11,930 views

Hosting ပြောင်းချိန်

ကိုယ့်ဘလော့ကလေး ကိုယ်မရေးဖြစ်သော်လည်း စွတ်ရွတ်ပြီးတင်ထားတဲ့ ယူနီကုဒ် <> ဇော်ဂျီကွန်ဗာတာက လူတချို့အတွက် အဆင်ပြေပြီး အသုံးတည့်နေတာကြောင့် ဘာမှမရေးဖြစ်သော်လည်း ဘလော့လိပ်စာနဲ့ Hosting ကိုနှစ်တိုင်း သက်တမ်းတိုးပြီး ဆက်ထားလာခဲ့တာ အခုတော့ Hosting က စျေးအတော်ကြီးလာတာကြောင့် စျေးသက်သာတဲ့နေရာ ထပ်ပြောင်းဖို့ အကြောင်းဖန်လာတယ်။

အရင်ကတော့ နှစ်တိုင်း စျေးသက်သာတဲ့ Hosting ကိုပြောင်းပြောင်းတင်လေ့ ရှိပေမယ့် အခုနောက်ဆုံးသုံးခဲ့တဲ့ Hosting အရောက်မှာတော့ ဘလော့လဲ မရေးဖြစ် ဆာဗာထဲလဲ မဝင်ဖြစ်နဲ့ ပစ်ထားလိုက်တာ Hosting သက်တမ်းတိုးခါနီးရယ် ဒိုမိန်းသက်တမ်းတိုးခါနီးရယ်မှာပဲ သက်ဆိုင်ရာ ဆာဗာထဲဝင်ပြီး သက်တမ်းတိုးဖြစ်တယ်။ အခုတော့ Hosting ကလည်းစျေးကြီးလာတာရယ် ပေးရရင်လဲ တစ်နှစ်စာ တစ်ခါတည်း အကုန်ပေးရမှာရယ်ဆိုတော့ သိပ်များတာနဲ့ အပျင်းကြီးနေလို့တော့ မဖြစ်သေးပါဘူးဆိုပြီး Hosting သက်သာတာလေးစုံစမ်းရပြန်တယ်။

တိုတိုပြောရရင်တော့ လူပျိုကြီးပြောလို့ DigitalOcean ဆိုတာလေး သိရတယ်။ အလွယ်ပြောရရင်တော့ ဆာဗာ Cloud Server ပေါ့။ Hosting ကြော်ငြာ ဖြစ်နေမှာစိုးလို့ Hosting အကြောင်းတော့ မပြောတော့ပါဘူး။ ပြောချင်တာက Linux ဆာဗာပေါ် ကိုယ့်ဘာသာ အကုန်အစအဆုံးလုပ်ရတဲ့ အတွေ့အကြုံအသစ်ကို ပြောလိုတာပါ။

အရင် Hosting တွေပြောင်းတုန်းက အဆင်သင့်လုပ်ထားပေးပြီးသား ဆာဗာတွေပေါ်ကို ပြောင်းတာဆိုတော့ တဖက်က Backup လုပ်ထားတာလေးတွေ ကော်ပီကူး Restore လုပ်ဆို ပြီးသလောက်ဖြစ်နေပြီ။ ကိုယ်ကလဲ Windows Platform သမားဆိုတော့ Windows ဆာဗာထဲ LAMP လောက် သွင်းဖူးတဲ့လူဆိုတော့ ကျန်တာ ဘာမှမသိဘူး။ ဒါတောင် Installer လေး download ချပြီး Double Click နဲ့ instal လုပ်လာတာဆိုတော့ Linux Command Line ဆိုဝေးရော။

ဒါနဲ့ Hosting မှာ ဝယ်လဲပြီးရော ကိုယ့်ဘာသာ ဟိုဆော့ဒီဆော့ လုပ်ကြည့်သေးတယ်၊ ဆက်အလုပ်မဖြစ်တော့တာနဲ့ လူပျိုကြီးပဲ အကူအညီတောင်းပြီး လိုအပ်တာတွေ ဆက်လုပ်ပေးပါ ပြောရတော့တယ်။ အဲဒီမှာမှ ဒီလူ အကြီးအကျယ် ဖျားတော့တာပဲ။ ကိုယ့်ကြောင့်ဖျားတာတော့ မဟုတ်ပါဘူး၊ တိုက်ဆိုင်သွားတာပါ။ ဒီဖက်က Hosting အဟောင်းကလဲ သက်တမ်းကုန်ဖို့ ၂ ပါတ်ပဲ ကျန်တော့တယ်။ သူ့လဲ ဖျားနေတော့ အပူမကပ်ရဲတာနဲ့ ကိုယ့်ဘာသာ စာဖတ်ပြီး (တကယ်တော့ Google မှာပဲ လိုက်ရှာရတော့တာပေါ့) လုပ်ဖို့ ဖန်လာတော့တယ်။

တတ်တဲ့လူတွေဆိုရင်တော့ တစ်နာရီ နှစ်နာရီစာလောက် လုပ်ရင်ပြီးမယ့် ကိစ္စတွေပါပဲ။ ကိုယ့်အတွက်တော့ ရုံးမှာ အားရင်ဖတ်လိုက် လုပ်လိုက်နဲ့ တနေကုန်ပါရောလား။ တန်ပါတယ် ညနေကျတော့ Hosting အသစ်မှာ ကိုယ့်ဘလော့လေး ပြောင်းပြီးသွားတဲ့ အခါ အမောပြေရပါတယ်။ လူပျိုကြီး နေပြန်ကောင်းလို့ အားမှ လုပ်ထားတာတွေ ပြန်စစ်ခိုင်းရဦးမယ်။

Hosting အကြောင်း မကြော်ငြာပေမယ့် ကိုယ်ပိုင် Hosting ရှိချင်တယ်၊ ရေးထားတဲ့ ပရိုဂရမ်တွေ စမ်းကြည့်ချင်တယ် အင်တာနက်ပေါ်မှာ တင်ပြီး စမ်းကြည့်ချင်တယ် အဲဒီအခါမယ် Hosting လိုလာလို့ ကိုယ်ပိုင်ဝယ်ချင်တယ်၊ DigitalOcean မှာလဲ ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ် ဆိုရင်တော့ ဒီလင့်  ကနေ ဝယ်ပေးပါလို့ …. 😛