ပြောရခက်တဲ့လူ

တော်တော်ခက်တဲ့လူဗျာ .. ဒီနည်းပညာက ဘာလို့ မဖြစ်နိုင်ဘူးလို့ထင်နေရတာလဲ.. ခင်ဗျား တော်တော် ဗဟုသုတနဲတာဘဲဗျ .. တော်တော်စိုးရိမ်ကြီးတတ်တယ်လား။ ဟွင်း

ဒီမှာ ကျုပ်က အိမ်ခန်းရောင်းစားလားတာ အံတိုနေပြီ။ ခုလို နည်းပညာ အသစ်နဲ့ ဆောက်ထားတဲ့ တိုက်ခန်း ခင်ဗျားကို ရစေခြင်လို့ ကျုပ်တောင် ဈေးကြီးလို့ ကြိုပွိုင့် အများကြီး ၀ယ်မထားနိုင်ဘူး .. သူတို့ကလဲ ပွဲစားထားတာ မဟုတ်ဘူး ကိုယ်တိုင်ဝယ်ထားမယ် ဆိုရင်တော့ ကြိုက်သလောက် ၀ယ်ထားနိုင်တယ် ဆိုလို့ လေး ငါးခန်းလောက် ၀ယ်ထားနိုင်တာ။ အဲဒီထဲကမှ ကိုယ့် အတွက် တစ်ခန်းချန်ပြီး ပြန်ရောင်းမယ်ပေါ့လေ။

နေရာကလဲ အကွက် အကွင်းကောင်း .. ကန်တော်ကြီးနားမှာ .. ကဲ။ ရွှေတိဂုံ ဘုရား ဖူးမလား၊ ရန်ကုန်မြို့ ရှုခင်း ကြည့်မလား၊ ပန်းခြံကို အပေါ်စီးကနေ ကြည့်မလား၊ အို ..ခင်ဗျား စိတ်ထဲ ဆန္ဒရှိတာ အကုန်ဖြစ်စေမယ့် တိုက်ခန်း။ ဘာ … အရှေ့လှည့်ဖြစ်မှ ဟုတ်လား … ဒီမှာ ကိုယ့်လူ ကြိုက်တဲ့ မျက်နှစာ လှည့်လို့ရတယ် .. ဘာ ပြောတယ် လေများတယ်ဟုတ်လား ပွဲစား လေများတာတော့ ၀န်ခံပါတယ်ဗျာ .. ခုဟာကတော့ သေချာ အမှန်အကန်ပြောတာပါဗျ။

နိုင်ငံနဲ့ ချီပြီးပြောရရင် ဒူဘိုင်းပြီးရင် ကျုပ်တို့ ဒုတိယဘဲ။ ဟဲဟဲ .. အေးလေ ခုတော့ ဆောက်တုန်းပါဘဲ ခင်ဗျားကို ခင်ဗျားကို ပုံပြမှာပေါ့ .. တကယ်ပါဆိုဗျာ ခင်ဗျား လှည့်နေချင်တဲ့ အရပ်မျက်နှာကို လှည့်နေလို့ရတယ်ဗျ။ အရှေ့လှည့်လား တောင်လှည့်လား ခင်ဗျား ခေါင်းစားနေစရာ မလိုတော့ဘူး။ ရီမုတ်ကလေး ကိုင်ပြီး လှည့်လိုက်ယုံဘဲ။ သေချာတာပေါ့ အထပ်တိုင်း လှည့်လို့ရတယ် … ပြောမယ်ဗျာ ..ခင်ဗျား ညဘက် ရွှေတိဂုံဘုရားကို ခေါင်းရင်းထားပြီး အိပ်ခြင်တယ်လား .. ဟဲဟဲရမယ်၊ မနက်မိုးလင်း ဘုရားစင်ရှေ့ကနေ ရွှေတိဂုံ ဘုရား ဖူးရင်း ကုသိုလ်ယူလို့ရတယ်။ .. နေမြင့်လာရင် ပူမယ်ဟုတ်လား … ခက်ပ .. အရှေ့က နေထိုးလာတော့ တောင်ဘက်လှည့်ထားလိုက်ပေါ့ဗျ .. မျက်နှစာလှည့်ဖို့ကို ခင်ဗျား လက်ထဲ ရီမုတ်ကြီးပေးထားတဲ့ဟာ ..။ မူးမယ်ဟုတ်လား ..ခက်ပ ဒီမှာ ခင်ဗျား ရွေ့တယ်လို့တောင် မထင်ရတဲ့ ညင်သာမှုမျိုးနဲ့ ရွှေ့မှာပါတဲ့ဗျ။ အင်း တစ်ပတ်ပတ်မိဖို့ လည်တာက ကြာချိန် မိနစ် ကိုးဆယ်တဲ့ဗျ အေးပေါ့ တစ်နာရီခွဲပေါ့ဗျ .. သေချာပါတယ် နှေးနှေးလေး လည်နေတာ .. ခင်ဗျား ငယ်ငယ်က ပုခက်ထဲမှာ အိပ်သလို ဇိမ်ပြန်ယူလို့တောင် ရသေး။

သိတယ် သိတယ် ခင်ဗျား ဂျီကျမယ်ဆိုတာ သိလို့ ကျုပ်က လေ့လာထားပြီးသား ။ ကျုပ်က အင်ဂျင်နီယာများလိုတော့ ရှင်းပြတတ်ဘူး .. ခင်ဗျား စိတ်ဝင်စားတာ ရန်ကုန်မှာ အမြဲကြုံနေတဲ့ မိလ္လာပိုက်၊ ရေပိုက်၊ လျှပ်စစ်လိုင်း ဒါတွေဘဲ မဟုတ်လား ဟဲဟဲ။ အထပ်တိုင်း လည်နေမှတော့ ပိုက်တွေ ဘယ်လိုနေရာချ မလဲ ဟုတ်လား.. ဒီမှာ ကိုယ့်လူ သူတို့ ရှင်းပြတဲ့ အတိုင်း ပြန်ပြောရရင် အဆောက် အဦးရဲ့ အလည်ဗဟို တည့်တည့်မှာ ဒီအဆောက် အဦးကြီး လည်ပတ်စေမည့် နောက်ဆုံးပေါ် နည်းပညာများနဲ့ တပ်ဆင်ထားပြီး လည်စေမယ်၊ ရေပိုက်၊ မီးကြိုး၊ အဲ ဓါတ်လှေခါး၊ နောက် အရေးပေါ် လှေကား … စတာတွေကို အဆောက် အဦးရဲ့ အလည်မှာ ဆင်ထားမှာပေါ့ဗျ။ ကျုပ်မေးပြီးပါပြီ။ ဘာ မီးလောင်ရင် ဟုတ်လား .. အဲဒီ အလည်နေရာကဘဲ ဆင်းပြေးရမှာပေါ့ဗျ .. တခြားနေရာမှ မရှိတာ … လူတွေပြုံနေမယ် .. အာ အဲဒါတော့ ခင်ဗျား ကပ်ပြောတာ … WTC ကြီးမီးလောင်တော့တောင် ဒီလိုဘဲ ဆင်းပြေးရတာဘဲဟာကို… တော်ဗျာ တော်ဗျာ ဆက်ပြောစရာ ကျန်သေးတယ်။

လျှပ်စစ် ဟုတ်လား။ သိပါ့ သိပါ့ တစ်သက်လုံး အမှောင်ထဲ နေလာပြီး အိမ်ဝယ်ခါနီးမှ မီးရောမှန်ရဲ့လား ခင်ဗျား မေးတော့မယ်ဆိုတာ သိသားဘဲ။ ဒီမယ်ဟေ့လူ ခင်ဗျားနေမယ့် တိုက်က အထပ် ၁၂၀ ရှိတယ်၊ သစ်ပင်မြင့်လေ လေပိုတိုက်ခံရလေ ဆိုတာတော့ ခင်ဗျား ကြားဖူးတယ် မဟုတ်လား။ အဲဒါလိုမျိုးပေါ့ဗျာ ခုကလဲ တိုက်က အမြင့်ကြီးဆိုတော့ လေကတော့ ကောင်းကောင်းတိုက်မယ်လေ ..ဆိုတော့ သူတို့က လေအား လျှပ်စစ် ထုပ်တဲ့ နည်းပညာကိုတောင် အသုံးချထားပြီဗျ.. ဟဲဟဲ။ကျုပ်တို့လူမျိုးတွေက သိပ်မြင့်ရင် မကြိုက်ကြလို့ အထပ် ၁၂၀ လောက်နဲ့ ရပ်ထားမှာတဲ့ဗျ .. ကမ္ဘာ့ အမြင့်ဆုံးတွေလဲ မဖြစ်ချင်ပါဘူး .. လူနေလို့ရပြီး ရောင်းထွက်လောက်မည့် အနေလောက်ဆို တော်ပါပြီတဲ့ ..ဆောက်တဲ့ ကုပ္မဏီက ပြောတာပါ။ ရေကတော့ဗျာ ထုံးစံ အတိုင်း အ၀ီစိတွင်းတူးရမှာပေါ့ … ရေကို သေချာသန့်အောင် လုပ်ပေးထားမှာပါ မပူပါနဲ့။ ကန်တော်ကြီးဘေးနားမှာဘဲ ရေတော့ ပူစရာမလိုပါဘူး။

 ဒါတောင် လူကြီးတွေက ခေတ်မှီဖွံ့ဖြိုး တိုးတက်မှန်း ကမ္ဘာက သိစေခြင်လို့ စတင် အကောင် အထည်ဖော်တဲ့ စီမံကိန်း မို့လို့ ဒီတိုက်ကြီး ဆောက်ဖြစ်တာပေါ့။ ဘယ်သူဆောက်တာလဲ ခင်ဗျား စဉ်းစားမနေပါနဲ့ဗျာ တခြားလူတွေ မဖြစ်နိုင်ပါဘူး … အဲလေ လိုရင်းတောင် မရောက်တော့ဘူး။

အင် … အာခီတက် ဟုတ်လား ..အား ..ခင်ဗျားက ဒီလိုကြတော့လဲ အဟုတ်ပါလား။ သိချင်သေးတယ်လား … ဘယ်သူရှိသေးလို့တုန်း ဒူဘိုင်းမှာတုန်းက ဒီဇိုင်းဆွဲခဲ့တဲ့ David Fisher ဘဲပေါ့ဗျ။ သူက ဒီဇိုင်းသာ ဆွဲပေးတာ နာမည်ခံရမှာတော့ ကြောက်သား။ သူ့ ဘဏ် အကောင့်ကို ပိတ်သွားမှာ စိုးလို့တဲ့ .. ကျုပ်တို့ကို ဆွဲပေးလို့ပေါ့ဗျ .. ခင်ဗျားကလဲ။ အဲ ကြုံတုန်း ခင်ဗျား စောစောက မေးထားတဲ့ အဆောက် အဦ ပုံစံဆိုတာလေး ပြမလို့ .. ရန်ကုန်မှာ ဆောက်မည့် ဒီဇိုင်းကတော့ ကုပ္မဏီက သူများတွေ အတုယူသွားမှာ စိုးလို့တဲ့ ဆောက်ပြီး တစ်ဝက်လောက်ရောက်မှ လူပေးပြပါရစေ ဆိုလို့ ပုံမရခဲ့ဘူး  ..ဆိုတော့ ခင်ဗျား ခံစားလို့ရအောင် ဒူဘိုင်းမှာ ဆောက်နေတဲ့ ပုံလေး ပြမယ်ဗျာ နော် ..ခဏလေး အင်တာနက်ဖွင့်လိုက်ဦးမယ် … ….. ……. တောက် ကြာလိုက်တာ .. ဒါလေးတက်ဖို့ ။

ရန်ကုန်တွင် ဆောက်တော့မည့် ပုံစံတူ ဒါမျိုးပေါ့ဗျ။ အထပ်တိုင်းက ကိုယ်ကြိုက်သလို မျက်နှစာ လှည့်လို့ရတယ်လေ .. ဟဲဟဲ မြင်ပြီမဟုတ်လား။ ခင်ဗျား ၀ါသနာပါရင် နေ့လည်နေ့ခင်း အပေါ်ထပ်ကနေ ကန်တော်မင် ပန်းခြံဘက်လှည့်ပြီး ပန်းခြံထဲ အတွဲ လှမ်းချောင်းလို့တောင် ရသေး ဟေးဟေး။ ဒါပေမယ့်ဗျ ကိုယ့်လူတွေ တစ်ယောက် တစ်မျိုး နေရာစုံ လျှောက်လှည့်နေရင်တော့ ပုံစံက ပွရောင်းရောင်းနဲ့ လှမည့်ပုံတော့ မရပါဘူး။ ပုံမှာ ကြည့်ပါလား။

လေယဉ်လာတိုက်မှာ .. အာဗျာ ခင်ဗျားကလဲ ကျုပ်တို့က ကိုယ်ဘာသာနေလာတာဘဲ ဘယ်လောက်ကြာနေပြီလဲ ဘယ်သူက မုန်းလို့ လာတိုက်ရမှာတုန်း .. ခင်ဗျား ထွေရာလေးပါး စဉ်းစား မနေပါနဲ့ဗျာ . . ကျုပ် နှစ်ခန်းရောင်းထွက်သွားပြီဗျ .. ခင်ဗျားကို ရစေခြင်လို့ ပြောတာပါ .. အမ် ..ဘာလို့ခုမှပြောလဲ ဟုတ်လား .. ခင်ဗျား ကို ဟိုနှစ်ရက်က ဖုန်းခေါ်တာ ထူးမှ မထူးဘဲကို ကျုပ်မှာ ဘယ်လိုမှ ကျိုးစားလို့ မရလို့ … ဒီလို ဆောက်တော့မယ် ကြားတာနဲ့ ကျုပ်အကြောင်းသိတဲ့ လူတွေက လာလာမေးနေကြပြီ .. ကျုပ်လက်ထဲ ရောင်းဖို့ရှိလားပေါ့ .. ဘယ်လိုမှ တား မရလို့ နှစ်ခန်းရောင်းလိုက်ရပါရောလား။

အဲ အဲ ..ဒီမှာ ခင်ဗျားမေးနေတဲ့ လျှပ်စစ်၊ လေအား တာဘိုင် စနစ်တွေပေါ့ .. အထပ် တစ်ခုနဲ့ တစ်ခုကြားမှာ လေရဟတ်တွေတပ်ထားတာ မြင်လား။ အင်း အဲဒါအပြင်ကို နေအား လျှပ်စစ် ထုတ်မည့် ဆိုလာပြားတွေ ကိုလဲမျက်နှာပြင်တွေမှာ သာမန်မှန်သားတွေနဲ့ ရောပြီး မြှုတ်ထားဦးမှာ။ လျှပ်စစ်ကတော့ ခင်ဗျား အရင်က မကြုံဖူး တာမျိုးတွေ ကြုံရတော့မှာ။ ဟေ့လူ ခက်တယ်ဗျာ .. ဘယ်လိုပြောရမလဲ ခင်ဗျား အင်ဗာတာ မြင်ဘူးတယ် မဟုတ်လား ..အေးလဗျာ ..အဲလိုပေါ့ တစ်နေကုန် လေအား နေအားနဲ့ ထုပ်ထားတဲ့ လျှပ်စစ်အားတွေကို အကြီးစား အင်ဗာတာထဲမှာ စုဆောင်းထားတဲ့ ကျုပ်လဲ သူတို့ပြောတဲ့ နည်းပညာ စကားတွေနားလည်ပါဘူး ဒီလိုဘဲ လူပိန်းတွေး ဖြည့်ယူလိုက်ရတာဘဲ။

ကဲ ကဲ ပြောရတာ အာတောင် ခြောက်တယ်ဗျာ .. ဒီမှာ နောက်တစ်ပုံဗျာ .. ဒါကတော့ ညဘက်မှာ မြင်ရမယ့် ပုံမျိုးပေါ့ ..တော်လှန်ရေးနေ့တို့ ဘာတို့မှာ မီးပန်းဖေါက်ပွဲ ခင်ဗျား သွားကြည့်စရာ မလိုတော့ဘူး ဒီအပေါ်ကနေ အေးအေးဆေးဆေး လှမ်းကြည့်လိုက်ယုံဘဲ ။

ခင်ဗျား ဒီထက် သေသေချာချာ သိခြင်သေးရင် ကုပ္မဏီရုံးခန်းကို ကျုပ်ခေါ်သွားပေးမယ်ဗျာ .. ဟိုကြတော့ သေချာမေး ..အဲ ၀ယ်တာတော့ ကျုပ်ဆီက ၀ယ်ရမယ်နော်။

 

 

 

 

စာကြွင်း၊ ၊ (စားကြွင်းစားကျန်မဟုတ်ပါ) ခေါင်းစဉ်နဲ့ စာကိုယ်နဲ့ ဘာမှ မပါတ်သက်သလိုဘဲနော် .. ဟိဟိ။ ဒါပေမယ့် ဆွဲဆောင်မှုရှိမယ်ထင်လို့ ထားလိုက်ပါတယ်။

ဒူဘိုင်းမှာ အလုပ်လုပ်ပြီး စင်ကာပူမှာ အလုပ်လာရှာသော သူငယ်ချင်းမှ ဒူဘိုင်း အတွေ့ အကြုံများ ပြောပြသောကြောင့် ဒီလို ၃၆၀ ဒီဂရီ လှည့်လို့ရသော အဆောက်အဦး ဆောက်နေပါတယ်ဆိုလို့ ခုမှ သိလို့ Google တွင်ရှာဖတ်ပြီး ကျန်ဖန် လန်ကျုပ်ရေးလိုက်ရပါပေတယ်။ သေသေချာချာ သိချင်လျှင်တော့ …

၁) http://www.madarchitect.org/super-structures/construction-for-the-rotating-tower-in-dubai-to-begin-this-month/

၂) aavaas.com/2008/07/26/futuristic-rotating-tower-skyscraper-in-dubai/

3) www.youtube.com/watch

 

Tags :
14,409 views