Tag: Bokeh Kit

DIY-Bokeh Kit

မရေးတာ ကြာပြီဖြစ်တဲ့ ဘလော့ကို ယနေ့တော့ DIY လေးတစ်ခုနဲ့ ပြန်လည် အသက်သွင်းချင်ပါတယ်။ ခုတစ်လော မဒမ်ဒီဘီက အရင် ၆ရက်အလုပ်ကနေ၊ ၅ရက်အလုပ်ကိုပြောင်းလိုက်တော့ အရင်လို စနေတစ်ရက် ကိုးကျင်းကိုးကြောင်း လျှောက်သွားပြီး ဓာတ်ပုံမရိုက်ဖြစ်တာလဲ တော်တော်ကြာသွားပါပြီ။ အိမ်ထဲမှာလဲ လိုက်ရိုက်စရာ အတော်ကုန်နေပါပြီ။ အဲဒါနဲ့တစ်ရက်တော့ အင်တာနက်မှာ Bokeh အကြောင်းတွေ လျှောက်ဖတ်ကြည့်နေရင်းနဲ့ Bokeh Master Kit ဆိုတာလေး သွားတွေ့တော့၊ လုပ်ကြည့်ရင် ဖြစ်နိုင်တာနဲ့ ကိုယ့်ဘာသာ စမ်းသပ်ကြည့်ဖို့ စိတ်ကူးရသွားပါတယ်။ အင်တာနက်ကနေ ဝယ်ရင် ၁၅ဒေါ်လာ လောက်ပေးရမှာဖြစ်ပေမယ့် ကိုယ့်ဘာသာလုပ်ရင် သက်သာနိုင်တာရယ်၊ ပစ္စည်းမှာရင် ရောက်ဖို့စောင့်ရတဲ့အချိန် မလိုတော့တာရယ်ကြောင့် DIY Project အဖြစ် စမ်းသပ်ကြည့်ဖို့ အကြံရသွားပါတယ်။

အဲဒါနဲ့ပဲ Popular ကိုသွားရပါတယ်၊ စက္ကူအမည်း ခပ်ထူထူတစ်ကဒ်ဝယ်ပါတယ်၊ စက္ကူညှပ်ဖို့ ကပ်ကျေးခပ်သေးသေးတစ်လက်ဝယ်တယ်။ စာရွက်က ၁.၇ဝနဲ့ ကပ်ကျေးက ၁.၂ဝ ဒေါ်လာပဲ ကုန်ကျပါတယ်။

အင်တာနက်ကနေ ရောင်းနေတဲ့ Bokeh Kit က အပေါ်ကပုံအတိုင်း အတွဲလိုက်၊ မှန်ဘီလူးမှာ တပ်ရမယ့် အထိုင်ရယ်၊ ပုံဖေါ်ပေးမယ့် Template စာရွက်ကလေးတွေရယ်ပါ။

Popular က စာရွက်အမည်းတစ်လိပ် ဝယ်ပြီးအိမ်ပြန်ရောက်တော့ အိမ်ကအင်ဂျင်နီယာမိန်းမကို အပူကပ်ရပါတယ်။ ကိုယ်ဒီလိုဒီလို ပုံလိုချင်တယ်ပေါ့၊ ဆိုပြီး ပုံကြမ်းဆွဲပြ၊ မှန်ဘီလူးထိပ်ဝ အတိုင်းအတာတွေပြောပြနဲ့ သူက AutoCAD နဲ့ဆွဲပေးပါတယ်။ အစက ကိုယ်တိုင်ဆွဲမယ်ဆိုပြီး ထောက်ချွန်တွေဘာတွေတောင် ဝယ်လာခဲ့သေးတာ၊ အိမ်ရောက်တော့ ကျောင်းတုန်းက မယူမနေရယူလာတဲ့ ပုံဆွဲပညာရပ်ကလဲ ခပ်မေ့မေ့ဆိုတော့ သူ့ပဲအကူအညီတောင်းလိုက်ရပါတယ်။ ကျွမ်းကျင်ရာ လိမ္မာဆိုသလိုပါပဲ သူ့ကျတော့လဲ ဆွဲလိုက်တာ မြန်ပါ့။

ပုံပါအတိုင်း ပုံကြမ်းရလာတော့ ကပ်ကျေးနဲ့ကိုက်၊ အဲဒီပုံစံအတိုင်း စက္ကူကပ်ထူအမည်းပေါ်မှာ တင်ပြီးခဲနဲ့အရာပေး ကပ်ကျေးနဲ့ထပ်ကိုက်လိုက်တာ လိုချင်တဲ့ပုံရသွားပါတယ်။ လောလောဆယ်တော့ ခပ်လွယ်လွယ် ကြယ်ပုံနဲ့ အသည်းပုံနှစ်ခု လုပ်ကြည့်လိုက်တယ်။

ကင်မရာမှာ တတ်တာကတော့ ပုံပါအတိုင်းပေါ့။ (ဒီဓါတ်ပုံက Lifehacker မှာပြထားတဲ့ ပုံကိုယူထားတာပါ။)

ဖြတ်ညှပ်ပြီးသွားတော့ ကိုယ်သုံးမယ့် မှန်ဘီလူးမှာ တတ်ကြည့်ပါတယ်။ ပထမက အလယ်ကပုံဖော်ထားတာကို ခပ်သေးသေးညှပ်မိလို့ အဆင်မပြေတာနဲ့ ခပ်ရွယ်ရွယ်ထပ်ညှပ်ရပါသေးတယ်။ အားလုံးပြီးသွားတော့ လူကစိတ်သိပ်လှုပ်ရှားနေပါပြီ။ ရိုက်ကြည့်ချင်နေပြီ၊ စမ်းရိုက်ကြည့်နေချင်ပြီလေ၊ မတားပါနဲ့တော့ ထမင်းစား စားပွဲမှာထိုင်လုပ်နေတုန်း ထမင်းစားမယ်လို့ ဆော်သြတာတောင် လှည့်မကြည့်ပါဘူး။

စမ်းရိုက်ကြည့်ဖို့အတွက် နောက်ခံမီးရောင် သုံးလေးပွင့်လိုပါတယ်၊ ဒါနဲ့ ပုလင်းပေါ်မှာ ဖယောင်းတိုင် သုံးတိုင်တင်ထွန်းပြီး ဆက်တင်ကို စိတ်တိုင်းကျ ဆင်လိုက်ပါတယ်။

အသည်းပုံ။

ကြယ်ပုံ။

ခပ်မည်းမည်းသောကြာတစ်ရက်မှာ သူများတွေ အပြိုင်အဆိုင် အပြေးအလွှား အလုအယက် ဈေးဝယ်နေကြချိန်မှာ ကျွန်တော်ကတော့ DIY လေးနဲ့ ချွေတာရေးလုပ်ရင်း။

Tags :