Tag: east coast
Singapore 91
စင်ကာပူအကြောင်း အခန်းဆက်ရေးလာတာ အခုဆိုရင် အပိုင်း ၉၁တောင်ရောက်သွားပါပေါ့ (ခပ်တည်တည်ဘဲ)။ အခုနောက်ပိုင်းမှာ ကျွန်တော်တို့ လင်မယားနှစ်ယောက် ဟိုဟိုဒီဒီ သိပ်မသွားဖြစ်ပါဘူး။ အဲဒါနဲ့ အခုသုံးရက်ပိတ်တုန်းမှာ လျှောက်လည်ကြမဟဲ့ဆိုပြီး ထွက်ဖြစ်ကြပါတယ်။ မထမနေ့မှာတော့ မရိုးနိုင်တဲ့ East Cost ကိုဘဲ သွားဖြစ်ပါတယ်။ တရုတ်နှစ်ကူးတုန်းကတော့ တဲပါထိုးပြီး ညအိပ်ဖြစ်တယ်၊ ဒီနှစ်တော့ မနှစ်က အတွေ့အကြုံအရ ရေချိုး အိမ်သာတက်ရတာ ခက်ခဲတာနဲ့ ညမအိပ်တော့ဘဲ မနက်ပိုင်းရောက်အောင်လာ ညနေမိုးချုပ်မှ အိမ်ပြန်ကြပါတယ်။ အဲဒီနေ့မနက်ခင်းမှာ ပေါ့ပေါ့ပါးပါး ကလေးနှစ်ယောက်ကို နေရာသွားဦးခိုင်းထားရပါသေးတယ်။ ဒါတောင် ကံကောင်းလို့ ကျောက်စားပွဲတစ်လုံးရတာပါ။
ရာသီဥတုကတော့ ဘောလုံးသမားများ အကြိုက်ဖြစ်ပါတယ်။ သို့သော် ဘော်လုံးတော့ မကန်ကြပါဘူး။ မိုးမရွာခင်မှာ ဘောင်းဘီလိုက်ရှာဝယ်ပြီးတော့ မိုးရွာသောအခါ ရေဆင်းချိုးကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ အဲဒီနေ့က လူတော်တော်မများပါဘူး။ မျက်စိနောက်စရာတွေ သိပ်မတွေ့ရတဲ့အတွက် တော်တော်စိတ်ချမ်းသာပါတယ်။ ရေချိုးတဲ့ပုံကတော့ Facebook ထဲမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်လိုက်ပါသေးတယ်၊ အခုတော့ ရှက်သွားတဲ့အတွက် ကြည့်ရှုခွင့်ကို ပိတ်ပင်ထားလိုက်ပါပြီ။ (ဟမ်)
ရေကကမ်းခြေမှာ ချိုးတာ ဖြစ်ပေမယ့်လဲ၊ ရေမကူးတတ်တဲ့အတွက် ရေနစ်မှာတော့ ကြောက်ပါသေးတယ်။ ဒါကြောင့် ကြောက်ပြီး ဒူးတုန်မနေအောင် ရဲဆေးတင်ရပါသေးတယ်။ သိပ်အကြိုက်ကြီးတော့ မဟုတ်လှပါဘူး။ စားတယ် သောက်တယ် ပေါက်တယ် လေပန်းတယ်နဲ့ တနေကုန်ပါတယ်။
ကလေးတွေ စက်ဘီးစီးတာ တွေ့တာနဲ့ အတူလာကြတဲ့အထဲက စက်ဘီးငှားပြီး စကားထိုင်ပြောနေကြတဲ့ နှစ်ယောက်အစား စက်ဘီးစီးထွက်လိုက်ပါသေးတယ်။
ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့ ဒီကလေးဟာ မမောနိုင်မပန်းနိုင် ကျွန်တော်တို့အနားမှာဘဲ လှည့်ပါတ်စီးပါတယ်။ စက်ဘီးချိမ်းကျရင် လမ်းပေါ်မှောက်ထားလိုက်လို့ သူ့အဖေလို့ထင်ရတဲ့ တရုတ်ကြီးက လာလာပြင်ပေးမှ ထပ်စီးပါတယ်။ သူ့ကြည့်ပြီး ကျွန်တော်တို့ ထပ်တင်စရာမလိုဘဲ အရှိန်တွေတက်နေကြပါတယ်။
အဲဒီနေ့က လိုလိုမယ်မယ် ကင်မရာသာ ယူသွားတာ စိတ်အေးလက်အေးနားချင်တဲ့အတွက် ဓာတ်ပုံအများကြီး မရိုက်ဖြစ်ပါဘူး။ ဒီပုံကတော့ ကင်မရာမြင်ရင် မနေနိုင်တဲ့ ပိန်ပိန်ရိုက်ထားတာပါ။
ဒါကတော့ အရသာအားဖြင့် အောင်မြင်သွားတဲ့ အိမ်ချက်ဒံပေါက်ပါ။ အရောင်ပိုင်းမှာ စိတ်တိုင်းမကျသေးပါဘူး။ တတိယ အကြိမ်မြောက်မှာတော့ လုံးဝအောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။ ထပ်ဖောက်ဦးမှာပါ။ အဲဒီအခါကြတော့ လာအားပေးကြပါဦးနော်။
ညနေပိုင်းမှာမှ ရောက်လာတဲ့တစ်ယောက် ဝယ်လာတဲ့ ဘဲကင်စားပြီးမှာတော့ အားလုံးအိမ်ပြန်ကြပါတယ်။ ဘဲကင်ကတော့ တစ်ယောက်တစ်လက် ကျောင်းသားလက်မှာ နောက်မကျရအောင် လိုက်နေရတဲ့အတွက် ပုံထွက်မလာပါဘူး။ ဒုတိယ ပိတ်ရက်ကိုတော့ အပြောကြီးလှတဲ့ Marina Sand Bay က Sky Park ဆိုတာကြီးကို သွားဖို့ လင်မယားနှစ်ယောက် ဆုံးဖြတ်လိုက်ကြပါတယ်။ ….