ဘလော့ရေးဆရာ ဖြစ်ရတာ ကောင်းတယ်
မြန်မာ ပြည်တွင် စာရေးဆရာဖြစ်ရသည်မှာ အတော်စိတ်ချမ်းသာစရာ ကောင်းမည့်ပုံပင်။ စာလေးပေလေးဖတ် ဖတ်မှတ်ထားတာလေးတွေ ပြန်ရေး၊ စာပေဟောပြောပွဲရာသီရောက်လျှင် တကူးတကဖိတ်မန်တကပြုလို့ စာအကြောင်းပေအကြောင်း ဟောပြောလို့။ လူနေမှုမချမ်းသာလျှင်တောင်မှ စိတ်တော့ချမ်းသာကြမည်ပင်။ ရသစာပေရေးသော ဆရာတွေကိုဆိုလည်း ရသပိုင်းမို့ လေးစားအားပေးကြသလို သုတပိုင်းရေးတဲ့ ဆရာတွေကိုဆိုလည်း မှတ်သားစရာတွေ ဝေမျှရေးသားပေးကြလို့ ကျေးဇူးတင်ကာ၊ ကိုယ်မဖတ်နိုင်သော နယ်ပယ်မှ အသိပညာတွေ ရေးပေးနေသော အင်မတန်တတ်ကျွမ်းသော ဘက်စုံရဆရာတွေဟုပင် ထင်မှတ်ကာ အားကိုးလေးစားကြလေသည်။
ကျွန်တော် ငယ်ငယ်ကဆိုလျှင် ခေတ်ကလဲခေတ်ကောင်း စက်ရုံကလဲ ဆောက်ပြီးစမကြာသေး၊ ကုန်ထုပ်လုပ်မှုများကလဲ အောင်မြင်လို့ လူတွေကလဲ နယ်မှာသာနေရတယ် ဘာမှစိုးရိမ်ပူပန်မှုမရှိ၊ ရှိတာလေးဝတ် ရတာလေးစား၊ အတော်ပင်ပျော်စရာကောင်းခဲ့သည်။ နှစ်စဉ်လဲ ရန်ကုန်မှ စာရေးဆရာများကို အလှည့်ကျဖိတ်လို့ ဝန်ထမ်းများအတွက် စာပေဟောပြောပွဲ လုပ်ပေးခဲ့ဘူးသည်။ စာရေးဆရာကြီး၊ငယ် အရွယ်လတ် စုံစုံလင်လင်ဖိတ်ကြသည်။ စာရေးဆရာများနေဖို့ ဝန်ကြီးလာလျှင် တည်းခိုရန်ဆောက်ထားသော နားနေဆောင်တွင် ထားပေးသည်။ စားကြသောက်ကြဖို့ ရုံးအဖွဲ့တွေက ချက်ကြပြုတ်ကြသည်။ အမေက အချက်အပြုတ်တာဝန်ယူရသော အဖွဲ့တွင်ပါနေကြဖြင့်သဖြင့် အမြဲချက်ပြုတ် ဈေးဝယ်အဖွဲ့တွင်ပါဝင်ရသည်။ အမေတို့တော့ ဘယ်လောက်ပင်ပန်းသည်မသိ ကျွန်တော်တို့ကတော့ ဧည့်သည်တွေ ပြန်ကြလို့ ပိုလျှံသော ဟင်းလျာများကို ဝန်ထမ်းတွေ ခွဲဝေယူလို့ အမေ့ဝေစုရလာလျှင် အားရပါရတီးရတာဘဲ မှတ်မိတော့သည်။
ကျွန်တော် တို့ ဗမာလူမျိုးများသည် စာရေးစာဖတ်ကို လူတိုင်းနီးပါး ဝါသနာပါကြသည်။ ငယ်ငယ်ကစလို့ အသက်အရွယ်အလိုက် ဖတ်သောစာသာ ကွဲပြားခြားနားသွားမည်၊ စာမဖတ်သော လူဟူ၍ရှိမည်မထင်။ စာဖတ်တော့ ဘာဖြစ်လာသလဲဆိုလျှင် စာများများဖတ်တဲ့လူဟာ ဖတ်ပြီးသမျှတွေထဲက ကိုယ့်စိတ်ထဲရှိတာလေးတွေ ပြန်ချရေးချင်လာကြတတ်သည်။ ငယ်ငယ်ဆယ်ကျော်သက်အရွယ်တွင် စာတိုပေစ မရေးဖူးသူဟူ၍လည်း ရှိမည်မထင်ပေ။ ရုတ်စွအဆုံး အနုအလှချယ်မှုန်းထားသော ရည်းစားစာတော့ ရေးဖြစ်ကြသည်ချည်းသာ။ အခုခေတ်လူတွေကျတော့ ရည်းစားစာ မရေးကြတော့ အချစ်ကဗျာ ရေးကြသည်။ သူ့ထက်သူလူစွမ်းကောင်းတွေချည်းသာဖြစ်သည်။ သို့သော် စာရေးဆရာ ကဗျာဆရာတော့ များများစားစား ဖြစ်မလာကြပေ။
မ ဖြစ်ရချင်းမှာလဲ အကြောင်းအရင်းများစွာ ရှိမည်ပင်။ ကိုယ့်စာကို အရေးတယူဖတ်ပြီး ဝေဖန်ထောက်ပြ နည်းပေးလမ်းပြလုပ်ပေးမယ့်သူမရှိတာ၊ စင်တင်ပေးမည့်နေရာမရှိတာ စသဖြင့် ငယ်တုန်းမှာဘဲ လက်သင်ကလေးရေးပြီး နောက်တော့ ကျောင်းတွေပြီး၊ လုပ်ငန်းခွင်တွေ ဝင်ကြသောအခါ အလုပ်ဖက်ကို အားသန်သွားသောကြောင့် အနုပညာဖက်ကို အချိန်မပေးနိုင်တော့တာတွေလဲ ပါကောင်းပါမည်။
ဟော.. အခုကြတော့ ဘလော့တွေ ရေးလို့ရပြီလဲဆိုရော ထွက်လာလိုက်ကြတာ ရွက်ပုံးသီးတွေ၊ သူ့ထက်သူလူစွမ်းကောင်းတွေ၊ တင်ပြပုံအမျိုးမျိုး ရေးနည်းရေးဟန် အမျိုးမျိုးနဲ့၊ သူ့အကြိုက်ကိုယ့်အကြိုက် စိတ်ထဲရှိတဲ့ အတိုင်းရေးလို့ရနေကြသည်။ ကောင်းတာမကောင်းတာ အသာထား ဟိုးအရင်ကလို ဗလာစာအုပ်ထဲရေးထားပြီး ချောင်ထိုးထားလိုက်ရတာလိုမျိုး မရှိတော့။ အနဲဆုံး ကိုယ့်လိုစိတ်တူ အတွေးတူ ရင်ဘတ်တူသူတစ်ယောက် လာဖတ်ဖြစ်ရင်တော့ ကိုယ်ရေးတာကို ကောင်းတယ်လို့ ပြောမယ့်သူတွေ ရှိလာပြီ။
ဘာ ဘဲရေးရေး ဖတ်လို့ကောင်းတယ်ပြောရင် ပီတိကလေးဖြစ်ကာ မောလာတာ ပင်ပန်းလာတာလေးတွေ ပြေပျောက်ကုန်တတ်ကြတာဘဲဖြစ်သည်။ တစ်ချို့ကြတော့လဲ ဘလော့ဂ်ဂါဆိုတာ ဘာဖြစ်ရမယ် ညာဖြစ်ရမယ်၊ ဘာတွေထိမ်းသိမ်းသင့်တယ်၊ ဘာတွေလိုက်နာသင့်တယ်၊ စသဖြင့် တိုင်းတာမှုတွေရှိလာကြသောအခါ ဘလော့ရေးကြသူတွေမှာလဲ ဘလော့ဂါအဖြစ် နာမည်မခံယူချင်သူတွေ ရှိလာသည်။ တချို့ကြတော့လဲ ကျွန်တော်ဘလော့ဂါမဟုတ် တခါတရံတော့ ဘလော့ဂင်းတယ်လို့ ပြောတတ်လာကြသည်။
ဘ လော့ရေးချင်းသည် စိတ်ပင်ပန်းမှုကို ပြေပျောက်စေရန်အတွက် ရေးကြသည်၊ မရေးရမနေနိုင်လို့ ရေးကြသည်၊ တစ်ချို့များ အလကားရေးလို့ရတာကို ကိုယ့်ပိုက်ဆံကိုယ် အကုန်ခံ၍ပင် ရေးကြသေးသည်။ သို့သော် ဘလော့ကို ထုပ်ကုန်တစ်ခုလို မထွက်မနေရ ရေးကြလျှင်တော့ ပင်ပန်းဖို့ပင်ရှိတော့သည်။ ဘလော့သည် ရေးသူမပြောနှင့် ဖတ်သူများလည်း ပင်ပန်းသည်ပင်။ တစ်ဦးနှင့်တစ်ဦးတွင် ချိတ်ဆက်ထားသော လင့်တွေမှာ ဆက်လို့သွားသဖြင့် တစ်ခါတစ်ခါဖတ်လျှင် ဆုံးပင်မဆုံးနိုင်တော့ပေ။
ဒါ ဆိုလျှင် ဘလော့ရေးတာ ဘာကောင်းသနည်း။ ကိုယ်ရေးတာဖတ်သွားပြီး ကောင်းလိုက်တာ ပြောသွားလျှင် ကျေနပ်ပီတိဖြစ်လို့ ပြီးသွားပြီဟု ယခင်ကထင်ခဲ့ပါသည်။ ဘယ်မှာကလို့တုန်း ဘလော့ပေါ်မှာ ရေးထားသော စာတွေထဲတွင် စိတ်ညစ်နေသည်ဟု စာဖတ်သူများမှ ခံစားလိုက်ရပါက စိတ်မညစ်ကြစေရန် အားပေးသွားကြသည်၊ အခက်အခဲဖြစ်နေပါက ကူညီသွားကြသည်။ မိတ်ဆွေသစ်များပင် ရသေးသည်။
ဟိုတစ်လောက ဝက်ခြံကို ဘာထင်သလဲ ရေး လိုက်သောအခါ စာဖြင့်ဆက်သွယ်လို့ အကူအညီအမျိုးမျိုး ပေးကြပါတော့သည်။ ယခင်က ကိုယ့်ဘလော့ကို လာဖတ်ကောင်း ဖတ်နေမည်ဖြစ်သော်လည်း တစ်ခါမှနှုတ်ဆက်သွားခြင်း မရှိသော စာဖတ်သူများ ဖြစ်နေသောကြောင့် ပိုလို့ပင် ဝမ်းသာကြည်နူးဖြစ်ရသည်။ ဘလော့ရေးသူများကလဲ ဝက်ခြံအကြောင်း သိကောင်းစရာများကို ကိုယ့်ဘလော့များမှာ ရေးသားကာ ပညာဖြန့်ဝေပေးကြသည်။ ဆေးနည်းတွေ ပေးကြသည်။ တကယ်ပင် ကျေးဇူးတင်ရပါသည်။ ကျွန်တော်တို့လို သာမန် ဘလော့ရေးသူတွေတောင်မှ ဒီလိုကြည်နူးမှုမျိုးတွေ ရကြသည်ဆိုလျှင် နိုင်ငံနှင့်အဝှမ်း လေးစားချစ်ခင်ကြသော စာရေးဆရာများဆိုလျှင် ဘယ်လောက်စိတ်ကြည်လင် အေးချမ်းကြမလဲ တွေးကြည့်လို့ပင်ရသည်။ စာရေးဆရာကတော့ ဒီတစ်သက် မဖြစ်နိုင်တော့၊ သို့သော် ဘလော့ရေးဆရာ ဖြစ်ရတာကိုတော့ အင်မတန် ကောင်းပါသည့်အကြောင်း ထပ်လောင်းပြောကြား လိုက်ချင်ပါတော့သည်။