Category: ရှတတများ
ချုပ်နှောင်ကြသူများ
ငယ်ငယ်တုန်းကတော့ မိုးရွာထဲရေမချိုးရ၊ ဘောလုံးမကန်ရ၊ နေပူထဲမထွက်ရ၊ သူများအိမ်သွားမလည်ရနဲ့ စုံနေတာပါဘဲ လူကြီးမိဘတွေကတားမြစ်ကြတာ။ ကလေးဆိုတော့လဲ ဘယ်လောက်တားတား အထုအရိုက်ခံပြီး လုပ်ခြင်တာလုပ်ခဲ့ကြတာပါဘဲလေ။ ကျောင်းတက်တဲ့အရွယ်ရောက်တော့လည်း ကာတွန်းမဖတ်ရ စာကျက်ပါ၊ သူ့ဘာသာသူအိပ်ငိုက်လာတာတောင် မငိုက်ရ စာကျိုးစားကျက်ရမယ်တဲ့လေ။ ဒီထက်နဲနဲကြီးလာပြန်တော့ ရည်းစားမထားရ (ဒါတော့ အဆိုးဆုံးဘဲ)။ ဆေးလိပ်မသောက်ရ အရက်မသောက်ရမျိုးစုံဘဲပေါ့ဗျာ။ တကယ်တန်းကြတော့လဲ လူကြီးမိဘတွေဆိုတာ ကျွန်တော်တို့လူမျိုးတွေရဲ့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ယဉ်ကျေးမှုအရ မကောင်းမြစ်တာ ကောင်းရာညွှန်လတ် ဆိုသလို ကောင်းစေခြင်လို့တားမြစ်ကြတယ်လို့ ကိုယ်တိုင်အသက်တွေရလာလို့ မိဘနေရာရောက်လာတော့ နားလည်နိုင်ကြပါတယ်။
ဒါပေမယ့်ပေါ့ဗျာ .နားမလည်နိုင်သေးတဲ့ ချုပ်ချယ်မှုလေးတွေကို ခုတလော ရှတတဖြစ်နေမိတယ်ဗျ။ သတိရကြမှာပါဗျာ၊ ရွာမှနေစဉ်အခါက မီးခဏခဏလာတဲ့ကိစ္စတွေ၊ အင်တာနက်သုံးရင်း ရင့်ကျက်တည်ငြိမ်လာတာတွေ၊ သည်းခံနိုင်စွမ်းအားတွေတက်လာတာ၊ ရေဖိုးမီးဖိုးသွားဆောင်ရင်း မိတ်ဆွေသစ်တွေရနိုင်တာ၊ အမှိုက်ပစ်ရင်းနဲ့လဲ အိမ်နီးချင်းတွေစကားစမြည်ပြောနိုင်တာ၊ လူမှုဘဝတွေနဲ့နီးစပ်သော လိုင်းကားတွေစီးနိုင်တာ၊ ဒါမျိုးတွေကိုခဏတာ ရှောင်ပြေးလာခဲ့ကြတယ်ပေါ့ အဆင်ပြေမယ်ကြံခါရှိသေးတယ် ခုတလောဟိုကဒီကနေ ကြားနေရတယ်ဗျ။
တချို့အိမ်တွေမှာ တီဗွီရီမုဒ်ကိုသိမ်းထားပြီးတော့ ညကျမှတီဗွီဖွင့်ပေးတာတို့၊ အဲယားကွန်းရီမုဒ်ကို အိမ်ရှင်ကကိုင်ထားပြီး ည၁၀နာရီထိုးမှလာဖွင့်ပေးတာတို့၊ မနက်ဆို အပြင်ကနေရီမုဒ်နဲ့ပိတ်သွားတာတို့ပေါ့။ တချို့များကြတော့ နဲနဲအဆင့်မြင့်တယ်ဗျ။ အဲယားကွန်းမှာ Timmer Setting လုပ်သွားတယ်။ ည ၈နာရီကျော်မှ ရီမုဒ်နဲ့ဖွင့်လို့ရတယ် မနက်၎ခွဲလောက်ဆို သူ့အလိုလိုပိတ်ပြီးသား။ တစ်ပါတ်မှာ လဲတစ်ကြိမ်ဘဲ အဝတ်လျှော်ရမယ်တဲ့။ မီးပူအကြာကြီးတိုက်နေရင် အနားကနေ ခဏခဏဖြတ်ဖြတ်လျှောက်သွားပြီး များလိုက်တာနော်လို့လဲ ပြောတတ်သေးသတဲ့။ ဟင်းသုံးခွက်လောက်ချက်စားမိရင် ဟင်းတွေဒီလောက်အများကြီး မချက်ပါနဲ့လို့လဲ တစ်ချို့က ကန့်ကွက်တတ်သေးတယ်တဲ့။ အိမ်ကိုမိတ်ဆွေအပေါင်းအသင်းခေါ်လို့မရတာကတော့ မထူးဆန်းတော့သလိုလိုဖြစ်နေပါပြီ။ ဟီးဟီး တစ်ချို့အိမ်များ တစ်ပတ်မှာ လေးရက်ဘဲထမင်းဟင်း ချက်စားပါဆိုတာမျိုးလဲရှိသေးသဗျ။ အံမယ် ဘယ်နေ့ဘယ်ရက်ဆိုတာတောင် ရက်သတ်မှတ်လိုက်သေးသတဲ့။
ရေဖိုးမီးဖိုး အပြီးအစီးပါတယ် ဆိုတဲ့မက်လုံးအောက်မှာ ဒီလိုချုပ်ချယ်မှုတွေနဲ့ နေနေရတဲ့ဘဝများကိုလည်း စိတ်မကောင်းဖြစ်မိပါရဲ့။ ဘယ်လောက်ထိများ ကိုယ့်လွတ်လပ်ခွင့်ကို ကိုယ်ချုပ်ကိုင်ထားကြဦးမှာလဲ။ ဘယ်တော့များမှ ကိုယ့်မြေကိုယ့်အိမ်မှာ နေရပါ့မလဲ။