Tag: သံရံုး
သံရုံးတစ်ခေါက်ရောက်ခဲ့တယ်
စင်ကာပူရောက်တာ သုံးနှစ်ပြည့်တော့မယ် ..အိမ်လဲ အလည်ပြန်ချင်တာရယ် အလုပ်တစ်ခုလဲ ပြောင်းထားတာရယ်ကြောင်း နာမည်ကြီး ဗမာသံရုံးကို နက်ဖြန် နံက်မှာတော့ စောစော သွားရဦးမှာမို့ … အတွေ့ အကြုံလေးများမျှပါဦးမယ် ..
ခုတော့ မနက် သွားတန်းစီရမှာ မို့ အိပ်စက်လိုက်ဦးမယ်ဗျာ..
မယုံလျှင် ပုံပြင်သာမှတ်ကြပါ။ မနက်က လင်းအားကြီး ၄ နာရီမှာ တက္ကစီငှားပြီး မြန်မာသံရုံးရှိရာ အမှတ်(၁၅) စိန့်မာတင် ဒရိုက်ကို ချီတက်ခဲ့ရပါတယ်။ ဟိုရောက်တော့ နာမည်စာရင်းပေးတဲ့ စာရွက်မှာ ကိုယ့်နာမည်လေးရေး အမယ်ဒါတောင် ကိုယ့် စီရီယာ နံပါတ်က ၂၁ တဲ့ ကိုယ့်ထက် စောတဲ့လူတွေ ရှိနေပါလား။ စာရင်းပေးပြီး အိမ်ပြန်တရေး အိပ်လိုက်ရသေးတာပေါ့ ။ ဟို အရင်ကဆိို လူတွေ ငုတ်တုတ် ထိုင် အိပ်နေကြရတာ မဟုတ်လား၊ ယုံပါ့မလားဘဲ .. ရန်ကုန်ဘူတာကြီးမှာ မနက်လက်မှတ်ရောင်းမှာ ကို ညအိပ်စောင့်ရသလိုပေါ့။
မနက် ၈ နာရီထိုးတော့ ပြန်ထ ရေမိုးချိုးပြီး သံရုံးကို ပြန်ပြေးဖို့ ပြင်ဆင်ရပြန်တာပေါ့။ မိုးကလဲ အားနဲ့ရွာနေတယ် ကိုယ့်မှာ လူကျော်ကုန်မှာ စိုးလို့ ကားငှားပြီး ပြေးရပြန်တယ်။ ဟိုရောက်တော့ ၉ နာရီ လူတွေက မိုးရွာလို့ သံရုံးထဲမှာ အဆင်ပြေသလို နေရာယူနေကြရတယ်။ ကြည့်ရတာ လူတော့မခေါ်သေးဘူး အရင်ဆို ၉ နာရီစနေပါပြီ။
မနက် ၉း၃၀ မှ ၀န်ထမ်းတွေ ရောက်လာတယ်၊ ကောင်းလိုက်တာ မိုးရွာလို့လား ဒါမှ မဟုတ် ရန်ကုန်စံတော်ချိန်နဲ့ ရုံးတက်တာလား ဒီမှာတော့ လူတွေက မနက် အစောကြီးထဲက ဒုက္ခခံပြီးစောင့်နေကြရတယ်။
ဒီနေ့ အန်တီကြီးဟာ စိတ်မကြည်လင်ဘူးထင်တယ် ရှေ့မှာ အခွန်ဆောင်နေတဲ့ လူတွေဆီကနေ အသံတွေကြားနေရတယ်။ ဘုရားစာလေးရွတ်ပြီး ကိုယ့် နာမည်ခေါ်မည့် အချိန်စောင့်ပေါ့ ခြေထောက်ညောင်းချက်ကတော့ မိုးကလေးအေးတော့ စိုစွတ်စွတ်နဲ့။ ဒါတောင် တော်သေးတယ် သူငယ်ချင်းတစ်ယောက်က ပျင်းနေမှာစိုးလို့ ဖုန်းဆက်ပြီး စကားပြောပေးနေလို့ စောင့်လို့ စိတ်မရှည်ရတဲ့ ဒုက္ခက မေ့လို့ရနေတာ။ (ကျေးဇူးတင်တယ်ဗျာနော် ကြံုတုန်း ကျေးဇူးတင်လိုက်တာ)
နာမည်က ပထမ ၅ ယောက်နာမည််ခေါ်ပြီး တော်တော်ကြာတဲ့ အထိထပ်ခေါ်တဲံ အသံမကြားရတော့ဘူး၊ လူတွေကတော့ သွားသွား ရပ်နေကြတာဘဲ ကိုယ့်မှာလဲ ဖုန်းပြောပေးတဲ့ သူယ်ချင်းနဲ့လဲ ပြောရ နာမည်ခေါ်တာ လွတ်သွားမှာလဲ စိုးရနဲ့၊ မနက် ၁၁ နာရီထိုးတဲ့ အထိ လူလဲ ထပ်ခေါ်သံမကြားရလို့သွားချောင်းကြည့်လိုက်တော့မှ ကိုယ့်နံပါတ်နားတောင်တောင်ရောက်နေပြီ။ ကောင်တာနားမှာ မနက်ကတည်းက သေချာ မတ်တတ်ရပ်နေတဲ့ လူတစ်ယောက်တွေ့တာနဲ့ “လူနာမည်လဲ မခေါ်ဘူးနော်” ဆိုပြီး မိတ်ဖွဲ့ စကား ဆိုလိုက်တာ သူက “လိုရင် ခေါ်မှာပေါ့ မလိုလို့ မခေါ်တာနေမှာပါ” ဆိုပြီး ဘုကျကျ ပြန်ပြောလို့့ အသာလေးငြိမ်နေရသေးတယ် ..
အသာလေး ရပ်စောင့်နေတော့ ခဏနေကိုယ့်နာမည်ခေါ်ပါလေရော .. မျက်နှာကို အချိုသာဆုံးထားပြီး ကောင်တာရှေ့ရပ် ကိုယ့်စာရွက် စာတန်းတွေ ထုပ်ပြလိုက်တယ်ဆိုရင်ဘဲ စစ်ဆေးပြီး spass ဆိုရင် ၈၀ နဲ့ဆောင်ရမှာ ဖြစ်ကြောင်း ကိုယ် အရင်တစ်ခေါက် ဆောင်ထားတဲ့ ၆၀ နဲ့ဟာက သူတို့ မှားယွင်းပြီး လက်ခံလိုက်မိလို့ ဖြစ်ကြောင်း၊ ဒီတော့ ဒီတစ်ခါမှာတော့ ၈၀ နဲ့သာလျှင် လက်ခံတော့မှာ ဖြစ်ကြောင်း … ကိုယ်လဲ မကြေနပ်ပေမယ့် ဘာမှလဲ ပြောလို့မရမှာသိနေတော့ ဟုတ်ကဲ့ပေါ့.. အဲဒါနဲ့ စာအုပ်သက်တမ်းတိုး အခွန်လိုတာဆောင်ဖို့ ငွေသွင်းရန် တဖန်စောင့်ရပြန်သေးတယ်ဗျ။ နောက်ဆုံးမှာတော့ စိတ်ရှည် သည်းခံ လမ်းကြောင်းမှန် ဆိုတဲ့ အတိုင်း နေ့လည် ၁ နာရီခွဲမှာ အခွန်ဆောင်ခြင်း လုပ်ငန်းကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါတော့တယ် ခင်ဗျာ …. ။