ကျွက်စီကျွက်စီ ပီအေစီ
ရန်ကုန်မှာ အင်တာနက်သာနှေးတာ ပီအေစီ ဆိုင်တွေ၊ အင်တာနက်ဆိုင်တွေ အတော်ပေါသား။ ကွမ်းယာဆိုင်တွေပေါသလောက်ကို ပေါတယ်။ ဟိုနားမှာလဲ အင်တာနက်၊ ဒီနားမှာလဲ အင်တာနက်၊ မြန်မာပြည်မှာ လူတွေကုန်သလောက်ရှိအောင် နိုင်ငံခြားထွက်ကုန်မှတော့ ဒီလူတွေကို ဆက်သွယ်စရာ အင်တာနက်ဆိုတာ လိုလာတာပေါ့။ တချို့များ ဆိုင်နာမည်ကို စတားဟပ်ဖ် ဆိုပြီး လိုဂိုပါ အတူတူ သေချာယူပြီး ပေးထားသေးတယ်။ ဆိုင်တံခါးဝတွေမှာလဲ pfingo, skype, Gtalk စသော ချက်စရာ၊ စကားပြောစရာ သုံးလို့ရပါမည့်အကြောင်း အသေအချာ လိုဂိုလေးတွေနဲ့ ကြောငြာကြပြန်တယ်။ အင်တာနက်ဟာ ချက်တင်းအများဆုံးအသုံးပြုစရာ နေရာအဖြစ်ပေါ်ပြူလာ ဖြစ်လို့နေတယ်။
မောင်ဒီဘီလဲ ရန်ကုန်ရောက်တုန်း အင်တာနက်ကို သုံးကြည့်ဖို့ တစ်ရက်ကြိုးစားလိုက်တယ်။ အရင်ဒီကိုမလာခင်က သုံးဖူးတဲ့ဆိုင်မှာဘဲ သုံးဖြစ်လိုက်တယ်။ ဆိုင်တွေကလဲ မလာခင်ကတည်းက ဘော်ဘော်တွေပြောနေကြလို့ ကြားဘူးနေတာက keylogger ထည့်ထားတတ်တယ်၊ တစ်မိနစ်တစ်ခါ screen shoot လုပ်ထားတတ်တယ် စသဖြင့် ကြားနေရတော့ သုံးရတာ စိတ်မဖြောင့်တာရယ်နဲ့ သုံးရမှာ မဝံ့မရဲဖြစ်နေသေးတယ်။ ဆေးစွဲသူလိုဘဲ အချိန်ကြရင် အင်တာနက်ကို ကြည့်ချင်နေမိတယ်။ ဒါကလဲ ပထမ တစ်ရက် နှစ်ရက်ပါ၊ နောက်တော့လဲ နေတတ်သွားတယ်၊ တော်တော် အနားရတယ်ပြောရမယ်။
ဒါနဲ့တစ်ရက်တော့ သွားသုံးဖြစ်တယ်ဆိုပါတော့ဗျာ။ ဆိုင်မှာ ကူညီလုပ်ကိုင်ပေးနေတာ၊ ကောင်တာထိုင်တာ အားလုံးက မိန်းခလေးတွေဆိုတော့ ယောကျာင်္းလေးတွေလောက် ပေါက်ပေါက်ရှာရှာတွေ အင်စတော မလုပ်လောက်ဘူးလို့ ယုံကြည်မိတာလဲပါသပေါ့လေ။ သေချာအောင် ဈေးမေးရသေးတယ်၊ ဂျာနယ်ဝယ်တဲ့ ကိစ္စပြီးသွားကတည်းက မှတ်သွားတာ။ တစ်နာရီ ၅၀၀ တဲ့ မတက်တာဆိုလို့ ဒါဘဲရှိတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကလဲ ၅၀၀ ဘဲ၊ မဆိုးဘူး။ နို့ မဆိုးဆိုဗျာ F5 နှိပ်နှိပ်နေရတာနဲ့ စာမျက်နှာ အပြည့်မြင်ရဖို့ထိုင်စောင့်ရတာနဲ့ အင်တာနက်သုံးတာ နာရီဝက် စောင့်ရတာ နာရီဝက်လောက်ရှိမယ် ထင်တာဘဲ ကိုယ်လဲ စိတ်ညစ်လာတာနဲ့ တစ်နာရီထဲ သုံးခဲ့ပါတယ်။
မသုံးခင် ဗမာစာလုံးရတဲ့ စက်ပေးပါပြောရသေးတယ်၊ နေရာရောက်တော့ စာလုံးတွေပျက်နေတဲ့ ကီးဘုတ်လေးက စောင့်နေတယ်။ ကီးတွေ အလွတ်သိနေတဲ့ လက်ချောင်းတွေကိုဘဲ ယုံကြည်ပြီးသုံးခဲ့ရတယ်။ ဒါတောင် မှားမှားရိုက်မိသေးတယ်။ စာမျက်နှာ အပြည့်ပေါ်မည့် အချိန်ကို ထိုင်စောင့်ရင်း ဘေးဘီက အသံတွေလဲ နားထဲဝင်ဝင်လာသေးတယ်။
အမေက သားကို လိမ္မာဖို့၊ အားတင်းပြီး အလုပ်ကြိုးစားဖို့ နောက်မှာညီလေး ညီမလေးတွေရှိနေသေးလို့ သားလေးပို့နေတာလေးနဲ့ အဆင်ပြေ ချောင်လည်နေလို့ အလုပ်ကို ကြိုးစားလုပ်ပါမည့်အကြောင်း အားပေးနေတဲ့ အသံ။
ပတ်စ်ပို့လက်ဝယ်ရထားပြီးလို့ လာတော့မယ် တဂျီဂျီ ပူညောင်ပူညောင်လုပ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အသံ။ တစ်ယောက်ကလဲ ငါတော့ အော်တိုကတ်ဒ်လဲ တက်ထားတယ်၊ စာရင်းကိုင်လဲ တက်ထားတယ်၊ ကွန်ပျုတာလဲသင်ထားတယ်၊ စကားပြောလဲ တက်နေတယ်၊ (စကားပြောတောင် နှစ်မျိုးလောက်ဗျ) စသဖြင့် ဘာလာလာ အကုန်လုပ်နိုင်အောင် all-in-one လေ့ကျင့်ထားတဲ့ အကြောင်း အားရပါးရ ဟိုဘက်က သူငယ်ချင်းကို ပြောပြနေတယ်။ ကျွန်တော်တောင် သူ့လောက်မတတ်လို့ အားတောင်ငယ်သွားသေးတယ်။ ပရော်ဖက်ရှင်နယ်လိုင်းတွေတော့ ပူးကုန်ပြီလို့တောင် စိတ်မကောင်းချင်းကြီးစွာနဲ့ တွေးမိသေးတယ်။ အထဲမှာနေဖို့ အဲလောက်တောင် ခက်ကုန်ပြီလား ။ နောက် career path way ကို စိတ်ပါတာ မရွေးနိုင်ကြတော့ဘူးလား။
တစ်ယောက်ကတော့ လူခေါ်သမျှကျောင်းတွေ အကုန်လျှောက်ပေးဖို့ စာရွက်စာတမ်းတွေ အကုန် အခုဘဲ ပို့လိုက်တဲ့ အကြောင်း ပြောနေသံကြားရပြန်တယ်။ ဟိုဘက်ကလူကတော့ register fee တွေ အတော်ကုန်ကျ လိုက်မယ့်ဖြစ်ခြင်း။
ခေတ်တွေကပြောင်းကုန်ကြပြီ။ အရင်ကဆို ဆိုင်သွားရင် ဟိုဖက်ဒီဘက် ချက်ထဲမှာ ဆဲတာအားမရလို့ ပါးစပ်ကပါ အသံထွက်ထွက်လာလို့ တစ်ဆိုင်လုံး ဆဲသံတွေဆူညံနေတာ၊ ဆေးလိပ်မီးခိုးတွေ မွှန်ထူနေတာကို သည်းခံပြီး သုံးခဲ့ရတာ။ ခုတော့ စင်ကာပူသွားမယ် ကျောင်းတက်မယ် အလုပ်လုပ်မယ် စသဖြင့် ပြောကုန်ကြတဲ့ခေတ် ဖြစ်သွားပြီ။
မောင်ဒီဘီလဲ ဘေးဘီက အသံတွေ နားထောင်လိုက် စာလေးဖတ်လိုက်နဲ့လုပ်နေရာကနေ သတိမေ့ပြီး ဘော်ဒါတစ်ယောက်ရဲ့ ဆိုင်အတွက် pfingo ပိုက်ဆံဖြည့်ပေးပါဦးဆိုတာနဲ့ ထုံးစံအတိုင်း ဆိုက်ထဲဝင် ပိုက်ဆံချေပြီးသွားမှ Keylogger များတတ်ထားသေးသလား သတိရသွားပြီး ကိုပီဇီကိုမေးကြည့် ရသေးတယ်။ ကိုပီဇီကတော့ တားရှာပါသေးတယ် မလုပ်ဖို့အကြောင်း သို့သော်လည်းတဲ့ပေါ့လေ ကိုယ်က သတိလက်လွတ် လုပ်ပြီးသွားပြီဆိုတော့ ရင်တထိတ်ထိတ်နဲ့ဘဲ ဆိုင်ထဲက ပြန်ထွက်ခဲ့ရပါကြောင်း။ ဆိုင်က ကောင်မလေးတွေ မလုပ်ထားပါစေနဲ့ဘဲ ဆုတောင်းရတော့ တာပေါ့ဗျာ။