ကျွန်တော့်အမေအကြောင်း

အမေ့ကို ကျွန်တော်တို့ ငယ်ငယ်က တော်တော်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရပါသည်။ အမေကလည်း အမေပင် လူကြားထဲ မဆူချင်လျှင် သူ့သားတွေကို ဘာမှမပြော၊ တချက်စိုက်ကြည့်လိုက်ရုံသာ။ ကျွန်တော်တို့ ညီအစ်ကိုကလည်း သူစိုက်ကြည့်ပြီး။ မျက်မှောင်ကျုံ့ကြည့်လိုက်လျှင် သဘောပေါက်ရပါသည်။ လုပ်နေသောအလုပ် ပြောနေသောစကား အကုန်ရပ်။ ငြိမ်ကုတ်နေလိုက်ရပါတော့သည်။ သူသိပ်စိတ်မဆိုးလျှင်တော့ အဲဒီလောက်နှင့် ပြီးပေမယ့် စိတ်ဆိုးနေသေးလျှင်တော့ အိမ်ပြန်ရောက်လျှင် ဒါမှမဟုတ် ဧည့်သည်ပြန်သွားမှသာ ဆက်ဆူချင်ဆူမည် ရိုက်ချင်ရိုက်မည်။

ငယ်ငယ်က အဖေရော အမေပါ ဝန်ထမ်းများဖြစ်ကြသဖြင့် နယ်မှာအနေများကြပါသည်။ များဆို ကျွန်တော် ဆယ်တန်းအောင်သော အချိန်အထိပင်။ ကျွန်တော်တို့ညီအစ်ကိုမှာ အမေ့ကို မီးဖိုချောင်တာဝန်များ ကူညီရပါသည်။ သူရို့မနက်ခင်း အလုပ်ချိန်မှီအောင် ချက်ပြုတ်ရတာ ဖြစ်သောကြောင့် ကျွန်တော်တို့ညီအစ်ကိုမှာ ကျရာတာဝန်ယူကာ ကူညီရပါသည်။ များသောအားဖြင့်တော့ အကြီးဖြစ်သူအစ်ကိုက ချက်ပြုတ်ရေးအတွက် ကူညီရပြီးတော့ ကျွန်တော်ကတော့ လက်တိုလက်တောင်း လိုတာသွားဝယ်ပေးတာမျိုး၊ မနက်ခင်း မုန်းဟင်းခါးပြေးဝယ်တာမျိုးများကိုသာ လုပ်ပေးရတတ်ပါသည်။ တခြားအချိန်များတွင် အဆင်ပြေပေမယ့် ဆောင်းတွင်းလိုရာသီတွင်တော့ ကျွန်တော့်မှာ မထချင်သေးပါ။ မှတ်မိသေးတော့သည် ငယ်ငယ်က စက်ရုံဘေးက လယ်ကွင်းကြီးထဲမှာ စပါးဒိုင်လုပ်တော့ စပါးဒိုင်မှာ လာပြီးကြော်ရောင်းသော အကြော်သည်ထံတွင် အကြော်သွားသွား ဝယ်ပေးရသေးသည်။ စပါးတောင်လိုပုံဟူသော ခေတ်ကို ကျွန်တော်ကြုံခဲ့ပါသေးသည်။

အမေသည် ငယ်ငယ်က အတော်ပင်စိတ်ဆိုးလွယ်သော၊ စိတ်ဆိုးသလောက် လက်မြန်သော၊ စိတ်ဆိုးသလောက် အသံကျယ်သော မိန်းမမျိုးဖြစ်ပါသည်။ ကျွန်တော့်အစ်ကိုမှာ အမေ့ကို အတော်ကြောက်သောသူလည်းဖြစ်ပါသည်။ သူကြောက်ပြီး အယောင်ယောင် အမှားမှားလုပ်နေလျှင် အမေ့မှာ အမြဲစိတ်တိုင်းမကြဘဲ ဆူချည်းဆူနေရပါတော့သည်။ မနက်မိုးလင်းလျှင် မီးဖိုထဲမှာ စိန်ဗေဒါပွဲ ဆင်နွဲနေသလိုပါပင်။ ကျွန်တော်ကတော့ အငယ်ဆိုတော့ သိပ်တော့မဆိုးလှပေ။ ကျွန်တော့က ရှေ့ကတစ်ယောက်ကိုကြည့်ပြီး ပါးပါးနပ်နပ်နေတတ်တာလဲပါမည်။ ကျွန်တော့်အစ်ကိုဆိုလျှင် ခုအချိန်အထိ အမေက သူ့သားငယ်ကိုသာ အချစ်ပိုသည်ဟု တွေးထင်ထားတော့သည်။

အမေသည် စိတ်ဆိုးလွယ်သလောက် မျက်ရည်လွယ်သော သူတစ်ယောက်လည်း ဖြစ်ပါသည်။ အမေစိတ်ဆိုးပြီး ရိုက်နေပြီဆိုလျှင် ဒေါသထွက်သောလူတစ်ယောက်၏ မျက်နှာတွင် မျက်ရည်စီးကြောင်းတစ်ခုပါ အပိုတွဲပါတတ်သည်။ သို့သော် အမေသည် စိတ်ထားအလွန်ပျော့သော သူတစ်ယောက်သာဖြစ်ပါသည်။ သူ့အကြောင်းသိသူများသည် သူ၏ အတုံးအတစ်လိုက်ပြောသောစကားကို အသာခံကာ စားစရာရှိတာ စားသွားကြ၍ လိုချင်တာရှိတာကို တောင်းသွားကြကာ မည်သူမျှ မရလိုက်ဆိုတာ မရှိပေ။ သူမှန်တယ်ထင်သော ကိစ္စမျိုးတွင်လည်း အထက်လူကြီးမှန်းမသိ ဘာမှန်းမသိ စိတ်ဆိုးမာန်ဆိုး မျက်ရည်တွေကျကာ ပြောချင်ရာကိုသာ အကုန်ပြောတော့သည်။ စက်ရုံမှ လူများသည် အမေစိတ်ဆိုးနေလျှင် ဘာမှထပ်ပြော၍မရမှန်း သိကြသည်။

ကျွန်တော်ကတော့ သူများတွေက အမေတူသားဟု ပြောရလောက်အောင် အမေကချစ်လေသည်။ ကျွန်တော်ကလည်း အမေ့အရိပ်အခြေ ကြည့်တတ်တာ ပါမည်ထင်ပါသည်။ စိတ်ကတော့ အမေလောက် မဆိုးတတ်ပါဘူး။ အမေသည် သားနှစ်ယောက်ကိုထိမ်းရသော အမေပီပီ သားတွေ၏ အရိပ်အကဲကိုသိလေသည်။ အိမ်၏အနေအထား အားလုံးကို တိတိကျကျမှတ်တတ်သော အကျင့်လဲရှိလေသည်။ ကလေးများကို မကိုင်စေချင်သော ပစ္စည်းများရှိလျှင် မကိုင်ရန်မှာထားပြီးရုံမျှမက သူကပစ္စည်း၏ နေရာအနေအထားကိုလည်း မှတ်ထားသေးသည်။ အထားအသိုနဲနဲလွဲနေလို့ကတော့ အဲဒါ ညီအစ်ကိုနှစ်ယောက် အစစ်ခံရပြီသာ။ အမြဲလဲ ဝန်ခံရတာပါဘဲ။ နောက်ဆို ကျွန်တော်တို့ညီအစ်ကိုက အမေ၏စွမ်းရည်ကို သိသွားသောအခါ ဘယ်ပစ္စည်းကိုင်ချင်ချင် နေရာအထားအသိုကို အလွတ်မှတ်မိအောင်ကျင့်၍ နေရာတကျ ပြန်ထားတတ်အောင် လုပ်ကြပါတော့သည်။

ငယ်ငယ်ကတော့ အမေသည် စိတ်ဆိုးတတ်သော အမေတစ်ယောက်ဟုသာ နားလည်ထားလိုက်သည်။ ကျွန်တော့်အစ်ကိုမပြောနှင့် ကျွန်တော်ပင်လျှင် အစ်ကို့အား အမေသိပ်မချစ်ဖူးလား ထင်မြင်ခဲ့ဖူးသေးသည်။ သို့သော်တစ်နေ့တော့ ကျွန်တော်သိလိုက်ပါသည်။ ကျွန်တော့်အစ်ကိုသည် ဆယ်တန်းအောင်ပြီးနောက် တက္ကသိုလ်သွားတက်ပြီး ဒုတိယနှစ်ရောက်သောအခါ ပိုက်ဆံတွေပြန်သိမ်းသော ကိစ္စတွေဖြစ်ပြီး ကျောင်းတွေ ခဏပိတ်လေသည်။ ကျွန်တော့်အစ်ကိုသည်လည်း ရန်ကုန်တွင် ကျောင်းသွားတက်နေရာမှ နယ်သို့ပြန်လာရတော့တာပေါ့။ အစ်ကိုကား ပြောင်းလဲလာတော့သည်။ အမေဆူလျှင် အရင်လို ကြောက်နေသာသူ မဟုတ်တော့ဘဲ သူလည်းပြန်စိတ်ဆိုးချင်လာသည်။ ပြန်၍ကား မပြောသေး။ သူ့စိတ်ထဲတွင် ကြိတ်မှတ်ထားတတ်သည်။ စိတ်နာနေသည်ဟု ပြောလျှင် ပိုမှန်မည်။

ထိုနှစ်တွင် အမေ့ အဖေ၊ ကျွန်တော့အဖိုး၊ လည်ချောင်း ကင်ဆာဖြစ်သဖြင့် ကျွန်တော့်အကိုနှင့် နောက်ထပ် ရန်ကုန်မှ အစ်ကိုဝမ်းကွဲတစ်ယောက်၊ အမေတို့ဇာတိမြို့ဖြစ်သော ပျော်ဘွယ်မှာ သွားပြီးပြုစုရပါသည်။ အဖိုးတို့အိမ်တွင် အမေအထက်က အမတို့မိသားစု အတူနေကြပါသည်။ သူကလည်း သမီးတွေချည်းမွေးထားသဖြင့် ကျောင်းပိတ်ထား၍ အားနေသော မြေးယောကျာင်္းနှစ်ယောက် သွားရောက်နေထိုင်ကာ အနီးကပ်ပြုစုကြရပါသည်။ အဒေါ်သည် သမီးတွေချည်း မွေးထားသောကြောင့် တူတွေကိုအလိုလိုက်ကာ ချစ်ရှာသည်။ အစ်ကိုသည် အမေ့ထံတွင်မရသော အလိုလိုက်ချင်းကို ထိုအဒေါ်ထံတွင်ရလေသည်။ အစ်ကိုသည် ထိုနှစ်က အဖိုးကို ပြုစုရင်း ကျွန်တော့်မရီးဖြစ်လာမည့် အစ်မနှင့် သမီးရည်းစား ဖြစ်လေသည်။

သားရှင်အမေ့အနေဖြင့် သားရည်းစားထားခြင်းကို မထူးဆန်းပေမင့် အချိန်မတိုင်ခင် လမ်းမှားသွားမှာ အလွန်စိုးရိမ်ပုံရပါသည်။ သူစိုးရိမ်လွန်း၍လားတော့ မပြောတတ်၊ နောက်ဆုံးနှစ် ကျောင်းပင်မပြီးသေး ကျွန်တော့်အစ်ကိုသည် ယောက္ခအိမ်တက် သားမက်လုပ်ရန် မိဘများအိမ်မှ အပြီးဆင်းသွားလေတော့သည်။ ထိုနှစ်က အဖိုးလည်းဆုံးလေသည်။ အမေသည် တစ်ပူပေါ် နှစ်ပူဆင့် အတော်ပင် ပင်ပန်းလှပါသည်။ အဲဒီအချိန်က ကျွန်တော် ရှစ်တန်းကျောင်းသား အရွယ်ပေါ့။ အိမ်မှာလည်း မိသားစု သုံးယောက်ထဲဖြင့် ချောက်ကပ်ကပ်နိုင်လှလေသည်။ အမေသည် ဒီတစ်ခါတော့ စိတ်ဆိုးတာထက် စိတ်ပူပင်ကာ အတော်ပင်ပန်းမှန်းသိသာလေသည်။ ဗေဒင်ကြည့်ရတာ ယတြာချေရတာနှင့် မျိုးစုံလုပ်လေတော့သည်။ သူ့သားပြန်လာဖို့အရေး နည်းမျိုးစုံဖြင့် ကြိုးစားလေသည်။

ကျွန်တော့အစ်ကို အထင်လွဲမည်ဆိုလဲ လွဲစရာပင်။ ကျွန်တော်သည် အငယ်ဖြစ်သောကြောင့် ရှေ့ကအမှားကို နမူနာယူ၍ ကျွန်တော့်အလှည့် ရောက်သောအခါ နောက်ထပ်မမှားရစေရန်အတွက် အထိုက်အသင့်သော အလိုလိုက်မှုများရလာသည်။ ရည်းစားမထားရန် ကိစ္စကို ရာဇဝတ်မှုကြီးတစ်ခုကို ကျူလွန်သလို မပြောကြတော့ဘဲ နားဝင်လွယ်သောစကားများ၊ နမူနာများပေး၍ နားဝင်အောင်ပြောကြသည်။ ရံဖန်ရံခါဆိုသလိုလဲ ရပ်ကွက်ထဲက ရွယ်တူမိန်းခလေးအချို့နှင့် သူတို့ကပင် စနောက်နေတတ်သေးသည်။

အမေသည် စိတ်ထဲရှိတာကို ဗွင်းဗွင်းပြောတတ်သော စကားချိုအောင် မပြောတတ်သော သူတစ်ယောက်ဖြစ်သည်၊ ကျွန်တော့်အစ်ကိုက ရင်ထဲရှိတာကို အပြင်မထုပ်ဘဲ စိတ်ထဲတေးထားတတ်သော သူဖြစ်သည်။ သူရို့နှစ်ယောက်စလုံး တနင်္ဂနွေသားများဖြစ်ကြလေသည်။ သူတို့နှစ်ယောက်ကို ကြည့်ကာ ကျွန်တော်သည် အမေဆူငေါက်တာကိုလဲခံ၍ ကိုယ်လိုခြင်တာကိုလည်း အရိပ်အချည်ကြည့်ကာ တောင်းတတ်သော၊ ကိုယ်ဖြစ်ခြင်တာကို အမေလက်ခံအောင် ပြောတတ်သော အလေ့အကျင့်ရလာခဲ့လေသည်အမေသည် သူကသာ ဒေါသကြီးတာ သူ့ကို ဒေါသကြီးတယ်ဟု ပြောလျှင်လဲ မကြိုက်ပေ။ အတင့်တို့များ သားတွေကို တချက်ကြည့်လိုက်တာနဲ့ မီးသေတယ်ဟု ပြောလျှင် မကြိုက်ပေ။ ရှေ့မှာသာ အသာငြိမ်နေခဲ့ပေမယ့်။ အိမ်ရောက်လျှင် ပွစိပွစိလုပ်နေတော့သည်။

သားနှစ်ယောက်ထဲ မွေးထားသော အမေ့တွင် ရံဖန်ရံခါ သူ၏ စိတ်ဆင်းရဲမှုများအတွက် (အထူးသဖြင့် သူ့ယောက္ခမ၊ ကျွန်တော့်အဖွား၊ အဖေ့၏အမေနှင့် ပါတ်သက်သော ကိစ္စများတွင်) ရင်ဖွင့်စရာလူအဖြစ် ကျွန်တော်မှ ပင်တိုင်နားထောင်ပေးရလေသည်။ သူရို့လင်မယား ထိုကိစ္စမျိုးနှင့် ကတောက်ကဆ ဖြစ်ပြီဆိုလျှင် မင့်အမေကိုထိမ်းဦး ဟု ဆိုကာ အဖေမှ စကားနဲရန်စဲ တစ်နေရာ သွားထိုင်နေ၍ ကျွန်တော့်မှာသာ အမေ့အနားထိုင်ကာ ငိုယို၍ပြောသမျှကို မျက်နှာသေလေးဖြင့် နားထောင်ပေးရတတ်လေသည်။ ပြေရာပြေကြောင်း သွားပြော၍ မရပေ။ သွားပြောမိလျှင် နင်ကဘာသိလို့လဲဟုဆိုကာ ရှေးဖြစ်ဟောင်းများကို ပြန်ပြောကာ ငိုလို့မဆုံးနိုင်တော့ပေ။ အခန့်မသင့်လျှင် သူ့ဒေါသက ကိုယ့်ဖက်ရောက်လာနိုင်သည်။ ဒီတော့အကောင်းဆုံးက ပြောသမျှအသာ ငြိမ်နားထောင်နေတာဘဲ ဖြစ်သည်။ သူပြောလို့ဝသွားလျှင် ပွဲပြီးသွားပြီဖြစ်သည်။ ယခုအထိလဲ သူရင်ဖွင့်ချင်သေးလျှင် ကြားရက်ထဲ အဖေအိမ်မှာ မရှိတဲ့ အချိန်များမှာ ဖုန်းခေါ်ခိုင်းတတ်ပါသေးသည်။

နောက်ပိုင်း အဖေဝန်ထမ်းဘဝက အနားယူ၍ ပြင်ပမှာလုပ်သောအခါတွင်မှ ကျွန်တော်တို့ မိသားစု အတန်အသင့် စုဆောင်းမိလေသည်။ ဒါတောင်အဖေသည် ဝန်ထမ်းဘဝကနားချင်တာမဟုတ်၊ အမေ့ကျေးဇူးပင်ဖြစ်ပါသည်။ သူအင်မတန် တပူပူတညံညံလုပ်လွန်း၍ နောက်ပြီးတော့ ကျွန်တော်ကျောင်းပြီး၍ အိမ်ပြန်လာလျှင် မြို့ပြတွင်နေမှသာ တိုးတက်ဖို့လမ်းမြင်သည်ဟု အတန်တန်ပြောလွန်း၍သာ အဖေသည် အစိုးရအလုပ်မှ နားခဲ့ခြင်းဖြစ်သည်။ အဖေသည်လည်း အလွန်ပေးချင်ကမ်းချင်သောသူဖြစ်သည်။ သို့သော် တောင်းမှပေးသည်။ ကျွန်တော်ကလဲ လိုတော့လိုချင်သည် တောင်းရမှာကို သားအဖချင်းပင် အင်မတန်မှ အားနာတတ်သူဖြစ်သည်။ မလိုအပ်ဘဲ ရှက်နေတာလဲ ဖြစ်မည်။ အမေသည် ထိုကိစ္စကို သိသောကြောင့် အမြဲကြားဝင်ပေးရသူဖြစ်သည်။ ရှင့်သားကတော့ ဘာလိုချင်လို့တဲ့ဟု စကားစလိုက်၍ အဖေက ဟုတ်သလားဟု မေးလျှင် ကျွန်တော်က ဟုတ်ကဲ့ဟုသာ ဖြေစရာလိုပေသည်။

ထိုစကားနှစ်ခွန်း ဆုံဖြစ်ရန် အမေမှ အမြဲစကားစရသောသူဖြစ်လေသည်။ ထို့အတူပင် အဖေကလဲ တခါတရံ မလိုအပ်ဘဲ သားကိုခိုင်းစရာရှိတာကို မပြောပေ။ သူ့ဘာသာ လုပ်ဖို့ကြိုးစားသည်။ ဥပမာ၊ ကားရေဆေးသော ကိစ္စမျိုး၊ အဖေသည် သူ့သားကို လမ်းဘေးတွင်ထိုင်ကာ လဘက်ရည်ဆိုင်မှာ ရေယူ၍ ကားရေဆေးရမှာကို ရှက်မှာစိုးသည်ထင်ပါသည်။ သူဘာသာ ဖုံသုတ်သလိုလို ဖုန်ခါသလိုလိုဖြင့် အိမ်အောက်ဆင်းသွားပြီး ရေဆေးတတ်လေသည်။ ထိုအခါတွင်လဲ အမေမှသာ ကြားဝင်ပေးရပေသည်။ ကျွန်တော်ကလည်း လူကဝတော့ သူကလဲ မခိုင်းရက်တာဖြစ်ပါလိမ့်မည်။ နောက်ဆိုလျှင် ကျွန်တော့်မှာ ကားကို အရိပ်အခြေကြည့်ကာ ရေဆေးသင့်သော အချိန်ရေဆင်းဆေးရပါသည်။ မဟုတ်လျှင် အဖေကတော့ ခိုင်းလိမ့်မည် မဟုတ်ပေ။

ကျွန်တော် အိမ်ထောင်ကျသော အခါတွင်လဲ လွတ်လွတ်လပ်လပ်နေနိုင်ရန် အိမ်ငှားနေကြပါသည်။ သို့သော် သူရို့အိမ်နားတွင်သာ ငှားစေပါသည်။ ညနေတိုင်း သူတို့အိမ်ကို လာမှကြိုက်သည်။ မလာလျှင် စိတ်ဆိုးတတ်သေးသည်။ အိမ်ထောင်ကြသော်လည်း ကျွန်တော့်မှာ အမေတို့၏ အထောက်အပံ့မလွတ်ပါ။ ကျွန်တော်ကမတောင်းသော်လည်း ကျွန်တော့ လခနှင့်စားလောက်ရုံသာရှိသဖြင့် အပိုသုံးနိုင်ရန် အမေသည် အဖေ့ဆီမှ တောင်းပေးလေသည်။ ကျွန်တော် ကွန်ပျူတာအလုပ်လုပ်သည်မှ သုံးသောင်းသာရသည်။ အမေက တစ်လလျှင် ငါးသောင်းမုန့်ဖိုးပေးလေသည်။ အမေက လစဉ်ပေးမည်ဟု အဖေ့ကို တခါတည်း သူမ၏ဆုံးဖြစ်ချက်ကို ပြောထားလေသည်။ ကျွန်တော့်မှာ အစပိုင်းတော့ ယူရတာဘယ်လိုမှ မနေပေမယ့် ကြာလာသောအခါ အလွတ်ကြီးယူနေရသဖြင့် မယူလိုတော့ပေ။ သို့သော် စိတ်ကြီးသော အမေသည် မယူလိုကြောင်းပြောသော အခါ ငိုယို၍ စိတ်ဆိုးမာန်ဆိုးဖြင့် မျိုးစုံပြောတော့သည်။ အင်မတန်လဲ နာအောင်ပြောတတ်ပါသည်။ ဥပမာတစ်ခုပြောပါမယ်။ မင်းက ငါပေးတဲ့ ပိုက်ဆံကို မယူချင်တာက မင်းကြီးပွားတဲ့ အချိန်ရောက်ရင် ပြန်ပြီး မထောက်ပံ့ချင်လို့လား ဟူသတည်း။ ကျွန်တော့်မှာ သူစိတ်ကျေနပ်အောင် ဆက်ယူနေရပါတော့သည်။ နိုင်ငံခြားထွက်မှပင် ရပ်ပါတော့သည်။

ကျွန်တော်လစဉ် အတိုင်းအတာတစ်ခု သတ်မှတ်ပြီး အမြဲမပျက်မကွက်ပို့ပါတယ်။ လှုလိုတာလှု သုံးလိုတာသုံးကြပါဟု ပြောသော်လည်း သူတို့ မသုံးကြပေ။ မပို့မှာလည်း စိုးရိမ်သေးသည်၊ ပို့ပြန်တော့လည်း မသုံးကြပေ။ သို့သော် အမေသည် သားတို့အတွက် အမေစုထားပေးတယ်နော်ဟု နားဝင်ပီယံဖြစ်စွာ ပြောလိမ့်မည်မဟုတ်၊ သူစိတ်ထဲ မကြိုက်တာပြောလို့ ကိုယ်က အကျိုးသင့် အကြောင်းသင့် ပြန်ပြောလျှင်တော့ သူက ပြန်ပြောပေမည်။ နင့်လုပ်စာ ငါစားတာမဟုတ် တခွန်းမှ ပြန်မပြောနဲ့ဟုတော့ ပြောမှာသေချာပါတယ်။ အင်မတန်လျှို့ဝှက်သော အမေပါပေ။

Bonus:

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Tags :
23,230 views