Category: blog

SG Bloggers Gathering Party

ဒီနေ့ညနေ ၄ နာရီမှာ Pasir Ris MRT/Interchange မှာ တင်ကြိုချိန်းထားတဲ့အတိုင်း လူတွေစတင်စုစည်းကြပါတယ်။ မောင်ဒီဘီတို့ မဆီမဆိုင် သွားလိုက်ပါသေးတယ်။ နို့ကိုယ်ကလဲ ဘလော့ဂါတွေနဲ့ တွေ့ခြင်တာကိုးဗျ။ ကိုယ်ရောက်တော့ လူက သုံးရောက်ထဲရောက်သေးတယ်။ စင်ကာပူနေတာ ၂ နှစ်ခွဲ အတွင်း ဒီတစ်ခေါက်ဘဲ စင်ကာပူအရှေ့ဖျားကို ရောက်ဖူးသေးတယ်။ ထုံးစံ အတိုင်း ကင်မရာကြီးထမ်းလို့ပေါ့။ အောက်ဒိုးရိုက်ကြည့်တာ ဒါနဲ့ပါမှ နှစ်ခါမြောက်။ ပထမတစ်ခါက တခြားတစ်ယောက်ကလဲ ကင်မရာပါလို့ သူ့ရိုက်ချက်တွေနဲ့ မျှတပြီးကြည့်လို့ရသေးတယ်၊ ဒီတစ်ခါကတော့ ကိုယ်ရိုက်တာ မကောင်းရင် ပုံက ထပ်မရနိုင်တော့ဘူးဆိုတော့ အဆင်ပြေပါ့မလားနဲ့ စိုးရိမ်ရသေးတယ်။

၎ နာရီခွဲအထိဘဲစောင့်မယ်လို့ ကြိုတင်ပြောထားပေမယ့်လဲ ထုံးစံအတိုင်းလူတွေက နောက်ကျနေပါတယ်။ ၁၀ ယောက်တောင် မပြည့်သေးဘူး။ ဒါနဲ့ နေရာသွားရှာထားဖို့အတွက် ယောကျာင်္လေး ရှစ်ယောက် စတင်ထွက်ခွာကြတယ်ပေါ့။ ကျွန်တော်နာမည်တွေမှတ်မိတော့ဘူးဗျ။ ခုမှ အားလုံးကိုသိတာကိုးလို့။ ဒါပေမယ့် အားလုံး ပျော်ပျော်ပါးပါးပါဘဲ ၄၀၃ လေးစီးလို့ ကားဆရာကို မေးမြန်းလို့ စီးလာကြတယ်ပေါ့။ ပါဆာရစ် ပန်းခြံဆိုတာ မြင်တော့ အားလုံးဆင်းလိုက်ကြတယ်။ နောက် ပန်ခြံမြေပုံကို ကြည့်လိုက်တဲ့အခါ ကျွန်တော်တို့ နေရာယူထားတဲ့နေရာနဲ့ ရောက်နေတဲ့နေရာ အရှေ့နဲ့ အနောက်လို ဖြစ်နေတယ်။ ဒါနဲ့ အားလုံးလမ်းလျှောက်ကြတယ်ပေါ့။ ၅နာရီထိုးတော့ ပစ္စည်းလာယူဖို့ ဆက်သွယ်လာတယ်။ ပစ္စည်းသွားယူဖို့ ကိုယ့်ကို တာဝန်ပေးထားတာ မဟုတ်တော့ နဲနဲလွဲကုန်ပြီလားပေါ့ စိတ်ထဲထင့်သွားသေးတယ်။ ၁၅ မိနစ်အတွင်းသူစောင့်နေတဲ့ နေရာရောက်ဖို့က ပြေးသွားတာတောင် ရောက်မှာမဟုတ်ဘူး ကိုယ်က နေရာလဲ ကျွမ်းကျင်တာ မဟုတ်တော့ သေခြာတယ် မရောက်နိုင်ဘူး။ တော်သေးတယ် နောက်တစ်ဖွဲ့ က အကင်လာပို့တဲ့သူစောင့်နေတဲ့နေရာနား ရောက်နေတော့ သူတို့ယူလိုက်မယ်ဆိုတာနဲ့ ကိစ္စတစ်ခုအေးသွားတယ်။ အဆင်မချောတာလေး နဲနဲကလွဲလို့ ကြီးကြီးမားမား အခက်အခဲမရှိခဲ့ပါဘူး။ ဘာဘဲဖြစ်ဖြစ် ပထမဆုံး အကြိမ် တွေ့ဆုံပွဲအနေနဲ့တော့ အဆင်ချောတယ်လို့ ပြောလို့ရပါတယ်။

တိုတိုပြောကြပါစို့ရဲ့ ၅ နာရီခွဲလောက်မှာ လူအားလုံးနီးပါး အကင်လုပ်မယ့် စုရပ်ကို ရောက်ကြတယ်ပေါ့။ လူ ၃၀ ကျော်လောက်ရောက်တယ်။ ဘလောက်ပေါ်က အရေးအသားကိုဖတ်ထားပြီး လူတွေကို ပုံဖေါ်ထားတာနဲ့ အပြင်မှာတွေ့တာနဲ့ တခြားစီဘဲ။ နုနုရွရွလေးတွေရေးတဲ့လူက အပြင်မှာ ထောင်ထောင်မောင်းမောင်းတွေ ဖြစ်ပြီး ကလေးလို ချွဲနေကြတဲ့ ဘလော့ဂါမိန်းခလေးတွေက လူကြီးတွေဖြစ်နေကြတယ်။ စာတွေဖတ်ပြီး လူလတ်ပိုင်းလောက်ဖြစ်မယ်လို့ ထင်ထားတဲ့ မိန်းခလေးတွေက ကျောင်းတက်နေတဲ့ ခလေးတွေ ဖြစ်ခြင်ဖြစ်နေပြန်ရော။ ပျော်ဖို့တော့ကောင်းပါတယ်။

ဓါတ်ပုံလား ရိုက်ရတာပေါ့။ ခုရေးနေရင်းတောင် picasa မှာ တင်တာတင်တယ်၊ ပုံတွေ ချုံ့လို့ Upload တင်တာလဲတင်တယ်။ နက်ဖြန်တော့ အားလုံးဆီကို ပုံတွေပြလို့ရကောင်းပါရဲ့။ ကျွန်တော်ကတော့ ဓါတ်ပုံဆရာဆိုတော့ ပုံတွေထဲမှာ မပါဘူးပေါ့ဗျာ။ ဒါကတော့ ထုံးစံပါဘဲ။ ဓါတ်ပုံများကို မနက် ၁ နာရီမှာ 4Share free file hosting မှာ တင်ပြီးလို့ မမီနဲ့ ကိုကျော်ဇေယျဆီသို့ ကျန်လူများဆီကို ဆက်လက် ပေးပို့နိုင်ရန် ဒေါင်းလုဒ်လင့်အား ပေးပို့လိုက်ပါပြီ အကယ်၍ လိုချင်သူများ ရှိပါက ကျွန်တော့်ထံပါးတွင်လဲ တောင်းနိုင်ပါတယ် လူအားလုံး၏ အီးမေးကို မသိလို့ပါ။

ကျွန်တော်ကတော့ စောစောဘဲပြန်လာခဲ့တယ်။ သူတို့ကတော့ ဆက်လက်စားသောက်ရင်း ကစားကြဖို့ စီစဉ်နေကြလေရဲ့။ သြော် ပြောရဦးမယ် .. လက်ဆောင်လဲဖို့ စီစဉ်ထားတော့ ကိုယ်လဲ ဒိုင်ယာရီစာအုပ်လေး တစ်အုပ်ယူသွားတာပေါ့ ယောကျာင်္းလေးဖြစ်ဖြစ် မိန်းခလေးဖြစ်ဖြစ် အဆင်ပြေအောင်ပေါ့ ဒါနဲ့ ပစ္စည်းလဲကြတော့ ကိုယ်နဲ့လဲရမှာက ဘလော့ဂါ မဟုတ်တဲ့ ဘလော့ဖတ်သူ ယောကျာင်္းလေးတစ်ယောက် ဖြစ်နေတယ်။ သူကတော့ ဘူးကလေးနဲ့ ဘာလဲတော့သိဘူး၊ အိမ်ရောက်မှ ဖွင့်ကြည့်တော့ ၀က်ဝံရုပ်ကလေးဖြစ်နေတယ်။ သူလဲ မိန်းခလေးတစ်ယောက်နဲ့ ကျမှာဘဲထင်ပြီး ၀က်ဝံရုပ် စီစဉ်လာပုံရတယ်။ ကျေးဇူးတင်ပါတယ်ဗျို့။ ကဲကဲ အပြောတွေအသာထားလို့ ဓါတ်ပုံလေးတွေနဲ့ သက်သေပြလိုက်ကြစို့ရဲ့။ ဒါလေးကတော့ အမြည်းလေးပါ ပုံအားလုံးကိုတော့ ပီကာဆာ မှာဘဲတင်ထားပါတယ်။ အောက်မှာ လင့်ပေးထားပါတယ်။

sg bloggers gathering party

နောက်ထပ်ကျန်ရှိနေသေးတဲ့ ပုံများကိုတော့ .. ဒီမှာ ဆက်လက်ကြည့်ရှုကြပါလို့ ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျား။ (ဟမ်)

Tags : ,