Category: ရှတတများ
ဒါဏ်ရာများနဲ့မြို့(၂)
ရန်ကုန်မြို့ကြီးပူတာ မပြောနှင့် အပင်တွေကလဲ မရှိတော့ဘူး၊ အပင်တွေသာ မရှိတာ ခြုံတွေကပိုထူလာတယ်။ စင်ကာပူမှာ wild life ကိုသီးသန့် သွားကြည့်ရတယ်။ ရန်ကုန်မှာတော့ နေ့စဉ်ခံစားလို့ရအောင် စီစဉ်ပေးထားတယ်။ မဆိုးဘူး အကုန်အကျသက်သာနိုင်တယ်။ လူတွေကနေပူလဲ လမ်းပေါ်မှာဘဲများနေတယ်၊ ရှာရဖွေရတာ တယ်လွယ်လှပုံမပေါ်ဘူး။ ငယ်ငယ်တုန်းက နယ်မှာနေတုန်း ရန်ကုန်က အဖိုးအဖွားတွေအိမ်ကို နွေရာသီကျောင်းပိတ်တုန်း လာလည်ရင် နေ့လည်နေ့ခင်း လမ်းပေါ်လူတွေ သိပ်မတွေ့မိပါဘူး။ ခုတော့လဲ လူတွေများ ကား(စုတ်)တွေများနဲ့ ကားတွေကလဲ ဓါတ်ငွေ့ကားတွေဖြစ်ကုန်ကြပြန်ပြီ။ Taxi တွေတော်တော်များများ ဓါတ်ငွေ့ကားတွေဖြစ်ကုန်ပြီ။ ဓါတ်ဆီကားဖြစ်ရတာကိုပင် ဂုဏ်ယူရမယ့် ခေတ်ဖြစ်လို့နေပါသည်။ ကားငှားရင်တောင် ကျွန်တော်က ဓါတ်ဆီကားမို့လို့ မလျှော့နိုင်ပါဘူးဆိုတာက ပါလာသေးသည်။ ဓါတ်ငွေ့ကားကြတော့လဲ ဘာမှပိုထူးပြီး သက်သာသွားတာမဟုတ်။ ဈေးအတူတူသာ တောင်းကြသည်။
ဓါတ်ငွေ့ကား ပေါက်ထားတာတွေဖတ်မိထားတော့ ဓါတ်ငွေ့ကားကို စီးရမှာ ခတ်လန့်လန့်ဖြစ်လို့နေသည်။ လိုင်းကားတော့ မစီးဖြစ်လိုက်ဘူး အပြင်လဲ သိတ်မထွက်ဖြစ်တာပါသည်။ စီးမိတိုင်းလဲ တွေးနေမိတတာက ငါသည် အချိန်မရွေးထပေါက်ကွဲနိုင်သော ဓါတ်ငွေ့အိုးပေါ်တွင်ထိုင်နေသည်ပေါ့။ ဂျီတီအိုင် တက်တုန်းက ချောက်က သူငယ်ချင်း အလည်ခေါ်သဖြင့် ချောက်မြို့သို့ရောက်ဖူးသည်၊ တစ်မြို့လုံးလား ကျွန်တော်ရောက်ခဲ့သော ရပ်ကွက်တွင်သာလားတော့ မသိ အိမ်ဝင်းတွေထဲ အိမ်အောက်တွေထဲ အထိပါ ဓါတ်ငွေ့လိုင်းတွေ ဖြတ်သွားနေကြတာမြင်နေရသည်။ မြေပြင်ပေါ်မှာ တီကောင်တွေလို ပိုက်တန်းတွေမြင်နေရတာဖြစ်ပါသည်။ ကျွန်တော်ဖြင့် အသည်းယားစွာ သူ့ကိုပြောခဲ့ဘူးသည်။ မင်းတို့မြို့က ဓါတ်ငွေ့ဗုံးကြီး ဖင်ခုထိုင်ထားတဲ့မြို့လို့။ ခုတော့ ကျွန်တော့်မှာ အဲဒီစကား ပြန်ကြားယောင်လာရသည်။ ကိုယ်လဲ ဓါတ်ငွေ့အိုးကြီးဖင်ခုထိုင်ထားရသည်ဘဲ။ တချို့ဗင်ကားများ နောက်ခန်းမှာ ဓါတ်ငွေ့အိုးထားတာမြင်ရတော့ နောက်စေ့နဲ့တော့ တည့်တည့်ဘဲဟု တွေးမိသေးသည်။ အပြင်မှာနေကလဲ ပူကိုပူလွန်းပါတယ်ဗျာ။ ကားသမားတစ်ယောက်ကတော့ မျက်စေ့မျက်နှာမကောင်းသော ကျွန်တော့်ကို သဘောပေါက်သလားမသိပါ။ ရှင်းပြနေပြန်ပါသည်။ CNG ဆိုတာ သူ့ဘာသာထမပေါက်တတ်ပါတဲ့၊ အိုးကိုဖွင့်ပြီး မီးပုံထဲ ပစ်ထည့်တောင် ဂက်စ် ရှိသလောက်သာ လောင်ပါသည်တဲ့ ပေါက်သွားတာ မရှိပါတဲ့။ ကိုယ်ကျွမ်းကျင်သော အလုပ်မဟုတ်သဖြင့် သူဘာပြောပြော လန့်တာတော့ လန့်သည်ပင်။
ကားတွေလဲ တော်တော်ချုန်းချုန်းကြသွားကြသည်။ ပေါက်ပေါက်ရှာရှာ Wall-E ထဲက အမှိုက်ပုံကြီး ပြေးမြင်လိုက်သေးသည်။ ငါတို့ဆီကများ စမလားမသိလို့ပေါ့လေ။ အဖေတို့အိမ်က ရေကန်သန့်ရှင်းရေး လုပ်ပေးချင်လို့ ကြွေပြားချေးချွတ်ဆေး ဝယ်ရန်အပြင်ထွက်ရင်း ရှော့ပင်းစင်တာတွေဘက် ရောက်ခဲ့သေးသည်။ စမ်းချောင်းနေတာဆိုတော့ ဒဂုံစင်တာနဲ့ ဂမုန်းပွင့် နောက် စီးတီးမတ်တို့သာ ရောက်ခဲ့ပါသည်။ စီးတီးမတ်တွင်သာ လူများပြီး ကျန်စင်တာများ ရောင်းသောသူများသာ ရှိကြလေသည်။ လွန်ခဲ့သော ၂ နှစ်က လမ်းသလားနေကြသောလူများ စင်ကာပူရောက်ကုန်ကြတာဖြစ်မည်။ ဝယ်သူမတွေ့ရတော့။ ဒီပြန်လာခါနီး ယုဇန ပလာဇာလဲ ရောက်သေးသည်။ ထုံးစံအတိုင်း ဈေးရောင်းသူများသာ တွေ့ခဲ့သည်။ ကြားရက်ဖြစ်လို့များလား ဖြေတွေးလိုက်သေးသည်။ စီးတီးမတ်ကလည်း လူသာများတာ ဆိုင်ထဲ ပတ်နေတဲ့ သူ့ဝန်ထမ်းတွေကလဲ မနည်းလှဘူး၊ တစ်တန်းမှာ တစ်ယောက်လောက်တော့ စောင့်နေတတ်တယ်။ ဒီကြားထဲ ပစ္စည်းလာလာချတဲ့ လူတွေကလဲရှိသေးတယ်။
နောက်တော်တော် ပေါပေါများများ တွေ့တတ်သေးတဲ့ လူတစ်မျိုးကတော့ ဆက်သွယ်ရေးစက်ကလေးတွေ ဖင်ကြားညှပ်ညှပ်ထားတတ်ပြီး ဆိုက်ကယ်နဲ့တစ်မျိုး လမ်းလျှောက်လို့တစ်မျိုး တွေ့ရတတ်ပါသေးတယ်။ တစ်ခါတစ်ခါ ဘယ်ချောင်ကထွက်ထွက်လာမှန်း မသိရတဲ့ နာမည်ကြီး မျက်မှန်တံဆိပ်တတ်ထားတဲ့ ကားပြာကြီးတွေလဲ တွေ့ရတတ်သေးတယ်ဗျ။ စိတ်အေးလက်အေးနေနိုင်အောင် စောင့်ရှောက်ပေးနေတာနေမှာ။