရေးနေကြတာကို အသဲယားနေတာရယ် ကိုယ်ကလဲ ဘားဂလိလို ရေးလာရင် ဖတ်ရတာ တော်တော်အားစိုက်ရတာရယ်ကြောင့် ဘားဂလိဆို အသဲ အရမ်းယားတာဘဲ။ သူက MZ မှာ ဘားဂလိကို ပြောလာတော့ ကျွန်တော်က မကြိုက်ဘူးလို့တောင် ပြောကြ ငြင်းကြသေးတယ်။ အများကြီးတော့ မငြင်းပါဘူး သူကလဲ စွတ်ပြီး မပြောတာပါမှာပါ။ နောက်တော့ ယူနီကုဒ်တိုက်ပွဲတွေ လေ့လာရင်းနဲ့မှ သူ့ဘားဂလိဟာ သာမန် ဘားဂလိမဟုတ်မှန်း သိလာရတယ်။ အဟဲ .. သူက ခုတလော ပွက်ပွက်ဆူနေတဲ့ MBS ဆိုတဲ့ အဖွဲ့ကြီး လည်ပတ်ရေးမှာ နောက်ကွယ်က ကူညီပံ့ပိုးနေတဲ့တစ်ယောက်ပါ။ ကျွန်တော့် ကိုယ်ပိုင်ခံစားချက်နဲ့ဆိုရင်တော့ သူ့ကို အဲဒီကနေ ကင်းကင်းရှင်းရှင်းနေစေခြင်တယ်။ ဒါပေမယ့်နော့ နည်းပညာ သမားဆိုတာ ကိုယ်ယုံကြည့်ရာ ကိုယ်လုပ်နေရရင် ပျော်နေတဲ့လူတွေဆိုတော့ မပြောရက်ပါဘူး။

တခြားဖတ်ရန်

Tags :
2,071 views