ရွှေတိဂုံကိုမြင်ရင်

ဘလော့ဖတ်လာ မိတ်သဟာ ချမ်းသာကိုစိတ်မြဲပါစေ။ ကျွန်တော် မောင်ဒီဘီဟာဖြင့် ပြည်တော်ပြန်ခရီးစဉ် ချောမောစွာပြီးဆုံးလို့ မနေ့က စင်ကာပူစံတော်ချိန် ည ၈ နာရီခွဲမှာ ပြန်လည်ရောက်ရှိလို့လာခဲ့ပါတယ်ခင်ဗျ။ ရောက်ရောက်ချင်းဆောက်နဲ့ထွင်း (အဲလေ) အတွေ့အကြုံများ ဖတ်ချင်ပါသဗျို့ဟု တောင်းဆိုသောသူများ ရှိလာတာကြောင့် ပြန်ရောက်စ အမေ့အိမ်ကို လွမ်းလွမ်းနဲ့ ဘလော့အကြွေးများ ဟိုဖတ် ဒီဖတ် နှပ်နေလို့ မရပေတော့ဘူးပေါ့ဗျာ။

ပြောရမယ်ဆိုရင်ဖြင့် ၂ နှစ်ကြော်ကြာမှ ပထမဦးဆုံးပြန်ဖြစ်တာဆိုတော့ လူက အင်မတန်တက်ကြွနေတာကလား။ ခရီးသွားမည့် မနက် (အောက်တိုဘာ ၄ ရက်) ၄ နာရီကတည်းက အိပ်ယာကနိုးနေပြီး မျက်နှာသစ် ရေချိုး တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်ပြီး သကာလ ဟိုပြန်ရောက်ရင် သုံးဖြစ်မယ် မသေချာသော အင်တာနက် ကိုတခုတ်တရသုံးချင်သေးတာကြောင့် ကွန်ပြူတာလေးဖွင့် ဘလော့လေးဖွင့်ကြည့်တော့ နံနက် ၄ နာရီမှာ မအိပ်သေးဘဲ ကျွန်တော့ ဘလော့မှာ ကွန်မန့်လာပေးသွားသူကိုလဲ ပြေးပြီး ကျေးဇူးတင်စကားဆိုရ၊ MZ ဖိုရမ်မှာလဲ မွေးနေ့ဆုတောင်းပေးထားသူများကိုလဲ အမြန်ကျေးဇူးတင်ကြောင်းပြောရနဲ့ အားရသွားတော့ ဖျော်ထားတဲ့ ကော်ဖီလေးသောက် နောက်တော့ အိမ်ကနေ နံနက် ၅ နာရီမှာ အထုတ်ဆွဲပြီး ထွက်ခဲ့ပါတော့တယ်။ အိမ်အောက်ရောက်တော့ ကားငှားပြီး စီးလာလိုက်တာ လေဆိပ်ကို ၅ နာရီခွဲ သာသာလောက်ရောက်ပါရောလား။ ၆ နာရီ check-in ဆိုပေမယ့်လဲ လူက တရွရွဖြစ်နေတော့ ခဏနေဆိုရင်ဘဲ ပစ္စည်းတွေ သွားချိန်လိုက်တော့တာပါဘဲ။ အားလုံး အပိုအလိုမရှိ ကွက်တိဆိုရအောင်ပါဘဲ။ တိဆို ၀တ်စရာတွေဘာမှမသယ်တော့ဘဲ လက်ဆောင်ပစ္စည်းများသာ သယ်တာကိုးဗျာ။ (တကယ်ပါ ဟိုရောက်တော့ နှစ်ပါတ်လုံး အိမ်မှာချန်ထားခဲ့တဲ့ အင်္ကျီ အဟောင်းလေးတွေနဲ့ဘဲ သွားလာခဲ့ရပါတယ်။ ဘုရားစူး စင်ကာပူကလာတဲ့လူလို့ ပြောရမလိုပါဘဲ)

ပစ္စည်းချိန်ပြီး အပြင်မှာ ဖင်ပူအောင် မထိုင်ဖြစ်ပါဘူး လ.ဝ.က ကိုဖြတ်လိုက်ပါတော့တယ်။ အထဲရောက်မှ ဆိုင်တွေလျှောက်ကြည့်ရင်း အချိန်တော်တော် ဖြုံးလိုက်ရသေးတယ်။  အဆုံးသတ်သော် ဂိတ်ဖွင့်သောအခါ လေယဉ်ပေါ် ကျွန်တော် အရင်ရောက်လေသည်။ ကျွေးတာစား ပေးတာယူထား၍ ကျွန်တော်လဲ ရင်ခုန်သံအမြန်နှုန်းအား ထိမ်းနိုင်ရန်အလို့ငှာ လည်းကောင်း ရန်ကုန်လေဆိပ် အရာရှိမင်းများနှင့် ဆက်ဆံရေး အဆင်ချောစေရန်လည်းကောင်း ဘုရား တရား အာရုံပြုကာ လိုက်ပါရလေ၏။ ကံဆိုးသည်မှာ ကျွန်တော်သည် သုံးယောက်ထိုင်ခုံတွင် လူသွားလမ်းဘေးရသဖြင့် ပြူတင်းပေါက်မှနေ၍ အပြင်သို့ မရှုစားနိုင်ခဲ့ပါ။ ထိုမှတဖန်ကား နေရာထိုင်ခုံမှာ နံပါတ် ၁၅ ဖြစ်သဖြင့် ပြူတင်းပေါက်မှကြည့်လျှင် အတောင်ပံကိုသာမြင်ရလေသည်။ အတောင်ပံပါရင်မင်း ဆီကို ဆိုသော သီချင်းအား စိတ်နာနာနှင့် ဆိုရမလိုပင်။ စိတ်နာနာနဲ့ ကျွေးတာတွေသေသေချာချာ စားပြစ်လိုက်တယ် ဆာနေတာလဲ ပါသပေါ့လေ။ လိမ္မော်ရည်တောင်းသောက်လိုက် ကော်ဖီတောင်းလိုက်နဲ့ ပြီးတော့ တန်အောင်လို့ လေပေါ် အမြင့်ပေ ၃၆၀၀၀ (ထင်ပ) မှာ ရှုးရှုးပန်းခဲ့သေးတယ် ..ဟိဟိ။ ခလုပ်နှိပ်လိုက်တာ ရေက pressure ပြင်းတော့ ငါ့စင်ပလားဟဲ့လို့ လန့်တောင် လန့်သွားသေးတယ်။

ရှေးဦးမဆွက စိတ်ကူးယဉ်ထားသည်မှာ ရန်ကုန်ရောက်ခါနီးလျှင် ရုပ်ရှင်ထဲကလို ပလေးဘက်ကလေးခံပြီး ပျော်ကြည့်မယ်ပေါ့ဗျာ။ သီချင်းကလဲ ရွေးပြီးသား ငယ်ငယ်က နံနက်ချိန်ခါ တေးသံသာ သီချင်းများ လာပြီးလျှင် အမြဲလာနေကြ သန်းမြတ်စိုးဟုထင်ပါသည် "ရွှေတိဂုံကို မြင်ရင်" ဆိုသော သီချင်းဖြစ်ပါသည်။ စာသားလေးက "ရွှေတိဂုံကို မြင်ရင် .. ရွှေတိဂုံကို မြင်ရင် .. ကိုယ့်ရေ ကိုယ့်မြေ ပြန်ရောက်ပြီလို့ စိတ်အား အလွန်ပျော်ရွှင် …. " စသဖြင့်ပေါ့ဗျာ .. ဘယ်မှာ မြင်ရလို့တုန်း ရွှေတိဂုံ။ ဒီလိုနဲ့ဘဲ လေယဉ်ကြီးကဆိုက်ရောက်သွားတော့ အထုတ်ကလေးဆွဲလို့ ထွက်ခဲ့လိုက်တော့တယ်။ အဖေတို့ အမေတို့ MZ ကဘော်ဘော်တို့ မောင်ဒီဘီလာပြီဗျ။

အမယ် အထဲရောက်တော့ ဝတ်ဖြူစင်ကြယ်တွေတွေ့သဗျ။ စိတ်ထဲ ကြည့်ညိုတာနဲ့ ပတ်စ်ပို့စာအုပ်ထဲမှာ သူတို့ တုံးထုရမယ့်နေရာ သိပ်မရှာရအောင်ဆိုပြီး စေတနာနဲ့ စင်ကာပူ ဖွတ်ကလိဒင်္ဂါး ၁၀ တန် တစ်ရွက်ကို အသာလေးညှပ်ပေးထားလိုက်တယ်။ စာအုပ်လှန်ရတာ သက်သာပါစေတော့လို့ပါဗျာ။ ခက်တာက ကျွန်တော့ ပုံစံကို နဲနဲ ရှိန်နေပုံရတယ်။ လူကလဲ ဝဝခန့်ခန့်ဆိုတော့ ဟိဟိ။ အဲဒါဗျာ စာရွက်ညှပ်ထားတဲ့နေရာကို တော်တော်နဲ့ မလှန်ဘူး ဟိုလှန်ဒီလှန်လုပ်နေပြီးမှ အဲဒီနေရာကို ရောက်သွားတယ် ဖောင်ကလေးဖြည့် ပြီးတော့ အစ်ကိုကြီး ဒါလေးက ကျွန်တော်တို့ အတွက်လားလို့ ဆိုချေသေးတယ်ဗျ သူကကျွန်တော့်ထက်တောင်ကြီးပုံရပါတယ်။ ကျွန်တော်လဲ ဟုတ်ကဲ့ဗျာလို့ ပြောပြီးသကာလ သူကလဲ နံပါတ်တစ်ခုကို အော်ပြော ဘေးနားက တစ်ယောက်က စာအုပ်ထဲ စာရင်းမှတ်နဲ့ နောက်ဆုံးတော့ အောင်မြင်စွာနဲ့ ဖြတ်သန်းလာနိုင်ခဲ့ပါတယ်ဗျာ။

Custom ရောက်တော့လဲ မအူမလည် ပထမဆုံးရောက်တာဆိုတော့ ဖောင်မဖြည့်ရသေးလို့ ဖြည့်ရတာလေးကလွဲလို့ MZ က exiter ကလာကြိုပေးတဲ့ အတွက် လေဆိပ် custom က မမများနဲ့ အဖွဲ့ကြ ကြပုံရပါတယ် ပစ္စည်းတွေတောင် ဖွင့်မပြလိုက်ရပါဘူး အပြင်ရောက်သွားတော့တာပါဘဲ။ လာကြိုကြသော MZ မှ ဘော်ဘော်များကို ကျေးဇူးတင်ရပါတယ်ခင်ဗျာ။ ခဏလေးအတွင်းမှာ လူတွေကို အကဲခတ်လိုက်တော့ ကောင်မလေးပုပုတစ်ယောက်ကလဲ ညမီအိမ်အနားမှာ ကပ်နေတာဆိုတော့ သူ့ကောင်မလေးပါလာတယ်ပေါ့ ထင်နေတာ။ အဟီး ဘယ်ဟုတ်လို့တုံး MZ က အက်ဒမင် စည်သူရဲ့ ညီမမှန်းနောက်မှ သိရတယ်။ တော်သေးတယ် မှားတော့မလို့။

အမေဟာ ၂ နှစ်အတွင်း ပိုမိုအိုစာသွားတယ်လို့ ခံစားလိုက်ရတယ်။

7,119 views