Category: ကျွန်တော့် အကြောင်း
ရော်ဂျာဒီဘီ
မနှစ်ကဝန်ထမ်းများကို ရုံးမှာဆေးအလကားစစ်ပြီးတဲ့ အခါသမယအလွန်လောက်ကပေါ့ .. ကျမ်းမာရေးလိုက်စားဦးမှပါဆိုပြီး ဘလော့ရေးတာလျှော့တယ် အဆီအငန်လျှော့တယ်၊ အချိုရည်မသောက်ဖူး၊ အားကစားလုပ်မယ်ဆိုပြီး အားကစားအကျီင်္တွေ အရင်ဝယ်ပလိုက်တယ်၊ ဗမာပြည်က ဗမာတိုင်းရင်းဆေးတွေ အသည်းအသန်မှာပလိုက်တယ်၊ ကင်ပွန်းချည်ရည်ဟင်းကို ကျမ်းမာရေးမတိုးတက်သေးသ၍ ချက်ပေးစမ်းပါဆိုပြီး လှုတ်လှုတ်ခပ်ခပ်ဖြစ်သွားလိုက်ပါသေးတယ်။
သို့သော်လည်းပေါ့လေ လမ်းလျှောက်မယ်၊ ပြေးမယ်လို့ မည်သို့ပင်ကြုံးဝါးသော်လည်းပဲ ရုံးကပြန်ရောက်လျင်တော့ဖြင့် ကွန်ပျုတာရှေ့ ထပ်ရောက်တာပါဘဲ။ ဒီလိုနဲ့ ဟိုစပ်စပ်ဒီစပ်စပ် အားကစားလေးတွေ တောက်တိုမယ်ရ ထမင်းစားကောင်းရုံလုပ်နေတုန်း တစ်ရက်မှာ ရုံးကလုပ်ဖော်ကိုင်ဖက် ဖိလစ်ပီနိုတစ်ယောက်က တင်းနစ်ကစားဖို့ အဖေါ်စပ်လာပါတယ်။ သူကတော့ တခြားအဖော်တွေနဲ့ ရုံးပိတ်ရက်တွေမှာ ရိုက်နေကြလို့ဆိုပါတယ်။ ကျွန်တော်တို့ ရုံးခေါင်မိုးပေါ်မှာလဲ လူမကစားတဲ့ တင်းနစ်ကွင်းရှိတာ သိထားလေတော့ ရုံးဆင်းချိန်ရိုက်ရအောင်လို့ အဖော်စပ်တာလဲ ပါမှာပါ။ နောက်ပြီးတော့ သူနဲ့ကျွန်တော်နဲ့က ဟိုးယခင်က ရံဖန်ရံခါဆိုသလို စားပွဲတင်တင်းနစ်ရိုက်ဖေါ်ရိုက်ဖက်ဆိုတော့ တင်းနစ်လဲ မင်းရိုက်ပါလားလို့ ဆွယ်တာပါ။
ငယ်ငယ်တုန်းကတော့ အဖေသင်ပေးလို့ ရိုက်ဖူးပေမယ့် လောက်လောက်လားလား မတတ်မြောက်ခဲ့လေတော့ ခုလိုအချိန်ကြီးမှာ ပြန်စပြီးကစားဖို့ရာ စိတ်ထဲမရဲပါဘူး။ သို့သော်လည်း သူ့မှာလဲ ရိုက်စရာအဖော်မရှိတော့လေသလား မသိပါဘူး ဆက်ကာဆက်ကာ တိုက်တွန်းလာလေတော့ ရိုက်မကွဲ့ဆိုပြီးတော့ကာ လိုအပ်သော Gear တွေဝယ်ရပါတယ်။ (Gear လို့ဘာလို့ခေါ်လဲ မသိဘူးဗျ။)
ဒီလိုနဲ့ဘဲ ရုံးဆင်းချိန်ဆို တစ်ပါတ်မှာ ၂ရက်လောက် ကစားဖြစ်တယ်ဆိုပါတော့။ အစပိုင်းတော့ နှစ်ယောက်သား တောင်ရိုက်မြောက်ရိုက်နဲ့ အိပ်ထဲက ဘော်လုံး၃၀ကုန်သွားရင် လိုက်ကောက်လိုက်ကြနဲ့ လက်မတွေ့ဖြစ်နေကြတုန်းမှာ သူ့အဖေအလည်လာတယ်ဆိုလို့ ၂ယောက်ကနေ ၃ယောက်ဖြစ်အသွားမှာဘဲ ကျွန်တော်တို့ဟန်ကျသွားပါတယ်။ သူ့အဖေကလဲ ဟိုမှာ သင်တန်းတွေဘာတွေပေးတယ်ဆိုတာကိုးဗျ၊ သူရောက်မှ ကျွန်တော်တို့လဲ မှန်မှန်ပြန်ရိုက်ပေးမယ့်လူရောက်လာလို့ ဟန်ကျပန်ကျ လက်တွေတွေ့ရပါတယ်။
တစ်နေ့တစ်နေ့ ထမင်းစားချိန်ဆို Youtube ကနေ Roger Federer ရဲ့ရိုက်ပေါက်များ ..အဲလေ ရိုက်နည်းရိုက်ဟန်များဆိုတာတွေ ရှာကြည့်ကြပြီး မှတ်သားရ၊ ညနေကြတော့ ရိုက်ကြည့်ကြနဲ့၊ ကျွန်တော်တို့ ဘယ်လိုရိုက်ရိုက် ဘော်လုံးဘယ်ရောက်ရောက် ပေါ့ပေါ့ပါးပါးပြေးလွှားပြီး ကျွန်တော်တို့ ရိုက်ကောင်းရုံနေရာလေး ပြန်ရောက်အောင် ပို့ပေးနေတာတော့ သူ့အဖေကြီးပါဘဲ။ ကျွန်တော်တို့ကတော့ ထိချက်မှန်ရင် ဖုန်းခနဲဖြစ်လိုက် ထိချက်မမှန်ရင် ဖတ်ခနဲဖြစ်လိုက်နဲ့ တစ်နေ့တစ်နေ့ အင်တာနက်မှာ သင်ယူလိုက်နဲ့ စိတ်လှုပ်ရှားစရာ ညနေတွေပေါ့ဗျာ။
တစ်နေ့တစ်နေ့ ကျွန်တော်တို့နှစ်ယောက် မင်းရိုက်တာဘယ်လိုကောင်းတယ် ငါရိုက်တာဘာလိုသွားတယ်၊ စသဖြင့် တစ်လှည့်စီ အားပေးနေကြပြီဆိုရင်ဖြင့် အဖိုးကြီးဟာ ခပ်ပြံုးပြံုးကြီးလုပ်လို့နေပါတယ်။ ကိုယ့်ဖာသာလဲ ငါတို့လက်တက်တယ်ပေါ့၊ တခြားဌာနကလူတွေပါဖိတ်ပြီး တောနမန့်လေး ဘာလေးလုပ်ကြမယ်ပေါ့ စိတ်ကြီးတွေဝင်နေကြပါတယ်။
ကျွန်တော်တို့ရဲ့ အကောင်းဆုံးအချိန်များကို ကုန်ဆုံးစေမယ့်အချိန်ကိုရောက်လာပါတော့တယ်၊ အဖိုးကြီး ပြည်တော်ပြန်ဦးမယ်ဆိုပါတော့ တိုတိုပြောရရင်။ သူမပြန်ခင်မှာ ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ထားတာက သူပြန်သွားရင် ကျွန်တော်တို့နှစ်ယောက် တစ်လှည့်စီ လေ့ကျင့်ဖို့လုပ်ကြမယ်ပေါ့။ အိမ်အပြန်လမ်းက ဘူတာနားမှာ တင်းနစ်လေ့ကျင့်ကွင်းကြီးတစ်ခုရှိတော့ ညနေတိုင် အဲဒီအနားရောက်ရင် နှစ်ယောက်သား အထဲကလူတွေ ဘယ်လိုရိုက်တယ် ဆရာကဘယ်လို ဘောလုံးပို့ပေးတယ်ဆိုတာတွေ မှတ်သားကြပါတယ်။
ကနေ့ဟာတော့ဖြင့် ကျွန်တော်တို့နှစ်ယောက် ပထမဆုံးအကြိမ် နှစ်ယောက်တည်း ပြန်ကစားရတဲ့နေ့ပါ။ ပထမဆုံး ဟိုဖက်ဒီဖက်နေပြီး ကစားကြည့်တယ်၊ သူတစ်ချက်ကိုယ်တစ်ချက် ရိုက်ပြီးရင် ဘောလုံးလိုက်ကောက်ရတယ်၊ ပြီးပြန်ရိုက်တယ်၊ ပြန်ကောက်တယ်၊ ဒါနဲ့ တစ်လှည့်စီ ဘောလုံးပစ်ပေးမယ် လေ့ကျင့်သလိုရိုက်ကြမယ်လုပ်ကြပြန်တယ်၊ ဆရာတွေလို လက်မှမမှန်ကြသေးတဲ့လူတွေဆိုတော့ ဘောလုံးပစ်ပေးတာတောင် မမှန်ချင်တော့ ရိုက်ရတာ အဆင်မပြေပြန်ပါဘူး။ ဒါနဲ့တစ်ခါ အမှတ်နဲ့ ရိုက်ကြမကွာဆိုပြီးတော့ လုပ်ကြပြန်တယ်။ အမှတ်နဲ့ဆိုတော့ အမှတ်တက်ချင်တာနဲ့ လူဆီမပေး အကွက်ထိုးရိုက်ကြပြန်တော့ တစ်ယောက်တစ်ချက်စီရိုက်ပြီး တစ်မှတ်တက်သွားနဲ့ မရိုက်လိုက်ရဘဲ ပွဲပြီးကြပြန်ရော။ ဒီလိုနဲ့ဘဲ လက်တက်လာပြီလို့ အထင်ကြီးထားတဲ့ ကျွန်တော်တို့နှစ်ယောက် ဒီနေ့ ရိုက်ကြည့်မှဘဲ ဘောကောက်မောပြန်ဖြစ်ရပါတယ်။ နောက်ဆုံးတော့ မင်းနဲ့ငါနဲ့ ချွေးထွက်တာတစ်ခုအတွက်ဆိုရင်တော့ ကျမ်းမာရေးအရ အမြတ်ထွက်ပါသေးတယ်ကွာ ဆိုပြီးတော့သာ ဖြေကြရင်း ကျွန်ုပ်တို့၏ ကျမ်းမာရေးလှုပ်ရှားမှုများကို တင်ပြလိုက်ရပါပေတယ်။ (ဟမ်)