ငယ်ငယ်တုန်းက ကလေးဘ၀အရွယ် …
မမိုးချိုသင်း က ပျော်စရာကောင်းလို့ အောက်မေ့တယ်.. ဆိုတော့ ကျွန်တော်က ရှေ့က တစ်ဝက်ကျန်သေးတဲ့ စာသားကို ယူလိုက်ဖို့ စိတ်ကူးရသွားပါတယ်။ ဟုတ်တယ် ငယ်ငယ်တုန်းက ကလေးဘ၀ကိုပြန်ပြီး သတိရမိပါတယ်။ ကျွန်တော့်မိဘများက စက်မှု(၁) က ၀န်ထမ်းများ ဖြစ်ပြီးတော့ ကျွန်တော်တို့မှာ ညီ အစ်ကို နှစ်ယောက်ဘဲ ရှိပါတယ်။ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်က ကျွန်တော် အသက်ငါးနှစ်ရောက်မှာမှ အတူတူနေရတာဖြစ်ပါတယ်။
အသက် ၂၅ နှစ်မှာ အိမ်ထောင်ပြုကြတဲ့ ကျွန်တော့်မိဘများဟာ ကျွန်တော်မွေးပြီးတဲ့ အချိန်အထိ သာမန်ဝန်ထမ်းဘ၀နဲ့ ရုန်းကန်နေရဆဲပါဘဲ၊ အဲဒီတော့ ကျွန်တော့် အစ်ကို ကို အမေ့ဘက်က အဖိုး အဖွားများရှိရာ ပျော်ဘွယ်မြို့မှာ ငယ်ငယ်ကထဲက ထားပြီး ကျွန်တော် ငါးနှစ်ပြည့်လို့ ကျောင်းတက်ရတော့မှ ပြန်ခေါ်ပါတယ်။ ငယ်ငယ်ကတည်းက အတူတူ မနေခဲ့ရတော့ ကျွန်တော်က သူနဲ့ သိပ်အစေးမကပ်သလို သူကလဲ ကျွန်တော့် ကို သပ်အရောမ၀င်ပါဘူး။ ကျွန်တော့ရဲ့ ငယ်ဘ၀ဟာ ရွယ်တူများနဲ့ ကစားတဲ့အချိန်ကလွဲရင် ကျန်သော အချိန်များမှာ ကိုယ့်ဘာသာ ကစားရတာများပါတယ်။
သာယာဝတီမြို့ (သမိုင်းထဲက ဆရာစံ အလုပ်သမားသပိတ် ပေါ်ပေါက်ရာမြို့) နဲ့ ငါးမိုင်လောက်ဝေးတဲ့ နေရာမှာ စက်မှု(၁) လက်အောက်က ပန်းကန်စက်ရုံကလေးက ၀န်ထမ်းမိသားစု အိမ်ယာမှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ မက်မက်မောမော ကစားနည်းကတော့ ပလတ်စတစ် ကားကို ကြမ်းပြင်မှာ လက်နဲ့ကိုင်ပြီး တွန်းရတာပါဘဲ၊ သူများ ကလေးတွေလို ကြိုးနဲ့ မဆွဲခြင်ဘူး ကိုယ်တိုင် ဖင်တရွတ်တိုက်ထိုင်ပြီး ပါးစပ်ကလဲ တ၀ူးဝူး အသံထွက်ရမှ ကျေနပ်တာပါ။ နောက်တစ်နည်းကတော့ နဲနဲ အနုပညာဆန်တယ်ဗျ ..ဟဲဟဲ။ ကျွန်တော် အဖေရဲ့ မိဘများနဲ့ လူလွတ်ညီ ညီမများကတော့ ရန်ကုန်မြို့မှာ နေကြပါတယ်။ တနေ့တော့ အဖေ့ညီမ တစ်ယောက် မင်္ဂလာဆောင်တော့ ကမ်းနား ဟော်တယ်မှာပါ အဲမှာ ခုခေတ်လိုဘဲ တီးဝိုင်းနဲ့ အဆိုတော်နဲ့ပေါ့ ..ကျွန်တော်က အဲဒီက တီးဝိုင်းကို မြင်ပြီး ကတည်းက ဘာဆန္ဒရှိလာသလဲဆိုတော့ Drum တီးရတာကို သဘောကျလာတာပါ။ နယ်က အိမ်ပြန်ရောက်တော့ အိမ်က နို့ဆီဗူး ခွံနှစ်ခုကိုမှောက် နို့ဆီဗူး ဖေါက်ထားတဲ့ အဖုံးပြား နှစ်ခုကို အလယ်က အပေါက်ဖောက် တုတ်ကလေး တတ်ပြီး .. တံမျက်စည်းရိုးလေး နှစ်ချောင်းနဲ့ အားရပါးရ Drum တီးတန်းဆော့တော့တာပါဘဲ။ ကျွန်တော် ခုံခုံမင်မင်ဆော့တဲ့ ကစားနည်းနှစ်မျိုးကတော့ အဲဒါတွေပါဘဲ။ ကျွန်တော့်ရဲ့ တီထွင်မှုဟာ ဘယ်လောက်အောင်မြင်သလဲဆိုရင် အိမ်နားက ရွယ်တူ ကလေးမလေးတစ်ယောက် သူ့မိဘများကို ကျွန်တော့လို Drum မျိုး လုပ်ပေးဖို့ပူဆာပါသတဲ့ .။
ကျွန်တော်ကလဲ ကစားဖော်များနဲ့ ကစားရင် ရွယ်တူများနဲ့သာကစားပြီး ကျွန်တော့် အစ်ကိုကလဲ သူ့နဲ့ ရွယ်တူများနဲ့သာ ကစားပါတယ်၊ ၀န်ထမ်းအိမ်ယာဖြစ်တဲ့ အတွက် ရွယ်တူတွေကတော့ တော်တော်များပါတယ်။ နွေရာသီ ကျောင်းပိတ်ရက်ဆိုရင်ဖြင့် အိမ်တွေမှာ ကလေးတွေဘဲ ကျန်ခဲ့ပြီး လူကြီးများကတော့ အလုပ်သွားကြရတာပေါ့ ။ ၀န်ထမ်းမိဘများကို ကျွန်တော်တို့ညီ အစ်ကိုနှစ်ယောက် နွေရာသီ ကျောင်းပိတ်ရက်မှာဖြင့် တော်တော်များများ ကူညီရပါသည်။ အစ်ကိုသည် အမေဟင်းချက်ရာတွင် ဟင်းအနှစ်ထောင်းပေးရသူနေရာမှ အမြဲကူရပါသည်၊ ကျွန်တော်ကတော့ ပေါ့ပေါ့ပါးပါး လမ်းထိပ်ဈေးပြေးဝယ်နေရာမျိုး မုန်ဟင်းခါးဝယ် အကြော်သွားဝယ် နေရာမျိုးမှာ ကူရတတ်ပါသည်။ ကျွန်တော့်တို့ အမေသည် တနင်္ဂနွေသမီးဖြစ်ပြီး အလွန်စိတ်ဆတ်ပါသည်၊ ကျွန်တော့် အစ်ကိုသည် အင်မတန်အေး၍ အမေ့အား အလွန်ကြောက်ပါသည် ကြောက်လွန်း၍ သူသည် အမေ့ရှေ့တွင် အမြဲမှားတတ်ပါသည်။
မနက်ပိုင်း ရုံးမသွားခင် ကြိုးစားချက်သော်လည်းဘဲ ရံဖန်ရံခါများတွင်တော့ ဟင်းကျက်မမှီသော အခါများတွင် ကျွန်တော်တို့ ညီအစ်ကိုအား အမေသည် ဟင်းအိုးစောင့်ခိုင်းခဲ့ တတ်ပါသည်။ ကျွန်တော်တို့ ညီအစ်ကိုကလဲ များသောအားဖြင့် ဟင်းအိုးကိုတူးစေခြင်းဖြင့် တာဝန်ကျေတတ်ပါသည်။ ကျွန်တော်သည် အငယ်ဖြစ်သောကြောင့် ဘာဘဲဖြစ်ဖြစ် တာဝန်အများကြီး မယူရသောကြောင့် အကြီးဖြစ်သော ကျွန်တော့ အစ်ကိုသာ အတီးခံရတာ များပါသည်။ အမေသိပ်စိတ်ဆိုးနေမှသာ ကျွန်တော့်ကိုပါ တီးပါသည်။ ကျွန်တော်သည် အငယ်ဖြစ်သောကြောင့် အမေ့အချစ်ကို အများဆုံးရသောသူ ဖြစ်ပါသည်။
ကလေးတွေချည်း ထားခဲ့ရသောကြောင့် အမြဲလိုလို မှာတတ်သော စကားမှာ လူစိမ်းအိမ်ထဲ အ၀င်မခံနဲ့တို့၊ အိမ်ရှေ့တံခါးကို ဖွင့်မပေးနဲ့တို့ တခါးတွေသေခြာပိတ်ထားတို့ ဖြစ်ပါသည်၊ ကျွန်တော်တို့ သူငယ်ချင်းတွေဖြင့် အိမ်ပေါ်တွင် ကစားကြလွန်းသောကြောင့် အိမ်ကို အမြဲ ပြန်ပြန်ရှင်းရလွန်းသော အမေကလဲ ကျွန်တော်တို့အိမ်မှာ ကဲထားပြီဆိုလျှင် သိပါသည်။ နောက်ပြီး အမေသည် ပစ္စည်းများ နေရာတကျ ရှိမနေလျှင် တန်းသိပါသည်။ သူသည် နေရာ အလွန်အမှတ်ကောင်းပါသည်။ အသေးစိတ်ကအစ မှတ်မိပါသည်။ ဥပမာ၊ ၊ စားပွဲပေါ်တွင် စာအုပ်တစ်အုပ် မနက်က မျက်နှာဖုံး အပေါ်ဖက်ခြမ်းနဲ့ သူမြင်သွားလျှင် ညနေပြန်ရောက်လို့ မှောက်ခုံဖြစ်နေလျှင် စာအုပ်နေရာရွေ့သွားမှန်းသူက သိပါသည်။ ကျွန်တော်တို့ကလဲ ကစားလျှင် ပစ္စည်းများ နေရာမှတ်ပြီးမှ ကစားသော အကျင့်ကို ကြိုးစားကြပါသည်။
အဲလိုနဲ့ တနေ့တော့ အိမ်မှာ သူငယ်ချင်းများ ကစားပြီး ညနေရုံးမဆင်းခင်ကလေးမှာ လူစုခွဲ ကျွန်တော်တို့လဲ ပစ္စည်းများ နေရာတကျပြန်ထား အသာလေးရေမိုးချိုးလို့ လိမ္မာပြနေကြတုန်းမှာ အမေက ရုတ်တရက်မေးပါသည် .. အိမ်ကို လူလာသလားပေါ့ ဘယ်သူလာသလဲ မင်းတို့ကို အိမ်ရှေ့တခါးဖွင့်မပေးဖို့မှာထားတယ် မဟုတ်လား စသဖြင့် အစ်အောက်မေးနေသောအခါ အကြောက်လွန်သော အစ်ကိုမှ လွတ်ရာလွတ်ကြောင်း ကြိုးစားဖြေလိုက်သော အဖြေမှာ .. သားတို့ အိမ်ရှေ့တံခါး မဖွင့်ပါဘူး နောက်ဖေးတံခါးက ၀င်ခိုင်းတာပါ အမေတဲ့ … ….
နွေရာသီကျောင်းပိတ်ရက် သူများဆီလဲ သွားမဆော့ ကိုယ့်ဆီလဲသူများ လာမဆော့ကြလျှင် ညီအစ်ကိုနှစ်ယောက် အိမ်အောက်ဖက် (အိမ်မှာ အုပ်ဘိနပ်နှင့် မြေကြီးမှ လေးပေလောက်မြင့်ပါသည်) မြေကြီးပေါ်တွင် ဖျာခင်းကာ စာအုပ်ဖတ်ရင်း အိပ်ကြပါသည်။ တခါတလေလဲ အိမ်တွင်မွေးထားသော ခွေးကို စိတ်ညစ်အောင် အမျိုးမျိုးဆော့ကြပါသည်။ အနှီခွေးသည် ငယ်ဘ၀ ကထဲက ကျွန်တော်တို့ လက်ချက်မိပါသည်။ ခွေးသေးသေးလေးကို ကျွန်တော်တို့ နှစ်ယောက် ပါးစပ်ထဲကို အဖေသောက်သော Mandalay Run များ လောင်းထည့်ဖူးပါသည်။ ခွေးငယ်မှာ လျှာနှင့် လျက်ထုတ်သော်လည်း ညီအစ်ကိုနှစ်ယောက်က သူ့ပါးစပ်ကို ချုပ်ကာ မော့ထားသောကြောင့် နောက်ဆုံးတော့ အကုန်ဝင်သွားပါသည်။ လမ်းလျောက်လျှင် ယိုင်တိုင်တိုင် ဖြစ်နေသော ခွေးငယ်ကိုကြည့်ရင်း ညီအစ်ကိုနှစ်ယောက် ပျော်ခဲ့ကြဘူးလေသည်။ သောက်လျှင် မူးမမူးကို စမ်းသပ်ကြည့်ကြခြင်းဖြစ်ပါသည်။ ထိုခွေးမှာ ကြီးတော့လဲ ကြံဖန်ဆော့သော ကျွန်တော်တို့ဒါဏ် ခံရပါသေးသည်။ အရိုးကို လူကြီး ရင်ခေါင်းလောက်အမြင့် အထိကြိုးနဲ့ သစ်ပင်တွင်ဆွဲကာ ထိုခွေးကို ခုန်၍ စားခိုင်းစေခဲ့သည်မှာလဲ ကျွန်တော်တို့ဖြစ်ပါသည်၊ ခွေးအိပ်နေသော ခွေးအိမ်ထဲ ဗျောက်အိုး ပစ်ထည့်တာလဲ ကျွန်တော်တို့ဘဲဖြစ်ပါသည်။
နွေရာသီဆိုလျှင် ကျွန်တော်တို့ ကျောင်းမတက်ရ၍ မုန့်ဖိုးတော်ယုံရလေ့မရှိပါ။ တစ်နှစ်တော့ ကျွန်တော်တို့ နွေရာသီစားသုံးရန် မုန့်ဖိုးရှာဖူးပါသည်။ လောက်စာလုံး လုံး၍ရောင်းကြပါသည်။ သူများတွေကတော့ လယ်ကွင်းထဲသွား၍ အက်ကွဲနေသော မြေစာခဲကြီးများကို မလာ၍ အိမ်ရောက်တော့ ရေပြန်စိမ်ကာ နှုးနှပ်ပြီး ပြန်လုံးကြပါသည်။ ကျွန်တော်တို့ကတော့ လယ်ကွင်းထဲ နေပူခံကာ မသွားနိုင်၍ ကြံဖန်ရပါသည်။ အဖေ့၏ တပည့်များကို ပန်းကန်ပြားလုပ်သော ရွံ့စေးများ နဲနဲချင်း သယ်ခိုင်းပါသည်။ ထိုရလာသော ရွံ့စေးများကိုမှ လောက်စာလုံးလုံးကာ ပြန်ရောင်းပါသည်။ နွေရာသီတွင် ရွယ်တူကလေးများရော လူလတ်များပါ အားအားရှိ လေးခွတစ်လက်နှင့် လက်သရမ်းကြလေရာ လောက်စာလုံးမှာ ရောင်းကောင်းလှပါသည်။ ကျွန်တော်တို့ လောက်စာလုံးမှာ ပန်းကန်ဖုတ်သော ရွံ့ဖြစ်၍ ကွာလတီကား အထူးပြောစရာမလိုတော့ပါ။ လောက်စာလုံး မြေသားကောင်းလျှင် နေလှန်း၍ ခြောက်သွားသော အခါ မဲပြောင်ပြောင်လေးဖြစ်နေရပါသည်။ ထိုမှသာ ကွာလတီကောင်းသည်ဟု သတ်မှတ်ပါသည်။ တစ်ချို့ကတော့ နေလှန်းပြီးလို့ အနည်းငယ်ခြောက်သွားသော အချိန်တွင် မှန်ကွဲစနှင့် တိုက်ကာ အရောင်ပြောင်အောင်လုပ်ကြပါသည်။ ပြီးမှ ပြန်နေလှန်းပါသည်။
ကျွန်တော်သည် ယောကျာင်္းလေးများနှင့် ကစားသလို မိန်းခလေးများနှင့်လဲ ကစားတတ်ပါသည်။ ဟိဟိ။ ယောကျာင်္းလေးများက တနေကုန်ကစားကြ၍ မိန်းခလေးများကတော့ တနေကုန်အိမ်တွင်းအောင်းကြပါသည်။ အဲသူတို့က ညနေကြလျှင်တော့ စပါပြီ။ ညနေခင်း နေစောင်းလျှင် သူတို့ အဖွဲ့လူစုကြပါပြီ။ ဘာရှိဦးမည်နည်း ထုတ်ဆီးထိုးတန်းပေါ့ဗျာ၊ ကျွန်တော်တစ်ယောက်ထဲ ယောကျာင်္းလေးပါခြင်းမဟုတ်ပါ တစ်ချို့ မိန်းခလေးများ၏ အစ်ကိုများ မောင်များလဲပါကြသည်ပေါ့၊ မိန်းခလေးများနှင့် ကြက်တောင်လဲ ရိုက်ပါသေးသည်။ .. ကျွန်တော်ကို ယောကျာင်္းလေး ဘောလုံးမကန်ဘဲ ထုတ်ဆီးတိုးရသလား မေးပါနဲ့၊ ဘောလုံးကန်သော သူများမှာ ကျွန်တော့်ထက် အကောင်ကြီးကျ၍ ဘောလုံးလုကြလျှင် ခြေထောက်ခြင်း ရိုက်နေကြတာ များသောကြောင့် ငယ်ငယ် က ဘောလုံး ကန်ရမှာ အသေကြောက်ပါသည် ဘောလုံး ခြေထောက်ထဲရောက်မှာသာ ကန်တတ်ပါသည် လိုက်မလုတတ်ပါ။ ကိုယ့်ဆီရောက်လျင်လဲ ခြေထောက် အနာမခံနိုင်၍ ကိုယ့်လူဆီရောက်အောင် အမြန်ကန်ပေးလိုက်တာများပါသည်။ ဒိုလေးလို ဆွဲပြေးတာတွေ မလုပ်တတ်ပါ။. များသောအားဖြင့် ကွင်းထဲပတ်ပြေးနေရတာ များပါသည်။. သို့ပါသော်လည်း တစ်နှစ်သော လွတ်လပ်ရေး ပွဲတော် အခါသမယတွင်တော့ ကျွန်တော့် အဖေ၏ စာရင်းပေးမှုကြောင့် ၁၂ နှစ်အောက် ခလေးသင်းတွင် ဘောလုံးကန်ဖို့ ဖြစ်လာပါသည်။ ထုံးစံအတိုင်း ကွင်းထဲပတ်ပြေးနေရတာ များပါသည်။ ဘေးကလဲ ၀ိုင်းအားပေးကြပါသည် ဟေ့ကောင် မင်းဘောလုံးကန်မှာလား ဟု။ တစ်ခါသားမှာတော့ ပြေးရင်း ဘောလုံးက လေထဲမြောက်လာပြီး ကျွန်တော် မောလို့ ခဏရပ်နေတဲ့ နေရာ တဲ့တဲ့ ကြလာပါသည် ကွင်းထဲရှိလူများကလဲ ကျွန်တော်ရှိရာ နေရာကို ပြေးလာကြတာပေါ့ .. ကွင်းဘေးက ၀ိုင်းအော်ကြတာပေါ့ ကျွန်တော့် နာမည်ခေါ်ပြီး ခေါင်းတိုက် ခေါင်းတိုက် လို့ .. အဟိ ကျွန်တော်လဲ မော့ကြည့်ပြီး အသေ အချာ တိုက်ထည့်လိုက်တာ ဂိုးရှေ့နားမှာ ရပ်နေတဲ့ ကျွန်တော်တို့ ဘက်က ကစားဖော်ရှေ့ရောက်သွားပြီး သူကန်သွင်းလိုက်တာ ဂိုးဝင်သွားပါရောလား .. ဟေးဟေး ကျွန်တော့ ကိုဝိုင်းချီးကျူးကြတာပေါ့ ခေါင်းတိုက်ကောင်းတယ်ပေါ့လေ .. ကျွန်တော့်မှာတော့ တော်တော် အီစိမ့်သွားတာပါဘဲ … ဘောလုံးက လူကြီးကန်တဲ့ ဘောလုံးကြီးကို လေကလဲ အပြည့်နဲ့ဆိုတော့… ။