Category: Uncategorized

တွေ့ခဲ့ကြပေ ချစ်မိတ်ဆွေ

ရန်ကုန် ပြန်ရောက်ပြီး သကာလ MZ မှ လုပ်ဖော်ကိုင်ဖက်များနှင့် တွေ့ရန် ပြင်ဆင်ရပြန်သည်။ အနှီပဂ္ဂိုလ်များနှင့် အွန်လိုင်းတွင် အတူအလုပ်တွဲလုပ်လာသည်မှာ ၁ နှစ်ကြော်ကြာခဲ့ပြီ ခုလို အခွင့်သာတုန်းမှာ တွေ့ဆုံ ဂါရဝ ပြုရပေဦးမယ်။ (မြန်မာသတင်းစာများတွင် နိုင်ငံခြားမှလူများ မြန်မာပြည်မှလူကို လာရောက် တွေ့ဆုံလျှင် ဂါရဝ ပြုသည်ဟုရေး၍ မြန်မာပြည်မှလူများ နိုင်ငံခြားသွား၍ လူတွေ့လျှင် သွားရောက်တွေ့ဆုံသည်ဟု ရေးကြသည့်အတိုင်း)

ပထမဦးဆုံးသွားဖြစ်တာက ကိုတွီတီ၊ သူရှိရာရုံးကို အရောက်သွားလိုက်ပါတယ်။ ရုံးခန်းအရောက်မှာတော့ မွှန်ထူနေတဲ့ ဆေးလိပ်နံ့က အရင်ဆုံးဆီးလို့ကြိုပါတယ်။ ဒီလူ အတော်ဆေးလိပ်သောက်ပုံရလေသည်။ နောင်တွင် မေးကြည့်သောအခါ တနေ့ တစ်ဗူးပုံမှန် သောက်သုံးသည်ဆို၏။ ကျွန်တော်လဲ လက်ဆောင်အဖြစ်ငှာဝယ်လာသော ဆေးလိပ် ၁၀ ဗူးတောင့်အား ပေးရလေ၏။ ကျွန်တော်တို့ ဖိုရမ်အကြောင်း အိမ်တွင်ပြရန် ဂျာနယ်အဟောင်းလေးအား အမှတ်တရရှာပေးသေးသည့် အတွက်လဲ ကျေးဇူးပြန်တင်ရပြန်လေသည်။ ကျွန်ုပ်လဲ ဂျာနယ်ပေါ်တွင်ပုံနှိပ်ထားသော ကျွန်ုပ်၏ နာမည်အား အားရပါးရကြည့်မိလေသည်။

ထိုမှတဖန် တစ်ရက်တွင် စေတန်မှ အိမ်သို့လာကာ ပေးစရာရှိသည်ဆို၍ စောင့်ရပြန်လေသည်။ နောင်တစ်ခေတ်ကို ခေါင်းဆောင်မည့်လူငယ်များသည် ဘယ်သောအခါမှ ရေဆေးပုံမပေါ်သည့် ကိုယ်ပိုင်ကားဖြင့် ချိန်းထားသည့် အချိန်ထက် ၁ နာရီနောက်ကျမှ ရောက်လေ၏။ ဒါတောင် အိမ်ကိုကျော်သွားသေး၍ ကျွန်ုပ်မှာ အိမ်အောက်ဆင်းစောင့်ရပြန်လေသည်။ MZ မှ အက်ဒမင်နှစ်ယောက်ဖြစ်သော စေတန်နှင့် စည်သူ အပြင်အတူပါလာသူမှာ တရုတ်တန်းမှ ဝက်သားကင်ရောင်းသော တရုတ်ကြီးတစ်ယောက်ပုံစံဖြင့် ပုပုဝဝ ဘောင်းဘီတိုဝတ်ထားသော လူကြီးတစ်ယောက်ပါလာလေသည်။ ရုတ်တရက်တွေးမိသည်မှာ ဒီကောင်လေးတွေ ဘော်ဒီဂတ်များ ငှားထားသလားဟုပင်။ ဖြူဖြူကျော်သိန်းမှ ဘော်ဒီဂတ် ဇတ်လမ်းအား ဗွီဒီယိုပြန်ရိုက်မည်ဟူသော သတင်းကို ဖတ်မိထားသောကြောင့် ကိုယ့်လူများလဲ ခေတ်မှီအောင် ဘော်ဒီဂတ်ထားသလား တွေးမိချင်းပါ။

သူရို့အား အိမ်အောက်ရှိ လက်ဘက်ရည်ဆိုင်တွင် ဧည့်ခံရပြန်လေသည်။ အနှီ ပုပုဝဝမှာ MZ မှမင်ဘာ ကိုကီလို ဆိုသူဖြစ်လေသည်။ သူကား သဘောင်္သားဖြစ်လေသည်။ ကျွန်ုပ်ကား မြန်မာပြည်တွင်ပူသည်ဟု ပြောမိမှားချေ၍ ထိုသူမှ အေး၍အညောင်းပြေသော နေရာကိုခေါ်သွားပေးမည်ဟု ကမ်းလှမ်းလာသော offer အား လှည့်ပတ်ငြင်းပယ်ရပြန်လေ၏။ (ကလေးတွေကွယ်ရာ ပြောလျှင်တော့ စဉ်းစားဦးမှာပေါ့)။ လဘ်ာရည်သောက်လျှင် တိုင်ကီလောက်ခွက်နှင့်သောက်ချင်တယ်ပြောဖူးသော စေတန်သည် အမှန်တကယ်ပင် တစ်ဦးတည်း လဘက်ရည် နှစ်ခွက်ဆင့်ကာ သောက်သွားလေသည်။ ရေသောက်သလို ဂွတ်ခနဲသောက်ချင်းပါ။ ပြောကြသော စကားများထဲတွင် သူ့ကောင်မလေးအကြောင်းကလဲ ညှပ်ညှပ်ပါလာသေးသည်။ စကားကြုံတာနဲ့ သူ့ကောင်မလေးအကြောင်းက ရောက်ရောက်လာသည်။ လူငယ်တွေတယ်ခက်တာဘဲ။ နာရီဝက်လောက်ထိုင်ကြတာမှာ သူ့ကောင်မလေးဖုံးကလဲ တစ်ခါလာသေးသည်။ ထို့နောက်တွင် MZ မှာ အက်ဒမင်များ မော်မော်များ တစ်ရက်ဆုံကြရန် တိုင်ပင်ကြပါသည်။ တွေ့ဆုံရန်ရွေးချယ်လိုက်သော နေရာကား ပြည်လမ်း အင်းယားကန်ဘောင်ရှေ့ရှိ မွန်းဟုခေါ်သော ကိတ်မုန့်၊ ကော်ဖီနှင့် အခြားစားစရာများ ရောင်းချသော ဆိုင်ပင်ဖြစ်လေတော့သည်။ အချိန်ကား ညနေ ၄ နာရီတွေ့မည် သူတို့မှ ကျွန်တော့ကို ဝင်ခေါ်မည်ဟု ပြောကြပါသည်။

တွေ့ကြရန်ချိန်းဆိုထားသောနေ့တွင် ကျွန်ုပ်သည် မြို့ထဲရောက်နေသဖြင့် ဝင်မခေါ်ကြရန်နှင့် ဆိုင်သို့သာ လာခဲ့မည်ဟုပြောကာ ညနေ ၄ နာရီအရောက် အနှီ ကော်ဖီဆိုင်သို့ အဖေ့အား လိုက်ပို့ခိုင်းရလေသည်။ ကားမဝယ်ခင်ကတည်းက ယဉ်မောင်းလိုင်စင်ရထားသော၊ အသက် ၃၅ နှစ်ရှိပြီဖြစ်သော ကျွန်တော့်အား အဖေသည် ကားဝယ်ပြီးကတည်းက စိတ်မချဟုဆိုကာ တစ်ခါမှ မမောင်းခိုင်းပေ။ ဘယ်သွားချင်ချင် မညီးမညူ လိုက်ပို့လေသည်။ အားနာ၍ ကားငှားစီးမည်ပြောသော်လည်း တတွတ်တွတ် လိုက်ပို့ပါမည့် အကြောင်းအမြဲပြောလေသည်။ ကျွန်တော်သည် အဖေ့ကားအား သုံးလေးခါသာ တက်မောင်းဘူးပေသည်။ ပြန်ဆက်ရလျှင်ဖြင့် မွန်း ကော်ဖီဆိုင်သို့ ညနေ ၄ နာရီရောက်သွားသော အခါ မည်သူမျှ မရောက်ကြသေးပေ။ ဖုံးထပ်ဆက်ကြည့်သော အခါ စေတန် သွားကိုက်နေ၍ ဆေးခန်းပြနေသည် ပြောပါသည်။ ခက်ကဘီ စောစောစီးစီး ဘာလို့ကြိုတင်ပြင်မထားသနည်း။

ဖုန်းဆက်ကြည့်သောအခါ လသာတွင်ဆေးခန်းပြတုန်းဆို၍ အိမ်ပြန် စောင့်ရမလား စဉ်းစားနေတုန်း ငိုက်စိုက် ငိုက်စိုက်ဖြင့်လာနေသော အိတ်ဆစ်တာဆိုသော လူငယ်အား တွေ့ရလေသည်။ ထိုမှတဖန် ကျွန်တော်တို့နှစ်ယောက်သား ဆိုင်အတွင်းဝင်ကာ မလာသေးသောလူများကို စောင့်ကြရပြန်လေသည်။ အွန်လိုင်းတွင် အာသွက်ကြသလောက် အပြင်တွင်တွေ့သော အခါ သူနှင့်ကျွန်တော်မှာ အာစေးကပ်ထားသလိုဖြစ်နေကြလေသည်။ အသက်ကလဲ ၁၀ နှစ်လောက်ကွာကြသောအခါ သူကလဲ လူကြီးကို သူငယ်ချင်းလို ပြောရမှာ အားနာနေသလားမသိ။ ကျွန်တော်တို့မှာ သမီးရည်းစားတွေ ပထမဆုံးအကြိမ် ချိန်းတွေ့ကြသလို ဘာပြောရမှန်းမသိ ဖြစ်နေကြလေသည်။ လူစုံမှ မှာစားကြမည်ဟု သဘောတူပြီးသကာလ စားပွဲပြောင်ပြောင်တွင် နှစ်ယောက်သား မျက်လုံးချင်းဆုံကြလျှင် သွားဖြဲပြကြ၊ ဟိုဟိုဒီဒီပြောကြနှင့် ၁၅ မိနစ်လောက်ရှိသောအခါ ကော်ဖီမှာသောက်ထားကြရန် သဘောတူညီကြပြန်လေသည်။ အနှီ ပိန်ပိန်ရှည်ရှည်နှင့် မအိပ်ရသေးသောပုံပေါက်နေသောသူငယ်မှာ အက်စ်ပရက်ဆို ဆိုသော ဆေးခါးကြီးနှင့်တူသော ကော်ကော်အားမှာသောက်၍ ကျွန်ုပ်မှာ နဲနဲပျော့သော ကာပူချီနို အမည်ရသော ကော်ကော်အား မှာသောက်ရလေသည်။

ခဏနေသော် မင်္ဂလာဒုံအခြေစိုက် အက်ဒမင်ဖြစ်သော ကိုပီဇီ ဆိုသူရောက်လာလေ၏။ မိသားစုလိုက်ချီတက်လာလေသည်။ ရွှန်းရွှန်းဟု အမည်ရသော အင်မတန်သွက်သော သမီးကလေးတစ်ယောက် ပါလာသောကြောင့် ကျွန်တော်တို့မှာ စကားပြောရတာအလျှင်မပြတ်ရှိကြလေသည်။ လူကြီးအချင်းချင်း ပြောကြ ကလေးကိုပြောကြနှင့်ရှိကြလေသည်။ အနှီကလေးနှင့် စကားပြောရင်း ကလေးမှာ သူ့ရှိပစ္စည်းလေးများ တစ်ခုပြီးတစ်ခုပြလေရာ ကျွန်တော်ကလည်း အားကြမခံ သူနှင့်အပြိုင်ကြွားရလေသည်။ သို့သော် မကြာပါချေ ကျွန်တော့်မှာ ချောက်ကြရလေတော့သည် ကလေးမလေးမှ နောက်ဆုံးအနိုင်နှင့်ပိုင်းသွားသည်မှာ ဘေးရှိသူ့အမေအား လက်ညှိုးထိုး၍ မီးမီးရဲ့ ချိုချိုနို့ကဒီအထဲမှာဟု ပြောသောအခါ မောင်ဒီဘီ ဟိုက်ကနဲဖြစ်၍ ဆက်မပြိုင်နိုင်တော့ပေ။ ထို ကလေးအမေအား အားပင်နာရပေသေးသည်။ ကိုပီဇီမှာတော့ သူ့သမီးအသွက်ကလေးအား တဟားဟားနှင့် သဘောအတော်ကျနေလေသည်။ ထိုလူသည် သူများအားလဲ အကွက်တကျခိုင်းတတ်ပုံရလေသည်။ စင်ကာပူမှ ခေတ္တ အလည်ပြန်လာသော ကျွန်ုပ်အားလည်း အင်တာနက်ကွန်နက်ရှင်း မကောင်းဟူသော အကြောင်းပြကာ သူတာဝန်ယူ တည်ဆောက် ထိမ်းသိမ်းပေးနေသော ဘုန်းကြီးကျောင်း ဝက်ဘ်ဆိုက် တစ်ခုအတွက် MP3 တရားတော်များ ဆာဗာပေါ်ရောက်အောင် တင်ခိုင်းရန်အလို့ငှာ စီဒီချပ် အပြား ၂၀ လောက်သယ်လာလေသည်။

အနှီလင်မယားမှာ ဘာကျွေးကျွေးမစားသောကြောင့် ကော်ကော်တစ်ခွက်နှင့် အအေးတစ်ခွက်အား မနဲတိုက်ကျွေးလိုက်ရပေသည်။ စေတန်တို့နှင့်ကွာပုံပြောပါတယ်။ ချိန်းထားသောအချိန်ထက် မြန်မာစံတော်ချိန် ၂ နာရီတိတိနောက်ကျပြီးသကာလ မျှော်လင့်စောင့်စားရပါသော ဘုဒ်အက်ဒမင်ကြီး စေတန်နှင့် အပေါင်းအပါများ ရောက်လာကြလေသည်။(တကယ်လာတော့ နှစ်ယောက်ထဲပါ) သွားဆေးခန်းပြနေတာရယ် ကိုတွီတီကို သွားခေါ်နေတာရယ် စသဖြင့် အကြောင်းမျိုးစုံပြကာ လှည့်ပတ်ပြောကြလေသည်။ စေတန်တို့ရောက်လာသောကြောင့် မင်္ဂလာဒုံအထိ ပြန်ရမည်ဖြစ်သော ကိုပီဇီတို့ မိသားစု ပြန်ကြလေသည်။

ကျွန်ုပ်တို့လဲ ထိုမှစ၍ ကြေးအိုးများ ဂျပန်အာလူးကပ်တလိပ်ဆိုသောဟာများ မှာစားကြ၍ စကားများ ဟိုရောက် ဒီရောက်ပြောဖြစ်ကြလေသည်။ စင်ကာပူမှဝယ်လာသော အင်မတန် အဖိုးကြီးလှသော သော့ချိတ်များကိုလဲ လက်ဆောင်အဖြစ်ကျွန်ုပ်မှ ပေးရလေသည်။ ကျွန်တော်ငယ်ငယ်တုန်းက အဖေတို့ နိုင်ငံခြားမှ မိတ်ဆွေများလာပါက အိမ်ရှင်နိုင်ငံမှ လူများက ဧည့်ခံကျွေးမွေးကြတာတွေ့ဘူးသည်၊ ကျွန်တော့်အလှည့်ကြတော့ ကျွန်တော်က ကျွေးနေရသည်။ သိတ်တော့ မမိုက်ပေ။ သို့သော် ကလေးများဖြစ်နေ၍ ဝင်ငွေရသော အလုပ်လဲ မရှိကြသူများ ဖြစ်ရကား ဘွေမယူပါချေ။ ကျွေးရသည်မှာ ပျော်ဖို့ပင်ကောင်းသေးတော့သည်။ တစ်ခုဘဲ ဒုက္ခရောက်ရပါသည်။ ဈေးနှုန်းများကို မမှန်းတတ်၍ အပြင်တွင် ပိုက်ပိုက်သုံးရတော့မည်ဆိုလျှင် ကိုယ့်တွင်ပါလာသော ငွေကြေးနှင့်လောက်မည် မလောက်မည်ကို ရင်ထိတ်ရခြင်းပင်ဖြစ်ပါသည်။ ရန်ကုန်ရောက်စ မနက်က ပိုက်ပိုက် တစ်ထောင်ကိုင်ပြီး ဂျာနယ်ဝယ်မယ် လဘက်ရည်ဝယ်မယ်ဆိုပြီး အိမ်အောက်ဆင်းသွားတာ ဂျာနယ်ဆိုင်မှာ ဖတ်ချင်တာတွေတောင် အကုန်မရလိုက်ပါဘူး နှစ်စောင်ထဲရပြီး တစ်ထောင်ကုန်သွားလို့ လဘက်ရည်ပါ မသောက်လိုက်ရဘဲ အိမ်ပေါ်ပြန်တက်ခဲ့ရပါသေးတယ်။ ဈေးကြီးလိုက်တာဗျာ။

စားသောက်ပြီးကြသော အခါ ညနေ ၇ နာရီရှိနေပြီဖြစ်သောကြောင့် ကျွန်တော်တို့လဲ အသီးသီးနှုတ်ဆက်ကာ ပြန်ကြလေတော့သည်။ စေတန်တို့မှာ မြို့ထဲပြန်ကြမည်ဖြစ်သောကြောင့် ကျွန်ုပ်အား လိုက်ပို့ပေးကြလေသည်။ အင်မတန် ပျော်စရာကောင်းသော မိတ်ဆွေများ တွေ့ဆုံပွဲဖြစ်ပါသည်။ မတွေ့ဖြစ်လိုက်သော ညမီးအိမ်နှင့် ကိုတွီတီအား ဒီစာများဖတ်၍ သရေကျ ကြပါလေ။

တခြားဖတ်ရန်။

ကိုဒီဘီအေ၊ အိတ်ဇစ်တာနဲ့ ကျွန်တော်တို့ သုံးယောက်