Category: ပေါက်ကရအတွေး
မုန့်ဟင်းခါး
ကျွန်တော်မုန့်ဟင်းခါး အလွန်ကြိုက်ပါသည်။ ငယ်ငယ်ကထည်းက မနက်စာကို မုန့်ဟင်းခါးစားလျှင်စား မစားလျှင် ထမင်းကြော်စားရသောကြောင့် မုန့်ဟင်းခါးကို ဘယ်လိုပုံစံဖြင့်ချက်ချက် ကျွန်တော်မညီးမညူစားပါသည်။ ဒီနေ့လဲ မဒမ့်အတွက် ဆေးခန်းသွားပြရင်း ပင်နီဆူလာမှာ မုန့်ဟင်းခါး စားဖြစ်ခဲ့သေးသည်။ ပုံမှန်ဆိုလျှင်ဖြင့် မုန့်ဟင်းခါးကို စင်ကာပူတွင် ဆိုင်မှာဝယ်မစား၊ ထမင်းတစ်ပွဲစာမျှ ပေးရသဖြင့် ထမင်းသာဝယ်စားသည်။ မုန့်ဟင်းခါးကိုတော့ စိတ်ကြိုက်စားနိုင်ရန်အတွက် အိမ်တွင်သာ ချက်စားသည်။ သို့သော် ခုတလော မုန့်ဟင်းခါး ချက်မစားသည်မှာ ကြာပြီဖြစ်သဖြင့် ဝယ်စားလိုက်ခြင်းလဲ ဖြစ်သည်။
ငယ်ငယ်တုန်းက မနက်စောစော လမ်းထိပ်တွင်ရောင်းသော မုန့်ဟင်းခါးဆိုင်သို့ အမြဲတမ်း မုန့်အဝယ်တော်ထွက်ရသည်မှာ ကျွန်တော်ပင်ဖြစ်သည်။ ဝန်ထမ်းမိသားစု ဖြစ်သဖြင့် မိသားစုလေးယောက်စာ မုန့်သုံးပွဲဝယ်ရသည်။ ဟင်းရည်ကို အပိုအမြဲတမ်းတောင်းရသည်။ သိပ်မပေးချင်ပါက ဟင်းရည်အပိုဝယ်ရသည်။ အဖေက အိမ်ဦးနတ်ဖြစ်သောကြောင့် မုန့်တစ်ပွဲ သီးသန့်စားရပြီး အမေနှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ ကျန်သောမုန့်နှစ်ပွဲကို ထမင်းကြမ်းဖြင့်ရောကာ စားကြသည်။ ငယ်ငယ်ကဆိုလျှင် မုန့်ဟင်းခါးချည်း သီးသန့်စားရပါက တစ်ခုခုလိုနေသလိုပင်ဖြစ်ဖူးသည်။ ထမင်းကြမ်းလေးပါမှ အစပ်အဟပ်တည့်သလို ခံစားရသည်။ အမေသည် အင်မတန်တော်သော အမေတစ်ယောက်ပင်ဖြစ်ပါသည်။
ကျွန်တော်တို့နယ်ဖက်တွင် အနှီမုန့်ဟင်းခါးသည် ပွဲတိုင်းကျော်သော မုန့်ဟင်းခါးဖြစ်ပါသည်။ အလှုပွဲလည်းသူပါသည်၊ နာရေးလဲ သူပါသည်၊ မင်္ဂလာပွဲများတွင်လည်း မုန့်ဟင်းခါးကို တစ်ဝတစ်ပြဲကျွေးသည်။ ကျွန်တော်က မုန့်ဟင်းခါးကြိုက်သလောက် အလှုပွဲများတွင် စားသောအခါ မုန့်လိုက်ပွဲထပ်ထည့်ရတာကို ရှက်တတ်ပါသည်။ ထို့ကြောင့် မုန့်စားကြသောအခါ ဘယ်သောအခါမှ ယောကျာင်္းဝိုင်းတွင် အဖေနှင့်မထိုင်ပါ။ အမေနှင့်သာထိုင်ပါသည်။ ကျွန်တော်မုန့်လိုက်ပွဲ ယူမယ်ဆိုလျှင် အမေကအလိုက်တသိ မုန့်ထည့်ပေးတာကြောင့်လဲ ဖြစ်ပါသည်။ နာရေးတွင်ကျွေးသော မုန့်ဟင်းခါးကိုတော့ တစ်ဝတစ်ပြဲစားလို့ မဖြစ်ပါ။ ထို့ကြောင့် အလှုပွဲများတွင်သာ အားရပါးရ စားပါသည်။သို့သော် မုန့်ဟင်းခါးကို တစ်ဝစားရသော်လည်း ကံမကောင်းပါက အလှုလာသောလူများ ဖိနပ်မှားစီးခြင်းကို ခံရပါက ဖိနပ်ဆုံးနိုင်ပါသေးသည်။