မုန့်ဟင်းခါး

ကျွန်တော်မုန့်ဟင်းခါး အလွန်ကြိုက်ပါသည်။ ငယ်ငယ်ကထည်းက မနက်စာကို မုန့်ဟင်းခါးစားလျှင်စား မစားလျှင် ထမင်းကြော်စားရသောကြောင့် မုန့်ဟင်းခါးကို ဘယ်လိုပုံစံဖြင့်ချက်ချက် ကျွန်တော်မညီးမညူစားပါသည်။ ဒီနေ့လဲ မဒမ့်အတွက် ဆေးခန်းသွားပြရင်း ပင်နီဆူလာမှာ မုန့်ဟင်းခါး စားဖြစ်ခဲ့သေးသည်။ ပုံမှန်ဆိုလျှင်ဖြင့် မုန့်ဟင်းခါးကို စင်ကာပူတွင် ဆိုင်မှာဝယ်မစား၊ ထမင်းတစ်ပွဲစာမျှ ပေးရသဖြင့် ထမင်းသာဝယ်စားသည်။ မုန့်ဟင်းခါးကိုတော့ စိတ်ကြိုက်စားနိုင်ရန်အတွက် အိမ်တွင်သာ ချက်စားသည်။ သို့သော် ခုတလော မုန့်ဟင်းခါး ချက်မစားသည်မှာ ကြာပြီဖြစ်သဖြင့် ဝယ်စားလိုက်ခြင်းလဲ ဖြစ်သည်။

ငယ်ငယ်တုန်းက မနက်စောစော လမ်းထိပ်တွင်ရောင်းသော မုန့်ဟင်းခါးဆိုင်သို့ အမြဲတမ်း မုန့်အဝယ်တော်ထွက်ရသည်မှာ ကျွန်တော်ပင်ဖြစ်သည်။ ဝန်ထမ်းမိသားစု ဖြစ်သဖြင့် မိသားစုလေးယောက်စာ မုန့်သုံးပွဲဝယ်ရသည်။ ဟင်းရည်ကို အပိုအမြဲတမ်းတောင်းရသည်။ သိပ်မပေးချင်ပါက ဟင်းရည်အပိုဝယ်ရသည်။ အဖေက အိမ်ဦးနတ်ဖြစ်သောကြောင့် မုန့်တစ်ပွဲ သီးသန့်စားရပြီး အမေနှင့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကတော့ ကျန်သောမုန့်နှစ်ပွဲကို ထမင်းကြမ်းဖြင့်ရောကာ စားကြသည်။ ငယ်ငယ်ကဆိုလျှင် မုန့်ဟင်းခါးချည်း သီးသန့်စားရပါက တစ်ခုခုလိုနေသလိုပင်ဖြစ်ဖူးသည်။ ထမင်းကြမ်းလေးပါမှ အစပ်အဟပ်တည့်သလို ခံစားရသည်။ အမေသည် အင်မတန်တော်သော အမေတစ်ယောက်ပင်ဖြစ်ပါသည်။

ကျွန်တော်တို့နယ်ဖက်တွင် အနှီမုန့်ဟင်းခါးသည် ပွဲတိုင်းကျော်သော မုန့်ဟင်းခါးဖြစ်ပါသည်။ အလှုပွဲလည်းသူပါသည်၊ နာရေးလဲ သူပါသည်၊ မင်္ဂလာပွဲများတွင်လည်း မုန့်ဟင်းခါးကို တစ်ဝတစ်ပြဲကျွေးသည်။ ကျွန်တော်က မုန့်ဟင်းခါးကြိုက်သလောက် အလှုပွဲများတွင် စားသောအခါ မုန့်လိုက်ပွဲထပ်ထည့်ရတာကို ရှက်တတ်ပါသည်။ ထို့ကြောင့် မုန့်စားကြသောအခါ ဘယ်သောအခါမှ ယောကျာင်္းဝိုင်းတွင် အဖေနှင့်မထိုင်ပါ။ အမေနှင့်သာထိုင်ပါသည်။ ကျွန်တော်မုန့်လိုက်ပွဲ ယူမယ်ဆိုလျှင် အမေကအလိုက်တသိ မုန့်ထည့်ပေးတာကြောင့်လဲ ဖြစ်ပါသည်။ နာရေးတွင်ကျွေးသော မုန့်ဟင်းခါးကိုတော့ တစ်ဝတစ်ပြဲစားလို့ မဖြစ်ပါ။ ထို့ကြောင့် အလှုပွဲများတွင်သာ အားရပါးရ စားပါသည်။သို့သော် မုန့်ဟင်းခါးကို တစ်ဝစားရသော်လည်း ကံမကောင်းပါက အလှုလာသောလူများ ဖိနပ်မှားစီးခြင်းကို ခံရပါက ဖိနပ်ဆုံးနိုင်ပါသေးသည်။

မုန့်ဟင်းခါးကို ငယ်ငယ်ကနယ်တွင်နေသောကြောင့် နယ်ချက် ခပ်ပြစ်ပြစ်ကိုသာ စားဖူးသည်။ ဒါကြောင့် မုန့်ဟင်းခါးဆိုလျှင် ပြစ်ပြစ်နှစ်နှစ်ရှိမှဟု အစွဲရှိ်ထားဖူးသည်။ ကျွန်တော်က သူများတွေလို အရည်များများနှင့်စားတာထက် အဖတ်များများဖြင့် ပြစ်ပြစ်ထွေးထွေးစားရသည်ကို နှစ်သက်တတ်သည်။ ဘူးသီးကြော်နှင့်စားရတာကို ပိုကြိုက်သည်။ ရန်ကုန်သူ ရန်ကုန်သားများကတော့ ပဲကြော်ဖြင့် ကြီးပြင်းလာကြသောကြောင့် ဘူးသီးကြော်ကြိုက်မည်မထင်။ အညာသားဖြစ်သူအဖေက အိမ်တွင်စိတ်ပါလက်ပါ ချက်ပေးလျှင်တော့ ပဲကိုကြိုပြီး သေသေချာချာ ကျေအောင်ထောင်းကာ အညာချက် ချက်ပေးတတ်သည်။

မုန့်ဟင်းခါးဆိုပါက မြန်မာလူမျိုးတို့တွင် အချိန်အခါမရွေး စားချင်ကြသည်။ ဗိုက်ပြည့်နေလျှင်တောင်မှ အရည်ကလေးတော့ သောက်သွားလိုက်ဦးမယ် ဆိုသူတွေချည်းသာ ဖြစ်သည်။ ဒါကြောင့်လဲ မုန့်ဟင်းခါးတစ်မျိုးတည်းရောင်းပြီး ကြီးပွားချမ်းသာသွားကြသူတွေ ရှိကြတာဖြစ်မည်။ ပြောရမည်ဆိုလျှင် လက်ဖက်ရည်ဆိုင်တွင် မုန့်ဟင်းခါးမှာစားရတာနှင့် မုန့်ဟင်းခါးဆိုင်မှာ ထိုင်ပြီး မုန့်ဟင်းခါးစားရတာ အရသာခြင်း မတူကြပေ။ မနက်မိုးလင်း မုန့်ဟင်းခါးဆိုင်မှာ မုန့်ဝယ်ရင်း ကိုယ်ကျိတ်ပိုးနေသော ကောင်မလေးနှင့် အကြည့်သူခိုးလုပ်ရသော အရသာမျိူး ကြုံဖူးသူများရှိလျှင် ကောင်းကောင်းသိပါမည်။

နောက်ပိုင်း ရန်ကုန်ရောက်တော့မှ ရန်ကုန်ပုံစံ အရည်ကျဲကျဲစားဖူးတော့သည်။ သူလဲ တစ်မျိုးပေပင်။ စားရတာ ချောချောမွေ့မွေ့ဖြစ်တာပေါ့။ မုန့်ဟင်းခါးကို ဒေသလိုက်လို့ အမျိုးမျိုးတွဲဖက်စားကြသည်။ ပဲသီးကိုသေးသေးလေးတွေ ပိုင်းပြီးထည့်စားကြသည်၊ အီကြာကွေးညှပ်စားကြသည်၊ ကောက်ညှင်းပဲကပ်ကြော်နှင့်တွဲဖက်လို့တစ်မျိုး စားကြသည်။ ဘဲဥ ဘဲသွေးထည့်စားကြသည်။ အိုးဘဲဥဟုခေါ်သော ဟင်းရည်ထဲတွင် ကြာရှည်ထည့်ချက်ထားသော ဘဲဥတစ်မျိုးကိုလဲ ထည့်စားကြသေးသည်။ ရန်ကုန်မှာနေတုန်းက ဆောင်းရာသီတွင် မနက်မိုးလင်းလျှင်  အဖေနှင့်ကျွန်တော် ကျွန်းတောလမ်းကနေ လွှတ်တော်ရှေ့ ရင်ပြင်အထိ လမ်းလျှောက်ကြသည်။ အပြန်မှာတော့ စမ်းချောင်းလမ်းထိပ်က တင်တင်အေးဆိုင်တွင် မုန့်ဟင်းခါးစားကြသည်။ အလွန်စားကောင်းလှသည်။ ကျွန်တော့်အတွက်ကတော့ တင်တင်အေးသော ဘာသောမဟုတ် ကျွန်းတောစျေးထဲက အပျိုကြီး မုန့်ဟင်းခါးလဲ ကြိုက်တာပါဘဲ။

မုန့်ဟင်းခါးမုန့်ဟင်းခါးသည် လူတန်းစားမရွေးကြိုက်ကြသော မြန်မာ့အစားအစာဖြစ်ပါသည်။ သူသည် စားသုံးသော လူကိုလိုက်၍လည်း အနုပညာမြောက်စွာ လှပတတ်သေးသည်။ မုန့်ဟင်းခါးပလိန်းကို ဘာမှချယ်သမထားသော မိန်းမပျိုလေးအဖြစ်ကြည့်မည်ဆိုပါက။ အကယ်၍ မုန့်ဟင်းခါးကို ငရုတ်သီးများများ အကြော်မပါ အလွတ်စားမည်ဆိုပါက တောသူမလေးနှင့်တူသွားမည်။ ငါးဖယ်၊ ပဲကြော်၊ ဘဲဥဖြင့်စားကြည့်ပါက မြို့ဆန်ဆန် မိတ်ကပ်အဖွေးသားတွေ့ရမည်။ ဘဲသွေး အီကြာထည့်စားပါက တရုတ်မလေးဖြင့်တူသွားသည်။ မန်းကြော်(ကောက်ညှင်းပဲကပ်ကြော်) ဖြင့်စားပါက ညိုညက်ညက် အညာသူလေးဖြစ်သွားမည်။ ကျွန်တော်မုန့်ဟင်းခါးသိပ်ကြိုက်ကြောင်း မိတ်ဆွေယုံပြီမဟုတ်လား။

ကျွန်တော်နယ်မှာ ကျောင်းသွားတက်တော့ မနက်မိုးလင်း အချစ်နှင့်အတူတူစားတာလဲ ဒီမုန့်ဟင်းခါးပင်။ ပြည်မုန့်ဟင်းခါး၊ ကျောင်းနားက ဆည်မြောင်းဝင်းထဲတွင်ရောင်းသော မုန့်ဟင်းခါးကို အချစ်နှင့်အတူစားပြီးမှ စာသင်ခန်းထဲဝင်သည်။ ညနေကျောင်းဆင်းတော့ ကျောင်းနောက်ဖက်ကနေထွက်ပြီး ကားကြီးဂိတ်နားက ရန်ကုန်မုန့်ဟင်းခါးဆိုင်တွင် သူငယ်ချင်းများနှင့် နေ့တိုင်းနီးပါးစားသည်။

တကယ်တော့ မုန့်ဟင်းခါးသည် မြန်မာလူမျိုးများကြားတွင် အသည်းစွဲ အစားအစာဖြစ်သည်ဟုပြောလျှင် လွန်မည်မထင်ပါ။ ဟင်းရည်ပူပူနွေးနွေး အငွေ့တစ်ထောင်းထောင်းဖြစ်နေလျှင် ဆိုင်ကြီးကနားကြီးမှာ မဟုတ်လျှင်တောင်မှ စားဖို့ရာ စိတ်ဝင်စားကြသည်။ ကျွန်တော်လည်း ဖြစ်နိုင်လျှင် လူတန်းစားမရွေး နှစ်သက်ကြသော၊ ပွဲတိုင်းကျော် မုန့်ဟင်းခါးလို အသုံးတည့်သော လူတစ်ယောက် ဖြစ်ချင်ပါသည်။


2,091 views

32 Responses to မုန့်ဟင်းခါး

  1. လူပ်ိဳႀကီး says:

    ကြိုက်ရာသုံးဆောင် ဘိုအုန်းမောင် အကြော်နဲ့စား မုန့်ဟင်းခါး
    မုန့်ဖတ်မလို ဟင်းရည်ပို ဘဲဥနဲ့စား မုန့်ဟင်းခါး။
    :-D

  2.ုkom says:

    အသုံးတည့်ချင်ရင် အိုးထဲဆင်းလိုက်ပါလား.။

  3. MrDBA says:

    =-X =-X =-X =-X =-X

  4. pm says:

    ဟယ်ကြည့် ဘယ်နှယ့်ဟာကြီးတုန်း… တူစရာရှားလို့ အီကြာကွေးထည့်စားတာနဲ့ တရုတ်မလေးနဲ့တူသွားသည်တဲ့ ဟင်း….
    တို့က အုန်းနို့ခေါက်ဆွဲပဲ တီးတာ ရန်ကုန်မှာတုန်းက။ ဘူးသီးကြော်နဲ့ပဲစားတာပဲ။ ပဲကြော် စလုံးရောက်မှ စစားတာ။

  5. sin dan lar says:

    ပြည် လမ်းရှည်လမ်းက ပုသိမ်မုန့်ဟင်းခါးရော အချစ်နဲ့ သွားမစားဘူးလား.. စားပြီးရင် ဝက်နံရိုးစွပ်ပြုတ်သောက်၊ အစာပိတ်က သုံးရာသီက ထောပတ်ဖျော်ရည်…. အားးးး…. စားချင်လိုက်တာ….။
     
    မှတ်ချက်။     ။ စားသုံးသူများအကျိုးကိုမျှော်ကိုးပြီး ကိုဒီဘီကို အိုးထဲ ခုန်မဆင်းခိုင်းသင့်ပါ မမကေအိုအမ်….။

  6. MK says:

    မုန့်ဟင်းခါး ခေါ်ကျွေးတော့ဖြင့် လာမစားပဲ လူစိမ်းကားကြီးလုပ်ပြီး ခုမှ ကြိုက်သလေးဘာလေးနဲ့ လူဇိုး

  7. ponyate says:

    ဖတ်ရတာ မုန့်ဟင်းခါးတောင် စားချင်လာပြီ။

  8. Su says:

    haven’t had breakfast yet.
    so pissed with you.

  9. Su says:

    မှန်လိုက်လေ ဆင်ဆင်ရယ်

  10. နွေးနေခြည် says:

    သရေတမြှားမြှားနဲ့ ဖတ်လာလိုက်တာ အန်တီကွမ် ကွန်းမန့်ဖတ်ပြီးမှပဲ စားချင်စိတ်ကုန်သွားတယ်

  11. myo says:

    ခေါင်းစဉ်မြင်ကတည်းကစားချင်နေတာ ဖတ်ပြီး သားရည်တွေမြိုချ ဂလု ဂလု..
     
    အဲ ကိုဒီဘီ အိုးထဲခုန်ဆင်းထားတဲ့ မုန့်ဟင်းခါးကတော့ အမေရိကန်စတိုင်ဖြစ်သွားပြီ..

  12. MrDBA says:

    ဗမာလို ရေးတဲ့ အတွက် ရော့ မုန့်ဟင်းခါး 8-)

  13. လိမ္မော်သွေး says:

    ချောချောချီးချီး ဗိုက်ချာပါတယ်ချိုမှ……

  14. kaungkinpyar says:

    မုန်ဟင်းခါး လာစားတယ်

  15. မိုးကောင်းသူ says:

    ကိုကြီးဒီဘီ
     
    အားပါတရ လာစားသွားတယ်။ နောက်တစ်ခေါက်ကြရင် အိမ်လာနော်။

  16. nu-san says:

    မုန့်ဟင်းခါးအကြောင်း ရေးထားတာ ဖတ်ပြီး မုန့်ဟင်းခါးတောင် စားချင်တယ်.. အမလည်း မုန့်ဟင်းခါးကို ထမင်းနဲ့စားတာ ပိုကြိုက်တယ်.. ဗိုက်ဆာခံလို့.. :-D

  17. တောင်ငူသား says:

    မုန့်ဟင်းခါး ဋီကာ
    ဆင်ဆင်ကပြော လွမ်းမောစရာ ပြည်မှာ။
    တောင်ငူဟင်းရည်ကျဲ ပဲ ကြိုက်တယ်
    ဘာမှလဲ ဆိုင်ဘူးနော်။
     

  18. မောင်ထွေး says:

    မုန့်ဂျင်းဂါး စားချင်စိတ်ပေါက်သွားတယ်၊ နိုင်ဂံဂျားမှာ ဗမာပြည်လို အချဉ်ဖောက်ထားတဲ့ မုန့်တီ၊ မုန့်ဖတ် ဝယ်လို့မရနိုင်တာ too bad. ဟိုးအရင်က စကော့ဈေးနောက်ဖက် မီးရထားလမ်း ကုန်းကျော်တံတားကို ကျော်ပြီးရင် ယောက်လမ်းမရောက်ခင် နေရာမှာ မုန့်တီ မုန့်ဖတ် လုပ်ရောင်းတဲ့ဆိုင် ရှိခဲ့တာ သတိရသွားတယ်း

  19. Su says:

    exactly how old are you????
    :-P

  20. Moe Family says:

    ဘူးသီးကြော်ကြိုက်မှန်းသိရင် ခေါ်ပါတယ်. တနေ့ကတင်ကြော်စားသေးတယ်…ဒီနေ့တော့ ရှမ်းခေါက်ဆွဲ ပဲချက်တယ်. . လာစားမလား ?

  21. MrDBA says:

    နို့သူဘဲ မုန့်ဟင်းခါးသမား မဟုတ်ရင် မလာနဲ့ဆိုဗျ။ အညိုးညိုးဘဲ။

  22. ခေးကို says:

    ကျမလည်း မုန့်ဟင်းခါးဆို ထမင်းကြမ်းနဲ့မှ စားလို့ကောင်းသလိုပဲ အထူးသဖြင့် အမေနယ်ပေးတဲ့ မုန့်ဟင်းခါးပေါ့၊ သံပုရာသီးကို မညှစ်ဘဲ အစိပ်သေးသေးလေးနဲ့ အရမ်းစားလို့ ကောင်းတယ်၊ ငယ်ငယ်တုန်းကဆို မုန့်ဟင်းခါးချည်းပဲ စားရရင် အမြဲ ၂ ပွဲမှ :-D

  23. အိ သက် says:

    အော် နှိပ်စက်ကြသည်မို့လည်းကွယ်…
    ညကြီးမင်းကြီး မုန့်ဟင်းခါး ရေခဲတုံးလေး နွှေးပြီး စားနေရပါပြီကွယ်
    တော်တော်ဆိုးတဲ့ ကိုDBA

  24. မောင်ထွေး says:

    Has it anything to do with Mohinngha? You see, my mule don’t like people laughing, he just has the crazy idea that you’re laughing at him.

  25. MrDBA says:

    အိုးဘဲဥ ဖြစ်သွားမှာပေါ့ မလုပ်နဲ့။

  26. ခေးကို says:

    ဟုတ်တယ်။ ကျမလည်း မုန့်ဟင်းခါးကို ထမင်းနဲ့မှ စားတတ်တယ်။ ဒီတိုင်းဆို မစားတတ်ဘူး…

  27. သက်ဝေ says:

    အခုမှ ဖတ်ဖူးတယ်…
    မုန့်ဟင်းခါး သိပ်ကြိုက်တဲ့သူဆိုတော့ ဖတ်ရတာ အရသာကို ရှိလို့…
    နောက်ဆုံးက မုန့်ဟင်းခါးလို အသုံးတည့်သော လူတယောက် ဆိုတဲ့ စာကြောင်းလေးကိုလဲ ဟုတ်ပေကသားပဲ လို့ တွေးပြီး သဘောကျနေသေးတယ်…
    မမ ရေးတဲ့ ကော်မန့် နဲ့ သူ့အောက်က ကော်မန့်တွေ ဖတ်လိုက်ရမှပဲ…း))

  28. [...] မုန့်ဟင်းခါး (၁) ကိုတော့ ဒီမှာဖတ်ပါ။ [...]

  29. ဒါဆို ဦးဦးဒီဘီ နန်းညီအတွက်တော့ အသုံးမဝင်..
    မုန့်ဟင်းခါး တစက်မှမကြိုက် တစိမှ မစား

  30. AMMK says:

    ကောင်းလိုက်တဲ့ မုန့်ဟင်းခါး

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook