Tag: ဘွန်လေး ဘုန်းကြီးကျောင်း
ဘွန်လေးမှသည် သီရိလင်္ကာဆီသို့
ပြီး ခဲ့တဲ့ တနင်္ဂနွေနေ့က ဘွန်လေးမှာ ပြောင်းရွေ့ကာ သာသနာပြုနေတဲ့ ဗုဒ္ဓဂါယာ သုခါရာမကျောင်းရှိရာကို တစ်ခေါက်ရောက်ခဲ့ပါတယ်။ ပထမဦးစွာ ဘာကြောင့်သွားခဲ့သလဲ မပြောခင်မှာ အဲဒီဘုန်းကြီးကျောင်းအသစ်ကို ဘယ်လိုရောက်အောင်သွားရတယ်၊ သွားနိုင်တယ်ဆိုတာလေးကို လက်တို့ချင်ပါသေးတယ်။ ဘုန်းကြီးကျောင်းရောက်ရင် ဖုန်းခဏခဏလာသမျှဟာ ဘယ်နားရောက်နေလို့ ဘယ်လိုဆက်လာရမယ်ဆိုတာကို လမ်းညွန်တောင်းတောင်းနေတာကိုဘဲ မြင်နေရ ကြားနေရတာကြောင့် မရောက်ဖူးသေးသူများအတွက် ပါတ်ဝန်းကျင်တည်နေရာကို ဓါတ်ပုံများ ဝေဝေဆာဆာနဲ့ ရှင်းလင်းပြောပြပေးသွားမှာ ဖြစ်ပါတယ်။ (ဟမ် .. သတင်းကြော်ငြာနေတာနဲ့ တူတူလာပြီ။)
ဆက် သွယ်ရန်လိပ်စာကတော့ No. 264, Westwood Ave, (Off Jurong West Ave 5) Singapore 648464. Tel: (65) 6777 7018. လာနိုင်တဲ့ လမ်းညွှန်ကတော့ Bonlay Interchange မှနေ၍ 181 ကို ၅မှတ်တိုင်စီးရမှာဖြစ်ပါတယ်။ 243လဲရောက်ပေမယ့် 181လောက်သွားရတာ လွယ်ကူမယ်မထင်လို့ပါ။ 181ကို ၅မှတ်တိုင်စီးပြီးတာနဲ့ ၅မှတ်တိုင်မြောက်မှာဆင်း၊ ရှေ့ကိုနဲနဲဆက်လျှောက်ရင် Condominium တစ်ခုကိုတွေ့ရမှာဖြစ်ပြီးတော့ အဲဒီကွန်ဒိုကို ကျော်သွားပြီးတာနဲ့ ဘုန်းကြီးကျောင်းတည်ရှိရာ ခြံဝင်းဘေးကို ရောက်ပါပြီ။
မြေပုံ မှာ ပြထားတဲ့ အစိမ်းရောင်လိုင်းကလေးကတော့ 181 သွားရာလမ်းကြောင်းဖြစ်ပြီးတော့ နောက်ဆုံးမှတ်တိုင် ရောက်ခါနီးလေးကိုသာ ကပ်ပြီးပြထားတာပါ။ ပုံမှာ ထောင့်ချိုးကွေ့သွားတဲ့ မီးပွိုင့်ထောင့်ကတော့ Gek Poh Shopping Center ဘဲဖြစ်ပါတယ်။ မီးပွိုင့်မှာ ကွေ့ပြီးရင် ရောက်တဲ့မှတ်တိုင်မှာ ဆင်းရပါမယ်။
လမ်းမ ရဲ့ တစ်ဖက်ခြမ်းကနေ လှမ်းကြည့်ရင် မြင်ရမယ့် ဘုန်းကြီးကျောင်းရဲ့ ဘေးမှ မြင်ရပုံပါ။ ကိုယ်က ကားမှတ်တိုင်ကနေ လမ်းလျှောက်သွားရင် အဲဒီခြံဝင်းရဲ့ ဘေးကို ကပ်လို့ရောက်သွားမှာပါ။ အခုတော့ ခြံစည်းရိုးမှာ သာသနာ့အလံလေး ထောင်ထားပါတယ်။ နဲနဲသတိထားကြည့်မိရင် တွေ့နိုင်ပါတယ်။
ကျောင်းပေါ်ကို တက်သွားနိုင်မယ့် လှေခါး။
ဘုန်းကြီး ကျောင်းရဲ့ အတွင်းပိုင်း အပြင်အဆင် အကျယ်အဝန်းကတော့ Eunos မှာရှိတဲ့ ဓါတ်တော်တိုက်လို ပုံစံမျိုးပါဘဲ။ သုံးထပ်တိုက် ထောင့်ခြံဖြစ်တဲ့အတွက် မြေနေရာနဲနဲပိုရပြီးတော့ ရှေ့နဲ့နောက်ဘက်မှာ အကျွေးအမွေး အချက်အပြုတ်လုပ်လို့ရနိုင်တဲ့နေရာပိုလေး ရှိပါတယ်။ ဆရာတော်အနေနဲ့ စနေနေ့တိုင်း ညနေ ဓမ္မစကြာၤရွတ်ဖတ်ပူဇော်ပွဲ အမြဲရှိမှာဖြစ်ပြီးတော့၊ တနင်္ဂနွေမှာတော့ ကလေးများအတွက် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။ ယခင် ကလီမင်တီကျောင်းမှာ ရှိစဉ်ကထည်းက လုပ်နေကြဖြစ်တဲ့ တရားစခန်းများကိုလဲ ဒီကျောင်းမှာဘဲ ဆက်လက်ဖွင့်လှစ်သွားဖို့ စီမံနေပါတယ်။
ကျောင်း ဝင်းထဲမှာလဲ သစ်ပင်ပန်းမာန်များနဲ့ စိမ်းစိမ်းစိုစိုရှိနေတာလေးဟာဖြင့် တကယ်ဘဲ စိတ်ကြည်နူးအေးမြစေမှာဖြစ်ပါတယ်။
မူလအိမ်ပိုင်ရှင်ရဲ့ အလှမွေးငါးတွေကလဲ ပန်းခြံထဲက ရေကန်ထဲမှာ မျက်စိအလှဖြစ်စရာပါ။
အဲ ဒီနေ့ကရောက်သွားရတဲ့ အကြောင်းကတော့ ကျောင်းထိုင်ဆရာတော် ဦးသုပီယ၏ သိက္ခာထပ်ပွဲအတွက်ဘဲဖြစ်ပါတယ်။ ဆရာတော်နဲ့ ကလီမင်တီမှာကထည်းက ရင်းနှီးကျွမ်းဝင်ရှိတာကတစ်ကြောင်း၊ သိက္ခာထပ်ပေးမယ့် အလှု့ရှင်နဲ့ကလည်း ရင်းနှီးနေတာကတစ်ကြောင်းတို့ကြောင့် အလှုမှာသွားတီး (အဲလေ) အလှုမှာသွားပြီး အားပေးချီးမြှောက်ဖြစ်တယ်ပေါ့။
မနက် ခင်းဆွမ်းကပ် နေ့လည်တရားချီးမြှင့်ပြီးတဲ့အခါမှာတော့ နေ့လည်၂နာရီမှာ ကြိုတင်ငှားရမ်းထားတဲ့ ကားနဲ့ ဒကာဒကာမများအပါအဝင် ဘုန်းတော်ကြီး ၈ပါးတို့ဟာ သိက္ခာထပ်သိမ်ဝင်ရန်အတွက် ဆီရမ်ဂွမ်းအနီးတဝိုက်မှာရှိတဲ့ သီရိလင်္ကာ ဗုဒ္ဓဘာသာ ကျောင်းရှိရာကို ဆက်လက်ထွက်ခွာခဲ့ကြပါတယ်။
သီရိလင်္ကာကျောင်းဟာလည်း ဝင်းခြံအကျယ်ကြီးထဲမှာ တည်ထားတာဖြစ်ပြီးတော့ ဗုဒ္ဓဂါယာက ဗောဒိညောင်ကို ပင်ပွားယူစိုက်ပျိုးထားတာကို တွေ့ရှိခဲ့ရပါတယ်။ ဆရာတော် သိမ်ဝင်မယ့် သိမ်ကတော့ အဲဒီဗောဒီညောင်ရဲ့ နဘေးလေးမှာ သေးသေးကွေးကွေးပါဘဲ။ ဒီကပါလာတဲ့ဆရာတော် ၈ပါးရယ် သီရိလကာၤကျောင်းက ဆရာတော် ၂ပါးရယ် စုစုပေါင်း ဘုန်းတော်ကြီး၁ဝပါးဟာ သိမ်တွင်းဝင်ရောက်သွားကြပါတော့တယ်။ ဆရာတော်များ သိမ်အဆင်းမှာ လောင်းလှုနိုင်ဖို့အတွက် ဒကာဒကာမများဟာ အပြင်မှာစောင့်ဆိုင်းရင်း ကျောင်းဝင်းထဲမှာ လှည့်ပတ်ကြည့်ရှုကြပါတယ်။
ဗောဓိညောင်လေး သေချာကြည့်ရှုပူဇော်လို့ရအောင် အနီးကပ်ရိုက်လာပေးပါတယ်။ (နောက်မှ ပုံဆက်တင်တော့မယ် ငိုက်လာပြီ။)