Category: အလုပ်အကိုင်
သုံးနှစ်တာ
တနေ့ကဆိုလျှင် စင်ကာပူရောက်တာ သုံးနှစ်ပြည့်သွားပြီဖြစ်သည်။ ဘာရယ်မဟုတ် အဟောင်းလေးတွေ ပြန်ပြောင်းစဉ်းစားရင်း အမှတ်တရ ရေးထားလိုက်ချင်တာနဲ့ ရေးနေတာ စိတ်မရွှင်တာနဲ့ အပြီးမသတ်နိုင်ဘူးဖြစ်သွားတယ်။ ခုတော့လဲ အားလုံးဟာ နေသားတစ်ကျဖြစ်လို့နေပါလား။
လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့ ထုံးစံအတိုင်း အိုင်စီတီပတ်ခ်ထဲက ဘော်ဒါတွေ တစ်ယောက်ပြီးတစ်ယောက် စင်ကာပူထွက်ပြီး အလုပ်လုပ်ကုန်ကြပြီဆိုတော့ ကိုယ်တွေလဲ စိတ်ပါလာတာပေါ့။ အဲဒါနဲ့ဘဲ အဲဒီတစ်လောက စင်ကာပူသွားရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ စလုပ်တော့တယ်။ ရောက်နေတဲ့ လူတွေကို စာနဲ့ဆက်သွယ် ပြင်ဆင်စရာရှိတာတွေ ပြင်ဆင် ဖြည့်တင်းစရာရှိတာတွေ ဖြည့်တင်းဖို့လုပ်ရတယ်။
အလုပ်အတူတူလုပ်ကြတဲ့ ညီတစ်ယောက်နဲ့ အတူတူလာမယ်ဆိုပြီး စီစဉ်ကြတယ်။ သူ့မိဘများက ကိုဒီဘီနဲ့ဆို သူ့သားလေး စိတ်ချပါတယ်ဆိုပြီး အပ်နေလို့ တစ်ပါတည်း သွားကြဖို့ ပြင်ဆင်ကြတာပေါ့။ သူ့မှာက ပီအာအသိရှိတော့ ခေါ်စာကို သူကစီစဉ်တယ်။ ကျွန်တော်က စင်ကာပူရောက်ရင်နေဖို့အတွက် အခန်းကြိုငှားတာကို လုပ်ရတယ်။ လမ်းထဲက အသိတစ်ယောက်ဆက်သွယ်ပေးမှုနဲ့ ကလီမင်တီအရပ်မှာရှိတဲ့ ဗမာအိမ်တစ်အိမ်မှာနေဖို့ အဆက်အသွယ်ရခဲ့တယ်။ အဲဒီအိမ်မှာ အခန်းတစ်ခန်းငှားပြီး နှစ်ယောက်သား နှစ်ယောက်အိပ်မွေ့ယာနဲ့ နေခဲ့ရတယ်။ ညညဆို သူကတစ်တောင်နဲ့တွက်လို့ အိပ်ရေးခဏခဏပျက်ရတယ်။ သူကတော့မသိပါဘူး။ မင်းမိန်းမရရင်တော့ ဒုက္ခဘဲလို့ပြောတော့ ပြုံးဖြီးဖြီးလုပ်နေတယ်။
ကျွန်တော်တို့ မလာခင်က အတွေ့အကြုံရှိတဲ့ ကျွန်တော်က ဘာတွေယူခဲ့ဖို့ ညွှန်ကြားထားတာပေါ့ဗျာ။ ဒီလိုနဲ့ ကျွန်တော်တို့မှာ စောင်ပါတယ်၊ ခေါင်းအုံးပါတယ်၊ ထမင်းစားပန်းကန်ပြား တစ်ချပ်စီပါတယ်၊ ဇွန်းခရင်းတစ်စုံပါတယ်၊ ဆပ်ပြာတုံးကစလို့ ရောက်ရင်စားဖို့ ခေါက်ဆွဲခြောက်ထုပ်အထိပါ ပါခဲ့ကြတယ်။ နိုင်ငံခြားသွားတယ်ဆိုပြီးတော့ ရန်ကုန်က နာမည်ကြီး စိန်ရွှေဆိုတဲ့ အပ်ချုပ်ဆိုင်ကနေ ဆုတစ်စုံစီလဲ ချုပ်ခဲ့ကြသေးတယ်။ (ခုထိ ထုပ်မဝတ်ရသေးဘူး။ ပူလွန်းလို့။) ဒေါ်လာတွေ လေဆိပ်အထွက်မှာ စကင်ဖတ်ရင် မမြင်အောင်ဆိုပြီးတော့ ကာဘွန်စက္ကူနဲ့ပါတ်ဆိုလို့ ပါတ်လာခဲ့ရသေးတယ်။ နိုင်ငံခြား သွားပါတယ်ဆိုမှ ဒေါ်လာတစ်ပြားမှ မပါဘူးဆိုပြီး ပြောထွက်လာရတာ တယ်တော့ မနိပ်ပါဘူး။ အဖေကလဲ ရောက်ရောက်ချင်း သုံးလို့ရအောင်ဆိုပြီး စာအိပ်တစ်လုံးမှာ သူများကို လူကြုံစာပါးသလိုလိုနဲ့ ထည့်ပေးလိုက်သေးတာမှာ လေဆိပ်အထဲရောက်တော့ မိသေးတယ်ဗျာ။ ဖမ်းမယ်ဆီးမယ်လုပ်နေတာ နောက်ဆုံးတော့ ပိုနေတဲ့ဗမာပိုက်ဆံ တစ်သောင်းကယ်မှဘဲ လွတ်တော့တယ်။
လေဆိပ်မှာ ပစ္စည်းတွေချိန်တော့ ပေါင်ပိုတွေများနေလို့ အနားက ပစ္စည်းနဲတဲ့လူတစ်ယောက်ကို အကူသယ်ခိုင်းရသေးတယ်။ အလကားလား ဘယ်ရပါ့မလဲ လေးသောင်းပေးလိုက်ရတယ်။ နောက်ဆုံးတော့ လေယာဉ်ပေါ်ရောက်မှဘဲ စိတ်တစ်ချမ်းအေးနိုင်တော့တယ်။ လေယာဉ်ပေါ်လား ကျွေးတာစားပြီး နှပ်မနေအားပါဘူး။ ဟိုဘက်ရောက်ရင် နေထိုင်ခွင့် တစ်လရပါစေကြောင်း ဆုချွေတောင်းပြီး ချွေးတွေတောင် ပြန်လို့။ ကြောက်မယ့်သာ ကြောက်နေတာ၊ ရောက်တော့လဲ အားလုံးချောလို့။ ရက်သုံးဆယ်တုံးကလေး ထုပေးလိုက်မှဘဲ စိတ်အေးတော့တယ်။