Category: အလုပ်အကိုင်

မှောင်သောညမှာ လမသာပါ

ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်မှာ ပုရွက်ဆိတ်ကလေးများ၏ခြေသံကို ကြားနိုင်လောက်သည့်အထိပင်၊ လူကလဲ လေဟာနယ်ဟင်းလင်းပြင်ထဲ လွင့်မြောသွားသလို ပေါ့ပါးလွတ်ထွက်သွားသည်။ ခဏလောက်တော့ လူနှင့်စိတ်နှင့် ကွဲသွားသလိုဖြစ်သွားသည်။ ခဏနေတော့ နားရွက်များ ပူလာသည်ကိုသိလိုက်ရသည်၊ မျက်နှာပြင်တစ်ခုလုံးလဲ ထူပူလာသည်ဟုထင်ရသည်၊ မျက်လုံးထဲမြင်သမျှတို့ တစ်ဖြေးဖြေးဝေဝါးလာသည်ဘဲလေ။ ချက်ချင်းကြီး ပတ်ဝန်းကျင်က ပိုလို့ဆူလာသည်ဟုထင်ရသည်၊ ရီသံတို့ ပိုကျယ်လာသလား၊ ငါ့ကိုလှောင်နေတယ်ပါလား၊ အို .. မဖြစ်နိုင်ပါဘူး။ ငါမှ သူတို့နဲ့ မသိဘဲဟာ။ မဖြိုးဘယ်လိုလုပ်မလဲဟု ဘေးမှာပါလာသော သူငယ်ချင်းမှ လက်မောင်းကိုကိုင်လှုပ်ကာ မေးလာမှ စိတ်နဲ့ လူနဲ့ပြန်ကပ်လို့သွားရသည်။

အားနာနေသော မျက်နှာတစ်ခုဖြင့် တစ်ခုခုလုပ်ပေးရန် အလွန်စိတ်အားထက်သန်နေသော ပုံစံကြောင့်သာ စိတ်ထဲရှိသမျှ ပြောမထွက်နိုင်ဖြစ်ရသည်။ ဒီလောက်တောင် ပေါ့ဆရသလား ဟုလည်း အားမလိုအားမရဖြစ်မိသည်။ ပတ်စ်ပို့်စ် ကိုလည်းပေးထားပါရက်၊ ဓါတ်ပုံကိုလည်း သေချာကြည့်ရင် သိနိုင်ပါရက်နဲ့ ဒီလို မိန်းမ ယောကျာင်္း လွဲမှားခြင်း အဖြစ်ကို ဖြစ်ရတယ်ဆိုရင်တော့ မဖြိုးရဲ့ ကံကပင် မှေးမှိန်နေတာဖြစ်ရမည်။

တစ်ကယ်ဆိုရင် ဒီခရီးကိုထွက်ခဲ့ဖို့ တော်တော်လေးကို ကြိုးစားခဲ့ရသည်။ လက်ရှိလုပ်နေသော အလုပ်မှလဲ ခေတ်အခြေအနေကို နားလည်သဖြင့် စကားအများကြီးပြောဆိုကာ မတားကြပေမင့် လူတော်တစ်ယောက် လက်လွှတ်လိုက်ရပြီ၊ နောက်လူတစ်ယောက် ပြန်မွေးယူရဦးမှာပေါ့ ဟူသောစကားမျိုးဖြင့်သာ မိမိကိုတန်ဖိုးထားကြောင်း အသိပေးကြလေသည်။ မတားလေအားနာရလေပင်။ ရင်ခုန်သည်မှာတော့ အမှန်ပင်။ ဟိုမှာရှိနေသော မမစံဆီမှ မီးစိမ်းပြနေသောကြောင့် စိတ်ကိုတုံးတုံးချကာ လာဖို့ဆုံးဖြတ်လိုက်သည်။

မိခင်အိုဟု မဆိုနိုင်သော်လည်း ပင်စင်ယူပြီးဖြစ်နေသော မိခင်နှင့် နှစ်ယောက်တည်းနေသောကြောင့် မတောင့်မတ မကြောင့်မကျ နေနိုင်သည်ဟုသာ ဆိုနိုင်သော အခြေအနေတွင် ယခုလိုခရီးထွက်မည်ဆိုသော အခါ ခရီးလမ်းတွင် အသုံးပြုရန် ငွေစုဆောင်းရသည်မှာ လွယ်သည်တော့မဟုတ်။ လိုလိုမယ်မယ် သုံးလစာ ၁၅၀၀ လောက်ဆောင်သွားနိုင်ရန် စုဆောင်းထားတာလေးတွေ ထုခွဲရတော့မည်။ ချီတုံချတုံဖြစ်နေသောသူ့အား အမေ့၏ယုံကြည်မှု ခွန်အားဖြည့်စကားများကြောင့် ရှေ့ဆက်တိုးဖြစ်ခဲ့လေသည်။

လေယဉ်ပေါ်မှဆင်းကထဲက လူကတက်ကြွမှုများဖြင့် ပြည့်နှက်လို့နေသည်။ နီယွန်မီးများဖြင့် လှပနေသော ဒီလိုမြို့ပြ၏ညအလှ ကို မတွေ့ဘူးသည်မှာ မိမိတစ်သက်ဖြစ်သည်။ အိုလှလိုက်ပါဘိတော့ကွယ်။ မင်းရဲ့ အလှတွေ ဒီထက်တည်တန့်လှပ အသက်ဝင်နေဖို့ ငါလည်း တစ်ဖက်တစ်လှမ်းက ကူညီနိုင်ဖို့ ငါလာခဲ့ပြီကွယ်။ ငါ့ကိုတော့ အခွင့်အရေးပေးပါ မြို့ပြရေ၊ ငါ့ရဲ့ အစွမ်းအစတွေကို မင်းဆီမှ ဖွင့်ပြခွင့်ပေးပါကွာ။ နှစ်နာရီကျော်ကျော် လေယဉ်စီး ခရီးအတူတူသွားခဲ့ကြသော ခရီးဖေါ်တွေကို နှုတ်ဆက်အပြုံးတွေ ပြုံးပြနေမိသည်ဘဲ။ သဲမှုန်လေးတစ်ပွင့်ဘဲဖြစ်ဖြစ်ပါ ငါတော့ရောက်လာခဲ့ပြီ မင်းရဲ့တိုးတက်မှုရေစီးမှာ မြောစီးဖို့ ငါ့ကိုတစ်နေရာတော့ပေးပါနော်။

ရန်ကုန်မှာ မက်သောအိပ်မက်နှင့် ဒီနေရာမှာ မက်သော အိပ်မက်တို့ တော်တော်ကြီးကို ခြားနားမှန်း ရောက်ပြီး တစ်ပါတ်အကြာမှာ မဖြိုး ခံစားလို့ရလာသည်။ ယုံကြည်မှုတွေ ပျောက်ဆုံးတယ်ဆိုတာ အရင်က ဝတ္ထုတွေထဲမှာသာ ဖတ်ခဲ့ဘူးသည်။ ကိုယ့်ဆီရောက်လာမယ်လို့ ဘယ်တုန်းကမှ မတွေးမိခဲ့။ ဒီမှာနေရသည်ကလဲ ကျောင်းတုန်းက မိန်းခလေးတွေ စုပြီးအဆောင်နေကြသလို မဟုတ်၊ ဘယ်လိုအရာမှ အမှားမခံသော နေထိုင်မှုဖြစ်သည်။ အသက်အရွယ် အတွေ့အကြုံများကြောင့်သာ ဒီလိုနေထိုင်မှုမှာ ခဏတော့ စီးမြောလို့ ရနိုင်သေးသည်။

သူငယ်ချင်းများကောင်းကြပါသည်လေ၊ တတ်နိုင်သမျှလေးတွေ လာလာပြီး ကူညီကြသည်၊ ကိုယ်တတ်သော စာရင်းကိုင်ပညာသည်လဲ ဒီမှာ ရောင်းပန်းပွင့်သော လုပ်ငန်းဖြစ်သည်ဟု ဆိုသောကြောင့်သာလာရသည်၊ ဒီရောက်တော့မှ လိုအပ်ချက်တွေက ကိုယ့်မှာရှိနေသေးမှန်းသိရသည်။ စီဗွီကိုလဲအလိုက်အထိုက် လိုက်ပြောင်းနေရသည်မှာ အလုပ်ကိုလိုက်၍ သုံးလေးကြိမ်လောက်ရှိနေပြီ။ ရောက်သည့်အချိန်မှ နှစ်ပါတ်အတွင်း အင်တာဗျူး နှစ်ကြိမ်ဘဲရသည်မှာ နဲသည်ဟုခံစားလိုက်မိသည့် အချိန်တွင် လူကတော်တော်လေး စိတ်လှုပ်ရှားလာသည်။ နင်တစ်နေ့တစ်နေ့ အလုပ်ဘယ်လောက်များများလျှောက်လဲဟု သူငယ်ချင်းများမေးသောအခါ လေးငါး ခြောက်ခုပေါ့ဟု ဖြေရသည်၊ ဟာ ဒါဆိုနဲတယ် အနည်းဆုံး တစ်နေ့ ဆယ်ခုကနေ အခုနှစ်ဆယ် လောက်လျှောက်ဟု ဝိုင်းပြောကြသည်။ နို့ ..အဲလောက်မှ အလုပ်မတွေ့တာကို သူတို့ကတော့ သူတို့လာခဲ့တုန်းကအချိန်နှင့် နှိုင်းယှဉ်ကာပြောတာဖြစ်မည်ဟု နားလည်ပေးလိုက်ရပါသည်။ လုပ်ငန်းသဘာဝကလဲ မတူတာပါမည်။ တရုတ်နှစ်ကူးပြီးမှ လာရန်လဲအကြံပေးသူများကမူ ယခုလို အီလည်လည်ဖြစ်နေသော မဖြိုးကိုအပြစ်ပြောခြင်ကြလေသည်၊ သို့သော် လွန်နေပြီမို့သူတို့လဲတတ်အား သရွေ့တော့ ဝိုင်းဝန်းအကြံဥာဏ်ပေးကြပါသည်။

ဒီလိုနဲ့ဘဲ ခုလိုအဖြစ်အပျက်နဲ့ ကြုံတွေ့ဖို့ဖြစ်လာရသည်ဟု ပြောရတော့ပေမည်။ လူကစိတ်ပူနေတာလဲပါသည်၊ ဒီရက်ပိုင်းမှ သူငယ်ချင်းများကလဲ ညဆိုင်းဆင်း နေ့အိပ်သူ၊ ခွင့်ရက်ရှည်ဖြင့် ရန်ကုန်အလည်ပြန်သူတို့နှင့်ဖြစ်လာသည်။ နေထိုင်ခွင့်က ပြည့်တော့မည်။ ပုံမှန်အားဖြင့်တော့ နောက်ထပ်တစ်လကတော့ အသာလေး ထပ်ရဦးမည်ဟုပြောကာ စိတ်ချနေရန် ပြောထားကြပြီး သူတို့ကလဲ သူတို့အလုပ်များဖြင့် မအားမလပ်ဖြစ်လို့နေခဲ့ကြသည်။ ကံကြမ္မာက ဖန်လာသည်ဟုပင် အပြစ်ပုံချရပေတော့မည်။

အွန်လိုင်းမှ နေထိုင်ခွင့်သက်တမ်းတိုးလိုက်ဟု အိမ်မှအိမ်သူကြီးမမ အကြံပေးလမ်းညွှန်လုပ်ပေးမှုဖြင့် ပင်နီဆူလာသို့ရောက်လာခဲ့သည်။ လူကလဲခုတလော ပျာယိပျာယာနိုင်လှသည်ဟုထင်သည်။ အလာတုန်းကထည်းက ရထားပေါ်မှာ ကောင်မလေးတစ်ချို့ ကွက်ကြည့် ကွက်ကြည့်လုပ်နေကြတာတာကို သတိထားမိခဲ့သည်၊ ကိုယ်လဲကိုယ့်အပူနဲ့မို့ သူတို့ကို ဂရုမစိုက်အား မိန်းမတို့သဘာဝဘဲဟု စိတ်ထဲမေ့ထားလိုက်သည်။ နောက်တော့ ဘေးမှထိုင်နေသော အဖွားကြီးမှ ဝတ်ထားသော စကတ်ကိုလက်ညှိုးထိုးပြသဖြင့် ကြည့်ရသေးသည်။ သိတ်တော့ထူးသည်မထင် နောက်တော့ သေချာသိသွားသည်၊ ပြောင်းပြန်ဝတ်လာခဲ့သည်ဘဲ။ ခက်တော့ခက်နေပြီ စိတ်ညစ်ရတဲ့အထဲ ကမန်းကတန်းထွက်လာခဲ့မိတဲ့ မိမိအပြစ်သာဖြစ်တော့သည်။ ပင်နီဆူလာရောက်မှ ရေအိမ်ဝင်၍ ပြုပြင်ရတော့မည်။ ရော .. ခုနက ကောင်မလေးတွေ ကြည့်နေသည်မှာ ဒါကြောင့်ဖြစ်ရမည်။ အင်း ပြောင်းပြန်ဖြစ်ယုံသာဖြစ်သည် အရှက်တော့ လုံသေးသည်သာဘဲမဟုတ်လား၊ ဂရုမစိုက်ပေါင်။

ပင်နီဆူလာ အပေါ်ရောက် လမ်းညွှန်လိုက်သော ဆိုင်သို့တည့်တည့်သွား အတူသက်တမ်းတိုးမည့်သူကိုလဲ အဲဒီဆိုင်မှာ အဆင်သင့် ရောက်နှင့်နေတာတွေ့ရသည်ဆိုတော့ နဲနဲတော့အားရှိသွားပြန်သည်။ ဒီလိုနှင့် ပတ်စ်ပို့စ်တွေထားခဲ့လို့ အိမ်ပြန်ကာ သူပြန်ချိန်းတဲ့ရက်ကို ရောက်အောင် ခပ်မောမောနဲ့ စောင့်ရပြန်တော့တာပါဘဲလေ။

ဒီနေ့ဘုရားရှိခိုးပြီးတာနဲ့ ပင်နီဆူလာကို သွားစောင့်နေလိုက်တယ်၊ တစ်ကယ်ဆိုရက်က ၆ ရက်လောက်ကျန်သေးတယ်၊ လူကစိုးရိမ်တော့ ကြိုပြီးလုပ်လိုက်တဲ့ သဘောပါဘဲ။ ခဏနေဆိုင်ဖွင့်တော့ တနေ့က အလုပ်လက်ခံလိုက်တဲ့ အန်တီကြီးကို သွားမေးကြသည်။ မနေ့က အတူလက်ခံလိုက်သော လူသုံးယောက်မှ နှစ်ယောက်ကတော့ သက်တမ်းတိုးလို့ ရပြီး ကိုဖြိုးသက်က တော့ မရဟုပြောသောအခါ ရုတ်တရက် ကြောင်အအ ဖြစ်သွားရသည်။ ကျွန်မနာမည် မဖြိုးသက်ဟု ပတ်စ်ပို့တွင်လဲ ထင်ထင်ရှားရှားရေးထားပါရက်၊ လူချင်းလဲ တနေ့က တွေ့လိုက်ကြပါရက်နဲ့ အဘယ်ကိစ္စကြောင့် ကျွန်မမှသည် ကျွန်တော်ဖြစ်သွားရပါသလဲ၊ ပေါ့ဆမှုလေးတစ်ခုကြောင့် ရရှိလိုက်တဲ့ အကျိုးရလဒ်ကတော့ နေထိုင်ခွင့်ဆက်လက်မရတော့ခြင်းပါဘဲ။

ကျွန်မ ဘာမှဆက်မပြောတတ်တော့ပါ။ ဘာမှလဲ မကြံစည်တတ်တော့ပါ၊ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။