Category: ဆားချက်
Singapore 92
Singapore 92 ဆိုလို့ ကွမ်းယာရောင်းနေတယ် မထင်ကြပါနဲ့။ ပိတ်ရက်ရှည်ရဲ့ ဒုတိယနေ့ အနေနဲ့ Marina Bay Sands – Skypark ကိုသွားဖို့ ဆုံးဖြတ်ချက်ကျပါတယ်။ အရင်ကထဲက ဖွင့်စတုန်းက သွားဖို့ စိတ်ကူးပါသေးတယ်၊ သူ့ရဲ့ Web Site မှာသွားဖတ်ကြည့်တော့ Pro Camera တွေနဲ့ လာလို့မရဘူးလို့ နားလည်ရစေတဲ့စာတွေ ရေးထားတော့ ၂ဝ ပေးပြီး သေချာမှ မရိုက်ရရင် မတန်လှဘူးဆိုပြီး အင်တင်တင်ဖြစ်နေတာပါ။ နောက်တော့ စွန့်စားသွားလာတတ်တဲ့ ဘော်တာတစ်ချို့ဆီက သတင်းစကားအရ လူတိုင်း ကင်မရာအကြီးကြီးတွေနဲ့ ရိုက်နေတာ မြင်ခဲ့တယ်လို့ဆိုတာနဲ့၊ အခုလိုပိတ်ရက်ကြုံတုန်း တစ်ခါတစ်ခေါက်တော့ ရောက်အောင် သွားဦးမဟဲ့လို့ စိတ်ပိုင်းဖြတ်လိုက်ကြပါတယ်။
လက်မှတ်ဝယ်ဖို့ တန်းစီနေတဲ့ အတန်းကြီးဟာ မြွေလိမ်မြွေကောက်နဲ့ လူတွေများလှပါတယ်၊ အလကားပေးတက်သလား ထင်ရလောက်အောင်ပါဘဲ။ ကိုယ်တွေကသာ နောက်ကျနေတာ သင်ဇာဝင့်ကျော် ကတော့ ရေတောင်တက်ကူးပြီးပါပြီတဲ့။
၅၆ ထပ်ကိုတက်ကြမှာပါ။ ဟိုတစ်လောက ဖွင့်ထားတဲ့ ၅ကျပ်ပေးတက်ရတဲ့ ကွန်ဒိုထက် ၆ထပ်ပိုမြင့်ပါတယ်။ တကယ်တော့ ၅၇ထပ်ရှ်ိတာဖြစ်နိုင်ပါတယ်။ ရေကူးကန်ကိုများ တိုက်ရိုက်တက်သလားဘဲ။
လက်မှတ်ကတော့ တစ်ဦးလျှင် ၂ဝပါ။ ဒီလို Tour Guide လုပ်ပေးမယ့် အသံသွင်းထားသော ကိရိယာလေးကို ထည့်ယူမယ်ဆိုရင် ၂၁ဒေါ်လာပေးရပါမယ်။ ဒီလူနဲ့ဒီလူတွေဘဲဟာ Tour Guide မလိုပါဘူး၊ ဒါနဲ့ မယူခဲ့ပါဘူး။
ဂလိုနံပါတ်ထိုးထားတဲ့ နေရာလေးတွေရောက်ရင် ခုနကရီမုဒ်ကွန်ထရိုးလို Tour Guide ကိုနားမှာကပ်လို့ နံပါတ် ၈ ကိုနှိပ်လိုက်မယ်ဆိုရင် အဲဒီနေရာကနေ မြင်ရမယ့် ပါတ်ဝန်းကျင် တည်နေရာ၊ လေတိုက်နှုန်း၊ စတာစတာတွေကို ရှင်းပြမယ်ထင်ပါတယ်။
Web Site မှာဖတ်ခဲ့တာရော၊ လက်မှတ်တန်းစီတဲ့ နေရာနားမှာပါ စာရေးကပ်ထားတာရော အရဆိုရင် ကင်မရာ သုံးချောင်းထောက်ကိုပါ သယ်ယူခွင့်မရှိပါဘူး။ သို့့သော်လည်းတဲ့ပေါ့လေ ..
ကြည့်သောသူမြင်၏၊ မြင်သောသူ ဓာတ်ပုံရိုက်လာခဲ့၏ ဆိုသလိုပါဘဲ။ အုပ်ချုပ်သူများကို နားရွက်ကလေးဆွဲပြီး ဒါဟာ သုံးချောင်းထောက်မဟုတ်လား မဟုတ်လား ဆိုပြီး ဆွဲခေါ်ပြလိုက်ချင်ပါတယ်။ တကယ်ဆိုရင် ကျွန်တော်လဲ သယ်ချင်တာပေါ့ဗျာ၊ ဒါမှလဲ ညဖက်ပုံရိုက်ရင် ကောင်းကောင်းလေး ရမယ်မဟုတ်လား၊ အနဲဆုံးတော့ နှစ်ယောက်တွဲပုံရိုက်ချင်ရင် သူများကို အကူအညီတောင်းနေစရာ မလိုတော့ဘူးပေါ့။ မဆိုးပါဘူး နားလည်လိုက်တယ် မြန်မာပြည်လိုပါဘဲ လည်သလို လုပ်စားလို့ရပါတယ်။ ။
မကျေနပ်တာလေးတွေ မေ့ထားပြီးတော့ ရောက်တုန်းရောက်ခိုက် နေရောင်ခြည်လေးရှိတုန်း ဟိုရိုက်သည်ရိုက် ရိုက်ဖြစ်ပါတယ်။ ရေပေါ်ဘောလုံးကွင်းကို တအံ့တသြမြင်ရပါတယ်။ Free Fall ခုန်ချချင်စိတ်တွေ မနဲထိမ်းထားရပါတယ်။ ကျွန်တော်တို့ရောက်သွားတဲ့အချိန်က ညနေ၅နာရီခွဲကျော်ကျော်ဆိုတော့ နေကတော်တော်ပြင်းပါသေးတယ်။ အိမ်ကမော်ဒယ်ကို ဓာတ်ပုံရိုက်ပေးတာမှာလဲ နေရောင်အောက်မှာနေမှလဲ အလင်းအမှောင်က ကောင်းမှာဆိုတော့ နေပြင်းတဲ့ကြားကဘဲ နေကိုမျက်နှာမူပြီး ရိုက်ရပါတယ်။ သူ့ခမြာမျက်မှန်တောင်ချွတ်ပြီး မရိုက်လိုက်ရရှာပါဘူး။ တစ်နာရီလောက်အကြာမှာတော့ ရွှေရောင်အချိန်များ လို့ခေါ်တဲ့ သဘာဝအလင်းရောင်ဖြင့် ဓာတ်ပုံရိုက်ရန်ကောင်းသော အချိန်ကို ရောက်လာ ပါတော့တယ်။
ရွှေဖြူရောင် ဓာတ်ပုံတစ်ပုံကို လူပျိုကြီးတွေအတွက် ရိုက်ယူလာခဲ့ပါတယ်။ အဲဒီအပြောကြီးလှတဲ့ ခေါင်မိုးပေါ်က ရေကူးကန်မှာ ရေကူးတဲ့လူကလဲကူး၊ ရေကူးနေတဲ့လူတွေကို ကျွန်တော့်လို အားမနာပါးမနာ၊ အလိုက်ကန်းဆိုးမသိ ဓာတ်ပုံရိုက်ကြတဲ့လူတွေ အများကြီးပါဘဲ။ ရေကူးရေစိမ်နေကြတဲ့ လူတွေအစား တွေးကြည့်မိတာ ဒီလောက် ပွဲဈေးတန်းလို လူစည်ကားနေတဲ့နေရာမှာ ဘယ်လိုမျိုး စည်းစိမ်နဲ့ စိတ်အေးလက်အေး ရေစိမ်နိုင်ပါ့မလဲလို့ တွေးကြည့်လို့တောင် မရပါဘူး။ ရေကူးကြသူနိုင်ငံခြားသားဦးရေနဲ့ စင်ကာပူအခြေစိုက်လူဦးရေ မျှချေလောက်လောက်ရှိပါတယ်။
လူတွေလဲ မများနေဘဲနဲ့ဆိုရင်တော့ ဒီလိုရေပွက်ပွက်ထနေတဲ့ ကန်ကလေးမှာ ရှန်ပိန်ကလေးသောက်လို့ ရှုခင်းလေးကြည့်ပြီး ရေစိမ်ရမယ်ဆိုရင်တော့ တော်တော်ပျော်ဖို့ကောင်းမှာသေချာပါတယ်။ သို့သော်လည်း အဲဒီကန်မှာဆင်းစိမ်မည့် ကိုကိုမမတွေခမြာ ကန်ကလေးနောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်တဲ့လူတွေကို အားနာပြီး ကန်ထဲတော်တော်နဲ့ မဆင်းရရှာပါဘူး။
သင်္ဘောတွေကို ဒီလိုအများကြီးမြင်ရတော့လဲ တစ်မျိုးကြည့်ကောင်းပါတယ်။ အောက်နားက ရေကာတာကတော့ ခုတလော အဖြစ်များနေတဲ့ မြို့ထဲရေခဏခဏလျှံတဲ့ ကိစ္စရဲ့အရင်းအမြစ်လို့ ကျွန်တော်ကတော့စွတ်စွဲပါတယ်။ ဟုတ်တယ်လေ ရှေးနှစ်ပေါင်းများစွာကထဲက အခုလိုဆိုးဆိုးဝါးဝါးေရေလျှံတာ မဖြစ်သေးဘဲကိုး၊ ဒီဟာကြီးပြီးမှ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်လာတာဆိုတော့လေ။
တကဲ့သစ်ပင်ပါ၊ အပင်အစစ်ပါ။ အဲဒီလိုခေါင်မိုးပေါ်မှာ မြက်ခင်းစိမ်းစိမ်းနဲ့ အပင်တွေစိုက်ထားတာကို သိပ်သဘောကျတယ်။
သူများတွေ ရေကူးကြတာကို နောက်ခံထားပြီး ဓာတ်ပုံတွေ ရိုက်အပြီးမှာတော့ မောပန်းလာပြီမို့လို့ အောက်ထပ်ပြန်ဆင်းပါတယ်။ အောက်ထပ်က သင်္ဘောင်ဦးပိုင်းမှာ အင်မတန်ရောင်းကောင်းတဲ့ အအေးဆိုင်ရှိပါတယ်။ ပြား၈ဝတန် (အအေးခံပြီး ၁.၂ဝ)နဲ့ရောင်းတဲ့ အအေးဗူးကို ၄ဒေါ်လာနဲ့ရောင်းပါတယ်။ Marina Barrage အောက်က စားသောက်ဆိုင်ထက်တော့ သက်သာပါသေးတယ်၊ ဟိုမှာက အအေးဗူးကို ၅ဒေါ်လာနဲ့ရောင်းပါတယ်။ သူတို့က မောအောင်နေရာတွေ အများကြီးသွားခွင့်ပေးထားတော့ မောကြတာပေါ့ဗျာ၊ မောတော့ဝယ်သောက်ရတာပေါ့၊ ဒါတောင် စားသောက်ဆိုင်တွေ ပြင်ဆင်နေတုန်းမို့လို့ မရောင်းချကြသေးပါဘူး။ ရောင်းရင်လဲ စားကြဦးမယ့်သဘောရှိပါတယ်။
အအေးသောက်လို့ ခဏနားနေတုန်းမှာဘဲ နေလုံးနီနီဟာ တိုက်တွေကြားကို တိုးဝင်ပုန်းကွယ်ဖို့ ကြိုးစားနေပါပြီ။ ဆည်းဆာဆိုတာ အဲဒါပါဘဲ။ သုံးချောင်းထောက်ကို ပြန်သတိရမိပါတယ်၊ အတတ်နိုင်ဆုံး ဂိုက်ပေးကြမ်းပြီး ဒီပုံရအောင် ရိုက်ယူခဲ့ပါတယ်။ လူတိုင်းမှာ လက်သုတ်စရာ တစ်ရှုးတစ်ထုတ်လောက်စီပါကြသလိုမျိုးပါဘဲ လူတိုင်းမှာလဲ ကင်မရာတွေ အမျိုးအစားစုံနဲ့ စိတ်ကြိုက်ဓာတ်ပုံရိုက်ကြပါတယ်။
နေဝင်လို့မပြီးသေးဘူး လထွက်လာပါပြီ။ လနဲ့ကြယ်နဲ့ အတော်နီးနီးကပ်ကပ်ပါဘဲ။
နေ့လည်စာ စားပြီးကထဲက ထွက်လာလိုက်တာ ညမိုးချုပ်တဲ့အထိ တစ်ထိုင်မှ မထိုင်ရသေးပါဘူး။ ခုနကလဲ မောမောနဲ့ အအေးဝယ်သောက်ရင်း ကြမ်းပြင်လေးမှာ ခဏထိုင်လိုက်တာ အရောင်းဆိုင်က ကောင်မလေးက မထိုင်ရပါဘူးရှင်လို့ လာပြောလို့ ပြန်ထကြရပါတယ်။ မပြန်ခင် ညရှုခင်းလေး တစ်ပုံကြိုးစားရိုက်ခဲ့ပါသေးတယ်။ သုံးချောင်းထောက်မပါတော့ မှုံတုန်တုန်ဖြစ်နေနိုင်ပါတယ်။ နှစ်ယောက်သား ဗိုက်လဲဆာနေပြီဖြစ်လို့ မြို့ထဲမှာဘဲ ထမင်းစားမလား ကားငှားပြီး အိမ်ပြန်ပြေးစားမလားဆိုပြီး ကျားဗိုလ်ဆွဲလိုက်တာ အိမ်ထမင်းဘဲစားချင်တဲ့ လေဒီ ဒီဘီနိုင်သွားလို့ အိမ်ကိုဘဲပြန်လိုက်ကြပါတယ်။
အပြန်မှာတော့ လျှောက်လည်ရတာ ပျော်တယ် ကိုကိုရယ်တဲ့ (အဟိ) ခင့်အိပ်ကလေးကလဲ ဟောင်းနေပြီဆိုတော့ နက်ဖြန်ကျရင် မရောက်တာ ကြာပြီဖြစ်တဲ့ ဘူးဂစ်လမ်းကြားကို သွားကြရအောင်နော်တဲ့ …(တိန်) သူမ စကားစလာပါတယ်။ ဇတ်လမ်းကတော့ မပြီးသေးခင်မှာဘဲ နောက်ထပ် ထပ်စပြန်ပါတယ် ….
ဘူးဂစ်လမ်းကြားသို့တစ်ခေါက် မကြာခင်လာမည် မျှော့် …. ။