MC

အလို..ဘာလိုလိုနဲ့ အလုပ်သစ်မှာ မရပ်မနား အလုပ်လုပ်လာလိုက်တာ ၆လတောင်ရှိပါပေါ့လား။ ဒီ၆လအတွင်းမှာ တစ်ခါမှ  ဆေးခန်းမသွား ဖြစ်ရလောက်အောင် တော်တော်ကျမ်းမာရေး ကောင်းနေပါ့လား။ ဒါဟာ ကောင်းတဲ့ လက္ခဏာပေဘဲ။ သို့သော် တစ်နှစ်မှာ၁၂ကြိမ် ဆေးခန်းအလကားပြခွင့်ကြီး အလကားဖြစ်ရှာပေရော့မယ်။ ဒီတော့ကာ ကြံစည်လေမှ တော်ကာကြပေရော့မယ်။

ဒီလိုနဲ့ နေသာတဲ့ နေ့တစ်နေ့မှာပေါ့၊ ကံအားလျော်စွာ ခေါင်းကိုက်လာတယ်၊ ကိုက်မှာပေါ့ ညညတော်တော်နဲ့မအိပ်ဘဲ ညဥ့်နက်နက်နေတာကိုး။ အဲဒီလိုနဲ့ ရုံးမှာခေါင်းကိုက်ပျောက်ဆေး လိုက်တောင်းမိတယ်။ ကံအားလျော်စွာဘဲ ဘယ်သူ့ဆီမှာမှ ဆေးကမရှိဘူး။ နေ့လည်နေ့ခင်းဖြစ်တာကြောင့် ရုံးတွင်းဆေးခန်းလဲ ပိတ်သွားပြီ။ ဒီလိုနဲ့ ဖျားချင်နေသလားမသိဘူး ခေါင်းတွေတအားကိုက်တယ်ဆိုကာ ဆေးခန်းပြဖို့ ရုံးစောစော ဆင်းလာခဲ့တယ်။

နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်တဲ့။ ဒီလိုနေ့မျိုးဟာ ဆေးခန်းသွားပြဖို့ အခွင့်အခါကောင်းပေါ့။ သို့သော် လူကရုံးအပြင်ရောက်တာနဲ့ ခေါင်းကိုက်တာ ထက်ဝက်သက်သာသွားတယ်။ ဒီလိုတော့ မဖြစ်သေးပါဘူးလေ အဲဒါနဲ့ အိမ်ရောက်တော့ အလုပ်ဝင်တုန်းက ပေးထားတဲ့ စာရွက်စာတမ်းအထုပ်ထဲက ပြခွင့်ရှိသော ဆေးခန်းများ စာရင်းကို ရှာပြီးသကာလ။

ဆေးခန်းက အိမ်နားမှာပါဘဲ ရှိနေတယ်။ ဒီလိုတော့ ချက်ချင်းသွားလို့ မဖြစ်သေးပါဘူးလေ။ မုဒ်အပြည့်သွင်းဦးမှပါ။ အရင်ဆုံး လွတ်လပ်ပေါ့ပါးနေတဲ့ စိတ်တွေကို ပြန်ချုပ်တီး၊ မျက်နှာကို ဝေဒနာခံစားနေရတဲ့ ပုံစံဖြစ်အောင် ပြုပြင်ယူ။ ဝေဒနာ အဖြေမရှာနိုင်ရန် အကြောင်းပြချက် စဉ်းစား၊ လေးဖင့်တဲ့ ခြေလှမ်းတွေနဲ့ ဆေးခန်းထဲကို တလှမ်းချင်း လှမ်းဝင်သွားလိုက်တယ်။

လူနာမှတ်ပုံတင်ချင်းကိစ္စ ပြီးသွားတဲ့ အခါမှာတော့ ဆရာဝန်နှင့် တွေ့ရဖို့အရေး ခပ်အေးအေးဘဲ ထိုင်စောင့်နေလိုက်တယ်။ ဖြေစရာအဖြေတွေကလဲ အဆင်သင့် လေ့ကျင့်ပြီးသား။ ဒီလိုနဲ့ တရုပ်မလေးရဲ့ မပီမသနာမည်ခေါ်သံကြားတော့ ရုတ်တရက် ရင်ခုန်သွားသေးတယ်။ အေးလေ ခုန်တော့လဲ ကောင်းတာပေါ့ အနဲဆုံးတော့ သွေးပေါင်ချိန် တက်နေနိုင်တာပေါ့။

ဆရာဝန်အခန်းထဲရောက်တော့ တော်တော်ချိုသာတဲ့ အပြုံးနဲ့ ဆီးကြိုနေလို့ ကိုယ်ကလဲ ဝမ်းသာအားရ ပြန်ပြုံးပြမိတော့မလို့၊ မဖြစ်သေးပါဘူးလေ လူမမာဆိုတာ မျက်နှာသိပ်လန်းနေလို့ ကောင်းတာမဟုတ်တော့ အားနာပါးနာနဲ့ဘဲ မပြုံးချင် ပြုံးချင် ပြုံးပြနှုတ်ဆက်လိုက်ရတယ်။ သဏ္ဍန်လုပ် သရုပ်တူရမယ် မဟုတ်လား။ တချို့လဲ ခပ်အေးအေးကျော်လွှားခဲ့ကြမှာပါ ကိုယ့်အတွက်ကတော့ မေးသမျှတွေကို မလုံမလဲဖြေပုံ မဖြစ်ရလေအောင် အထူးသတိထား ဖြေကြားရပါတယ်။

ကြိုစဉ်းစားထားတဲ့ အတိုင်းပါဘဲ၊ ညနေက ခံစားထားရတဲ့ ခေါင်းကိုက်ဝေဒနာကို မုဒ်ပြန်သွင်းထားရတယ်။ ခေါင်းတအားကိုက်တယ် ပန်နဒေါ အိတ်စ်ထရာလဲ မကယ်နိုင်ဘူး၊ ဒီနေ့တော့ တိုးပြီး တစ်ကိုယ်လုံးလဲ ကိုက်ခဲနေတယ် လို့ဖြေပြစ်လိုက်တယ်။ ကဲစမ်းပေရော့။ မျက်လုံးကို ဓါတ်မီးနဲ့လာထိုးတယ်။ ဘယ်လိုနေလဲတဲ့။ အပြင်းအထန်စဉ်းစားလိုက်တယ် ဘာဖြေရင်ကောင်းမလဲ။ အတတ်နိုင်ဆုံး အနီးစပ်ဆုံး အဖြေပေးလိုက်တယ်။ သူကဘေးစောင်းလေး မီးနဲ့ထိုးတာဆိုတော့ ခုတော့ ဘယ်လိုမှမနေဘူးဆရာ ဒါပေမယ့် တစ်နေ့လုံးတော့ ကွန်ပျူတာ မော်နီတာ ကြည့်လို့မရဘူးခင်ဗျာ လို့ညောင်နာနာလေး ဖြေလိုက်တယ်။

နားထဲကို အပူချိန်တိုင်းတဲ့ ကိရိယာလေးနဲ့ တိုင်းပြန်တယ်။ အပူတော့ မရှိပါဘူးတဲ့။ ဒါပေမယ့် သူဘာသာဆက်ပြောပြန်တယ်။ အပူမရှိပေမယ့်တဲ့ ရောဂါလက္ခဏာဆိုတာ အမျိုးမျိုးရှိနိုင်တာမို့ သတိတော့ထားရမယ့် အကြောင်း။ ကိုယ်လဲ ဝမ်းသာသွားတယ် ဟုတ်တယ် ဟုတ်တယ်လို့ ကမန်းကတန်း ဝင်ထောက်ခံပေးလိုက်တယ်။

လူပုံကလဲ ညောင်နာနာဖြစ်နေတာရယ် ဒီကလူတွေအကြောင်း နောကျေနေတဲ့ ဆရာဝန်မို့လား မသိပါဘူး။ စာတွေရေးနေရင်းက မော့ကြည့်လိုက်တဲ့ပြီး ပန်နာဒေါသောက်နေတာ ရပ်လိုက်ဖို့၊ သူကဒီထက်ပိုပြီး အစွမ်းရှိတဲ့ ဆေးကိုပေးမှာဖြစ်လို့၊ နောက်ပြီး အဓိကကတော့ အနားယူလိုက်ရင် ကောင်းသွားမှာဖြစ်ကြောင်း ပြောပြနေပါတယ်။ လှစ်ခနဲ ကိုယ့်မျက်လုံးတွေ အရောင်လက်သွားသလားဘဲ။ နားဖို့ ဟုတ်တယ် နောက်ဆုံး ကုသချက်ကို အကြိုက်ဆုံးဘဲ။ ကိုယ်လဲ ကမန်းကတန်း အရောက်လက်သွားတဲ့ မျက်လုံးကို ချက်ချင်း အရောက်ပြန်မှိန်လိုက်ရတယ်။ သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့စကားကလဲ ရှိတယ်မဟုတ်လား။

ကိုယ်လဲ ဒီလိုနဲ့ ပြီးရတော့မှာလားဆိုပြီး နားရတော့မှာလဲ သေချာနေတော့ သွေးပေါင်ချိန်လေး မတိုင်းတော့ဘူးလားခင်ဗျာ ဆိုပြီး အကဲပိုလိုက်သေးတယ်။ ဒီတော့မှ သူလဲ သွေးပေါင်ချိန်တိုင်းဖို့ ပြင်ဆင်တယ်။ ကိုယ်လဲ အားနာသွားတာနဲ့ ဒီလိုပါဆရာရယ် အသက်ကလဲ ၃၀ ကျော်ပြီဆိုတော့ သွေးတိုးလေး ဘာလေးများရှိနေမလားလို့ စမ်းသပ်ကြည့်ချင်လို့ပါဆိုပြီး စကားလျောချရတယ်။ သူတိုင်းပြီးတော့ မျက်မှောင်နဲနဲကျုံ့သွားတယ်။ စိုးရမ်ရေမှတ်နားတော့ ကပ်နေတယ်လို့တော့ ပြောလို့ရတယ်တဲ့လေ ဒါပေမယ့် မပူပါနဲ့ အခုက ဝေဒနာခံစားနေရတာဆိုတော့ သွေးကလဲနဲနဲတက်တာနေမှာပါဆိုပြီး နားချပါတယ်။ ဖြစ်နိုင်ရင် တစ်လတစ်ခါလောက်တော့ ပုံမှန် သွေးလာတိုင်းကြည့်ဖို့ အကြံပြုသွားတယ်။ ဒီလိုနဲ့ဘဲ သူနဲ့ ဆွေးနွေးခန်းပြီးသွားလို့ ရှေ့ကကောင်တာမှာ ပြန်စောင့်နေရတယ်။

ခဏနေတော့ ဆေးကောင်တာက ပရင်တာ တဂျစ်ဂျစ်ရိုက်နေသံကို သာယာနာပျော်ဘွယ် ကြားလိုက်ရတယ်။ သေချာတယ် နက်ဖြန် နားရပြီ။


227 views

29 Responses to MC

  1.ုkom says:

    အနွေးထည်ဝတ်သွားရဲ့လား။

  2. Guest says:

    ကောင်းလိုက်တာ..
    ကျနော့်မှာတော့..ဒရစ်သွင်းပြီး အလုပ်လာရတယ်.(တစ်သက်မှာတစ်ခါသွင်းဖူးတဲ့ဒရစ်ကိုမှအားမနာ)
    လူမရှိ..သူဌေးမရှိလို့..

  3. kaungkinpyar says:

    တော်တော်လည်တဲ့ နတ်ကြီး

  4. zt says:

    ခေါင်းကိုက်တယ် ပြောတာ ဘယ်လိုမှ စမ်းလို့ မရပါဘူး။ စိတ်ချ လက်ချသာလိမ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်တော့ ခါးနာတယ် လိမ်မိလို့ ဆရာဝန်က ခါးဆေးထိုးမယ် လုပ်တာနဲ့ ပြန်ထွက်ပြေးခဲ့ရတယ်။ :-D

  5. ဇနိ says:

    အရိုးယားလို့ဆိုပြီး နောက်ကျ ပြောလိုက် (လက်နဲ့လည်း ကုတ်မရဘူးလို့) :-E

  6. strike says:

    ..ရိုးတွင်းချင်စီမူးတယ်ပြောဗျာ…

  7. Guest says:

    အရိုးယားတယ်ဆို အရိုးကို အပ်နဲ့ထိုးလိုက်မှဖြင့် ကိုနိရဲ့

  8. juneone says:

    အလုပ်လုပ်တုန်းက MC လိုချင် ဆရာဝန်ကို ၀မ်းလျှောတယ်ဆိုပြီး ပြပြီး MC ယူဖူးတယ်။

  9. မိုးကောင်းသူ says:

    ပိုက်ဆံမကုန်လို့တော်သေးတာပေါ့ ကိုကြီး ဒီဘီ။ ကျွန်မဒီရောက်ခါစက ကိုယ်တော်ကြီး MC ယူချင်လို့ ဆေးခန်းမှာ ခေါင်းကလဲကိုက်တယ်ဆရာ၊ အစာကလဲ မကြေသလိုပဲဆရာ၊ ပြီးတော့ တကိုယ်လုံးလဲ ညောင်းညာကိုက်ခဲနေတာပဲ………ဟိုနားကလဲနာ ဒီနားကလဲနားနဲ့ ဆိုပြီး အပြောလွန်သွားလို့ S$40 ကျော် S$ 50 နီးပါးကုန်ကျခဲ့တယ်။ နဂိုကနည်းနည်းလေး ကိုက်နေတဲ့ ခေါင်းတောင်ဘယ်ရောက်သွားလဲမသိတော့ဘူးတဲ့။
    အဲအချိန်တုံးက ရုံးကနေပိုက်ဆံလဲ ပြန်တောင်းလို့မရသေးဘူး။ :D

  10. ကိုသာသာ says:

    MrDBA ဟန်ဆောင်ကောင်းတယ်…
    Madam DBA ကိုလက်တို့လိုက်ဦးမယ် ဒီလူကြီး သိပ်မယုံရဘူးလို့။

  11. သက်ဝေ says:

    ဟီး.. တူလိုက်လေ… တူလိုက်လေ… တူတာမှ တထပ်တည်းပါပဲ…

  12. pm says:

    သိလိုက်ဘီ။ မဒမ်တုန်းက ဘယ်လိုများ အမူအယာတွေ ပိုပြခဲ့သလဲဆိုတာ စဉ်းစားနေတယ်။ ဟင်း ဟင်း… မလွယ်ဘူး
    တောင်တက်တဲ့နေ့ကလည်း ဂလိုပဲလားမသိဘူး။

  13. sin dan lar says:

    ဘုရား.. ဘုရား… ကြောက်စရာကောင်းလိုက်တာ၊ မာယာတစ်သိန်း အပလိန်း အနန္တနဲ့ ဆြာဝန်ကို လှည့်ဖျားရဲတယ်….။

  14. MrDBA says:

    မနာလိုဖြစ်ပါနဲ့အေ … မကျေနပ်ရင် လခစားလုပ်လိုက်စမ်းဘာ …..

  15. မောင်ဥပေက္ခာ says:

    နားရပြီဆိုရင်လည်း သေသေချာချာ နားဦးနော် … ဟွင်းဟွင်း

  16. Guest says:

    ဦးဒီဘီ လူညာ လူလိမ် အလကားလိမ်ပြီး ခွင့်ယူတယ်. အဟွန့် မနာလိုဘူး သိလား..
    ကျနော်လဲ ခွင့်ယူချင်သား… ပြောကြည့်ဦးမှ ဦးဒီဘီလို
     
     
    လေးစားလျက်
    တောင်ပေါ်သား

  17. Thant says:

    ခုတော့ သိပြီ ။ လာထားးးး ဒီproject ပြီးရင်တော့ ဆေးခွင့်ယူပစ်လိုက်ဦးမယ် ။ ;)

  18. uranus.saturn says:

    အီး…….. မနာလိုလိုက်တာ။ လူမရှိလို့ ဖျားခွင့်၊ နားခွင့်ကို ယောင်လို့တောင် အိမ်မမက်ရဲဘူး။ ကိုကြီးဒီဘီ နားမယ်ဆိုပြီး ဆြာဝန်ကို လိမ်တာ ပြန်ထိနေဦးမယ်။ မဒမ်ဒီဘီက အလွတ်မပေးပါစေနဲ့ဗျာ။ :-P   :-$ :-D

  19. လူပျိုကြီး says:

    တော်ထှာ ငယ်ငယ်က ဆရာမကို ခေါင်းကိုက် ဗိုက်အောင့် ပြောနေကျဖြစ်မယ်ထင်တယ်။ ခွင့်စာကိုရေးပေါ့ မနက်ဖြန် နေမကောင်းဖြစ်မည် ဖြစ်ပါသောကြောင့်ဆိုပြီး။ :-D

  20. Sanchaung Journal says:

    ဟုတ်လိုက်လေ- မှန်လိုက်လေ။
    ထထပ်တည်းပဲ။ ဆေးခန်းကိုပေးလိုက်ရတဲ့ ပိုက်ဆံ ရုံးကပြန်ပေးတယ် ဆိုတာလေး ပါ ရေးပါဦး။
     
    အင်း ဒါဖတ်ပြီး ရေးတတ်ရင် စာဖြစ်တယ်ဆိုတာ အမှန်ပဲ။
    Singapore က MC အနိပ်စားလေးအကြောင်း အရေးကောင်းလို့ ကျွန်တော့် blog http://www.sachaung.com မှာ ဖော်ပြလို့ ရပါ့မလား။

  21. ThihaThit says:

    ကိုကြီးဒီဘီ
    ကျားကိုးစီး စားမကုန်တဲ့ ခန်ဒါကိုယ်ကြီးကို ဘယ်လိုဟန်ဆောင်သလဲဟင်.. :P

  22. Boyz says:

    ဟင်းဟင်း.. တစ်ဂျစ်ဂျစ်နဲ့ ပရင်တာက ရိုက်ထုတ်နေတာတွေက ဆေးဖိုးဝါးခ ဘီလ်တွေဗျ….။ အမ်စီ မရခဲ့ဘူး မဟုတ်လား…။ ညှင်းညှင်းညှင်း။

  23. MrDBA says:

    ဟယ် ကိုဘွိုက်လို နာမည်ကြီး တောင်လာဖတ်တယ်လား။ ဝမ်းသာထှာ။ :-D
    MC လား ရပါတယ်ခင်ဗျ။

  24. Divinity says:

    ကျနော်လို panel clinic 3ခုရှိတဲ့နားနေဗျ။ ဆေးခန်းလှဲ့ပြနေရုံပဲ ဟီးဟီး

  25. Boyz says:

    နောက်ဆို နာမည် သေးသေးလေးနဲ့ပဲ ရေးပါတော့မယ်ဗျ…။
    လန့်ထှာ…။

  26. Guest says:

    ကွန်မက်တွေ လာဖတ်ြီ့ပီး ပညာယူသွားသည်။

  27. kom says:

    စောစောက guest လဲတို့ဘဲ။

  28. strike says:

    နာမည်ကြီးနေတယ်လား…

  29. ပုလုကွေး says:

    ကိုကြီး ဒီဘီ …ကျတော်လဲ အမ်စီယူမလို့ ဘယ်ဆေးခန်းပြရင်ကောင်းမလဲလို့ ..လိမ်ကလဲ မလိမ်တက်ောတ့ လိမ်နည်းလေးတွေ ယူသွားတယ်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook