Category: ကျွန်တော့် အကြောင်း
အချစ်လား … သူဖျားနေတယ်
သံလွင်မှာ သတင်းဖတ်လိုက်ရတယ်၊ စင်ကာပူတွင် H1N1 ကူးစက်ခံရသူ ၁၆၈ ဦးအထိ များပြားလာ တယ်ဆိုတာနဲ့ ဝက်တုတ်ကွေးကို မကျေနပ်တာရယ်၊ သူငယ်ချင်း အပျိုကြီး မမတစ်ယောက် စာမေးပွဲပြီးတာကို အကြောင်းပြုတာရယ်ပေါင်းပြီး တနင်္ဂနွေနေ့က သူတို့အိမ်မှာ ဝက်သားတုတ်ထိုး လုပ်စားဖြစ်ပါတယ်။ အဲဒီနေ့က နေတော်တော်ပူပါတယ်။ သူကဝက်တုတ်ထိုးလုပ်တယ် ကိုယ်က ငါးခေါင်းပြန်ချက်ပေးတယ်၊ ဟင်းလဲစားလိုက်သလိုပါဘဲ။ ဝက်သားတုတ်ထိုးများ တယ်စားကောင်းတာဘဲ။ နေပူတာရယ် အအီပြေအောင်ရယ်ဆိုပြီး သံပုရာရည် တစ်ဗူးဝယ်သွားတာကို တစိမ့်စိမ့်သောက်ပါတယ်။ စာရင်းချုပ်လိုက်တော့ တနင်္ဂနွေနေ့ညမှာ အာသီးရောင်သွားပါတယ်။
အာသီးရောင်တာ အတော်ခံရခက်ပါတယ်။ တစ်ညလုံး လည်ချောင်းတွေပူနေပြီးတော့ တံတွေးမျိုတာတောင် နာပါတယ်။ ဒါနဲ့မိုးလင်းတော့ ကိုယ်ပူလာပါတယ်။ အဲဒါနဲ့ ဆေးခန်းသွားပြတော့ ထုံးစံအတိုင်း ဆေးခွင့်ရပါတယ်။ ဒီတစ်ခါတော့ ဟန်ဆောင်စရာမလိုပါဘူး။ ဒါနဲ့ပေးလိုက်တဲ့ဆေးတွေသောက် ခဏအနားယူလိုက်တာ လူကနဲနဲလန်းလန်းဆန်းဆန်း ပြန်ဖြစ်လာပါတယ်။ ဒီလိုနဲ့ တနင်္ဂနွေနေ့က မြန်မာပြည်က ပြန်လာတဲ့ မိတ်ဆွေတစ်ယောက်က လူကြုံပစ္စည်းပါလာတာကို သွားယူရင်ကောင်းမလား စဉ်းစားလိုက်ပြီး အိမ်ထဲအောင်းနေရမှာကို ပျင်းတာနဲ့ လူကြုံပစ္စည်းအယူထွက်ရပါတယ်။
သူ နေတဲ့ Bedokကို ကိုယ်နေတဲ့ Yishun ကနေသွားရမှာပါ။ အဲဒီလိုနဲ့ ချွေးတွေသေချာသုတ်၊ အကျီၤလဲကာထွက်သွားလိုက်တယ်။ နေ့လည်၂နာရီလောက်မှာ Bedok ကိုရောက်တယ်၊ ထုံးစံအတိုင်း အိမ်ရှာရလွယ်အောင် ဘူတာကနေ လမ်းလျှောက်သွားလိုက်တယ်။ စကားစမြည်ပြောဆိုပြီး အိမ်ပြန်ဖို့လုပ်ပါတယ်။ အဲဒီမှာ တစ်ခုသတိရသွားပြန်တယ်၊ တနင်္ဂနွေနေ့က တခြားတစ်ဦးကလဲ ဖုန်းဆက်ထားပြန်တယ်။ နောက်လူကြုံတစ်ယောက် (မဒမ်မိဘများနယ်ဘက်က) ကပစ္စည်းကြုံလာယူဖို့ အကြောင်းကြားထားပြန်သေးတယ်။ ဒါနဲ့ အပြင်ရောက်တုန်း ဆက်သွားလိုက်မယ်ဆိုပြီး Bedok ကနေ Lakeside ကိုခရီးဆက်ခဲ့ပြန်တယ်။ Lakeside ကနေအပြန် အိမ်ကိုသာ ရထားပြန်စီးမယ်ဆိုရင် စင်ကာပူတစ်ပါတ် ရထားစီးဖြစ်မယ့်နေ့ဖြစ်သွားမှာပါ။
Lakeside ရောက်တော့ ၄နာရီထိုးပါပြီ။ စကားစမြည်ပြောပြီး လူကလဲနုံးနေပြီဆိုတော့ အိမ်ပြန်ပါတယ်။ အစကတော့ ရထားစီးမလို့ပါဘဲ သို့သော် လူကတော်တော်လေး နုံးချိနေပြီဆိုတော့ ကားငှားစီးပြီး ပြန်လိုက်ပါတယ်။ စာရင်းချုပ်လိုက်တော့ တနလာၤညက ထပ်ပြီးဖျားပြန်ပါတယ်။ ညဖက်ကြီး အားသီးရောင်တဲ့ အရှိန်ရယ် နေ့လည်ကပင်ပန်းသွားတာရယ်ပေါင်းပြီး နှာတွေပိတ်တယ်၊ အပူတွေတက်တယ်နဲ့ မိုးလင်းတော့ ဆေးခန်းတစ်ခါသွားရပြန်ပါတယ်။
အပူချိန် 38.C ရှိ ပါတယ်။ အဲဒါနဲ့ ဆေးခွင့်တစ်ရက်ရပြန်ပါတယ်။ ဆေးတွေထပ်များလာတယ်၊ လူကလဲဆေးတွေသောက်ရတော့ နုံးချိချိဖြစ်သွားတယ်။ ဒီနေ့တော့ တစ်နေ့လုံး အခန်းအောင်းပါတယ်၊ ဖျားနေတုန်း တစ်ယောက်ထဲနေရတော့ တော်တော်ပျင်းစရာကောင်းပါတယ်။ ကျွန်တော်ငယ်ငယ်က နယ်မှာနေရတော့ နယ်ထုံးစံအတိုင်း ဖျားရင် ငှက်ဖျားဘဲဖျားပါတယ်။ ငှက်ဖျားဆိုတာကလဲ ညနေမှ အဖျားတက်တာဆိုတော့ တစ်နေကုန် စာအုပ်ဖတ်လိုက် ဆေးသောက်လိုက်နဲ့ ညနေရောက်ရင်တော့ တဟီးဟီးနဲ့ အဖျားတက်ပါတော့တယ်။ တစ်ခါသား အပြင်းဖျားတာ လေးရက်လောက် အပူချိန် ၁၀၃၊ ၁၀၄ ကမဆင်းပါဘူး။ ကျွန်တော့်အဖေက ၁ဝမိနစ်ခြားတစ်ခါ အပူချိန်တိုင်းပြီး ဇယားလေးတောင် ဆွဲထားပြီး စောင့်ကြည့်ပါတယ်။ ဆေးခန်းမသွားနိုင်လို့ စက်ရုံဆရာဝန်ကို အိမ်ပင့်ရပါတယ်။
ဒီ နေ့ဖျားနေတော့ အဖေ့ကို သတိယသွားပါတယ်။ အိမ်မှာဖျားနာကြရင် အမေကပြုစုရတာ စိတ်မရှည်ဘဲ ဘာစားချင်လဲ ချက်ကျွေးမယ်ဆိုတာဘဲ လုပ်ပါတယ်။ အဖေကတော့ ဘယ်သူဖျားဖျား အနားမှာထိုင်ပြီး ချွေးသုတ်ပေးတာ၊ အကျီလဲပေးတာ၊ အပူတိုင်းတာ၊ ဆေးတိုက်တာ စတာတွေ စိတ်ရှည်လက်ရှည်လုပ်ပါပေးတယ်။ ရန်ကုန်မှာနေတုန်းကလဲ မဒမ်ကရုံးသွားရသေးတော့ ကျွန်တော်ဖျားပြီဆို နေ့လည်နေ့ခင်း အဖေတို့အိမ်မှာ သွားပြီးဖျားပါတယ်။ မနက်ခင်းဆေးခန်းပြပြီးရင် အဖေတို့အိမ်တက်ပြီး အပြုစုခံပါတယ်။ ညအိပ်တော့မယ်ဆိုမှသာ ကိုယ့်အိမ်ကိုပြန်ပါတယ်။
ဒီ နေ့တော့ တစ်ယောက်ထဲ အိမ်မှာ အိပ်လို့လဲမရ၊ ပူကလဲပူဆိုတာနဲ့ အိပ်မနေဘဲ ရုပ်ရှင်ဒေါင်းလုဒ်လုပ်ပြီး ကြည့်ပါတယ်။ မဒမ်ကရုံးမသွားခင် ကွန်ပြူတာရှေ့ထိုင်မနေနဲ့ မှာသွားပေမယ့် မနေနိုင်ပါဘူး။ တစ်နေလုံး ရေနွေးသောက်လိုက် ခေါက်ဆွဲပြုတ်သောက်လိုက်နဲ့ ချွေးထွက်ရင်သုတ်လိုက် ကိုယ့်ဘာသာဘဲ ပြုစုရပါတယ်။ အဖျားတို့ထုံးစံအတိုင်း အခုလဲညနေဘက် ခေါက်ဆွဲစားအပြီးမှာ အပူတက်လာ ပြန်ပါသေးတယ်။ ချွေးတွေမထွက်တော့ဘဲ အပူသာတိုးတိုးပြီး တက်လာပါတော့တယ်။ အင်္ဂလိပ်ဆေးဘယ်လောက်ကောင်းကောင်း ကိုယ့်ဗမာဆေးလေး နဲနဲကူလိုက်မှဘဲ အောင်းနေတဲ့ အပူတွေထွက်ပြီး ချွေးလေးတစိုစို ပြန်ဖြစ်လာပါတော့တယ်။ မနက်ဖြန်တော့ ဆေးခန်းသွားလို့ မကောင်းတော့ပါဘူး။ ကြိုးစားပြီး ရုံးသွားတက်လိုက်ဦးမယ်။
ရာသီ ဥတုက တော်တော်ပူပါတယ်။ ပူတဲ့အချိန်မှာ ဖျားတော့ လူကအပူခန်းထဲအောင်းနေရသလိုပါဘဲ။ ဝက်တုတ်ကွေးတော့ မဟုတ်လောက်ဘူး ထင်ရတာပါဘဲ။ ကျမ်းမာရေး ဂရုစိုက်ကြပါ မိတ်ဆွေများ။ အိပ်နေလို့ မရတာနဲ့ အပူချိန် 38.C ရှိလျက်နဲ့ စာတစ်ပုဒ်ရေးလိုက်ရပါပေတယ်။