Singapore 95

တကယ်တော့ မနက်စောစာနေအထွက်ကို အတူတူဓာတ်ပုံရိုက်မယ်လို့ ကတိအကြိမ်ကြိမ်ပေးထားတဲ့ မိတ်ဆွေကြီးတစ်ယောက် အချိန်မှီမလာနိုင်လို့  မနက်ပိုင်းမှာ တစ်ယောက်ထဲ စိတ်အေးလက်အေး စိတ်ကူးတည့်ရာ လျှောက်ရိုက်နိုင်ခဲ့တာလို့လဲ ပြောလို့ရပါတယ်။ နေအတော်မြင့်လာတော့မှ သူဖုန်းဆက်လာပါတယ်။ နောက်တော့ သူရောက်လာတဲ့အခါ ကျွန်တော်တို့ နီးနီးနားနားမှာ ရှိတဲ့ Bottle Tree လို့ခေါ်တဲ့ နေရာကို ဆက်သွားကြပါတယ်။

အဲဒီမှာ ထွေထွေထူးထူး သိပ်မရှိလှပါဘူး။ စားသောက်ဆိုင် တစ်ဆိုင်ရှိတယ်၊ ငါးမျှားလို့ရတဲ့ ကန်ရှိတယ် ၊ ကန်ပတ်လည်မှာ လူထိုင်ဖို့ (များသောအားဖြင့် အတွဲတွေ ထိုင်စကားပြောတာ တွေ့ရပါတယ်။) အမိုးမိုးပေးထားတဲ့ စားပွဲခုံလေးများ၊ ကလေးတွေ ရေထဲမှာ ဘဲရုပ်လှေစီးလို့ရပါတယ်၊ နောက်ပြီးတော့ အဓိကဇတ်လိုက် ပုလင်းပုံ သစ်ပင် နှစ်ပင် အဲတာတွေရှိပါတယ်။

Bottle Tree ဆိုတာ ဒါကြီးပါဘဲ။ လူဝကြီးတစ်ယောက် မြက်ခင်းပေါ်မှာ မှောက်အိပ်လုနီးပါး ကြိုးစားပန်းစား ဓာတ်ပုံရိုက်ဖို့ လုပ်ကိုင်နေတာကို ပန်းကလေးတွေက သနားနေကြတယ်တဲ့လေ။ (အလဲ့)

အရုပ်ဆိုးဆိုး သစ်ပင်ကြီးကို ရိုက်အပြီးမှာတော့ ကိုယ့်ကို သနားနေကြတဲ့ ပန်းကလေးတွေကို သေချာထပ်ရိုက်ခဲ့တယ်။ နေအတော်ပူပါတယ်။ ဒါတောင် ၁ဝ နာရီဝန်းကျင်ဘဲ ရှိပါသေးတယ်။ မနက်တုန်းကလဲ မမှီမှာစိုးလို့ ဘာမှမစားမသောက်ရသေးတော့ ဗိုက်ကလဲ တော်တော်ဆာလာပါပြီ။ အဲဒါနဲ့ အထဲမှာရှိတဲ့ စားသောက်ဆိုင်မှာ ဝင်စားခဲ့ရောလားလို့ မေးကြမယ်မဟုတ်လား။ မစားခဲ့ပါဘူး။

အဲဒီ ခြံဝင်းထဲမှာ Paint Ball လေသေနတ်ပစ် ကစားနည်းလဲ ကစားလို့ ရပါသေးတယ်။ ဒါပေမယ့် အဲဒီကစားကွင်းဖက်ကို တစ်ခါမှ မရောက်ခဲ့ပါဘူး။ အရင်က အဲဒီအနားနေတုန်းက ခဏခဏ ရေကြည့်ဖို့သွားပါတယ်။ များသောအားဖြင့် ရုံးဆင်းချိန် ညဖက် ထမင်းစားသောက်ပြီးမှ အညောင်းပြေလမ်းလျှောက်တာဆိုတော့ ဓာတ်ပုံရိုက်ဖို့ တစ်ခါမှ မစီစဉ်ခဲ့ပါဘူး။ အခုအဲဒီနားမှာ မနေတော့မှ တကူးတကန့် ဓာတ်ပုံရိုက်ဖို့ ရောက်ပါတယ်။ လူတွေဟာ နီးနေရင် သတိမထားမိတတ်ကြဘူးဆိုတာ တယ်မှန်တာဘဲနော်။ စိုင်းထီးဆိုင် သီချင်းလိုပေါ့ ” အချစ်ကမင်းအနားမှာပါ .. လှည့်မကြည့်လို့ မသိတာပါ”။ ကဲဒါကြောင့် မိတ်ဆွေတို့ အခုချက်ချင်းဘဲ အနားမှာရှိတဲ့ လူကိုသတိထားလိုက်ပြီး လုပ်စရာရှိတာ မြန်မြန်လုပ်ပစ်လိုက်ပါ။

ဟိုး နောက်နားလေးမှာ မြင်ရတာကတော့ စားသောက်ဆိုင်ပါ။ ညာဘက်ကတော့ ပျက်နေတဲ့ အအေးရောင်းစက်ကြီးပါ။ ရေဆာတတ်ရင် ကိုယ့်ဘာသာ ရေဘူး၊ အအေးဘူးဆောင်သွားပါ။ ကန်ထဲကရေတွေ ခပ်မသောက်ပါနဲ့။ ငါးတွေမွေးထားလို့ ညစ်ပါတ်ပါတယ်။

ရှေ့တည့်တည့်မှာ မြင်ရတဲ့ အဖြူရောင် မိုးကာတဲထဲမှာတော့ ကျောင်းသားတွေ Camping လုပ်ကြတာ ခဏခဏတွေ့ရပါတယ်။ မူလတန်းကျောင်းက ကလေးတွေ Team Building ရအောင်၊ မိဘအိမ်နဲ့ခွဲနေပြီးတဲ့အခါမယ် လူမှုပေါင်းသင်းဆက်ဆံရေး တတ်ကျွမ်းအောင် ကျောင်းတွေကနေ ဦးစီးပြီး ကလေးတွေ Camp ထွက်ရတယ်ထင်ပါတယ်။ ကန်ထဲမှာတော့ ရန်ကုန်က ကန်တော်မင် ပန်းခြံအတိုင်းပါဘဲ၊ ဘဲငန်းရုပ်တွေ စီးလို့ရပါတယ်။

ချုပ်ရရင်တော့ Lower Selector ပန်းခြံဖက် ရောက်ခဲ့ရင်တော့ ဒီပုလင်းပန်းခြံကိုလဲ ကားခကုန်ပြီးသည့်အတူတူ ဘာလို့မလာရမလဲလို့ သဘောထားပြီး သွားဖြစ်အောင် သွားကြပါလို့ တိုက်တွန်းလိုပါတယ်။ အဲဒီမှာ ရိုက်စရာသိပ်မရှိလို့ ကျွန်တော်တို့ ရှေ့ခရီးဆက်ခဲ့ကြတယ်။ မော်ဒယ်လ် ပါရင်တော့ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ နေရာပါ။ သို့သော်လည်းတဲ့ပေါ့လေ …….။

Tags :
3,445 views