Tag: ဧပရယ်ဖူးလ်

ဧပရယ်ဖူး ..သိပ်ဆိုးတယ်

အဟမ်း .. မကြောက်ပါနဲ့။ ဒီတစ်ခါတော့ ဆင်ဆာလွတ်တာဘဲရေးမှာပါ။ ဒါပေသည့် နာမည်ကိုတော့ လှတပတလေးဘဲပေးထားလိုက်တယ်။ ယုန်ထင်ကြောင်ထင် ထင်နေအောင်လို့။ အမှန်ဖြစ်ရမှာက ဧပြီဖူးလ်။ သို့သော်လည်း ဒီရက်ရောက်ရင် လူတွေက သူ့အတွက်နဲ့ အင်မတန်ရူးကြတာဆိုတော့ သူ့ကိုနာမည်လှလှလေးပေးထားတဲ့ ကောင်မလေးတစ်ယောက်လို ခံစားကြည့်တာပါ။ သြော် ဧပရယ်ဖူး သိပ်ဆိုးတယ်ကွယ်။

မနေ့ကထဲက သေချာတယ် ဒီနေ့မှာတော့ အမျိုးမျိုးချောက်ချတော့မှာဘဲဆိုပြီး သတိအနေအထားနဲ့ စောင့်နေတယ်ဆိုလဲ မမှားဘူးပေါ့ဗျာ။ ကိုယ်လဲ ဘာချောက်ချရင်ကောင်းမလဲ မနေ့ညက စဉ်းစားသေးတယ်။ နောက်ဆုံးတော့ သူများဘာတွေလုပ်မလဲ စောင့်ကြည့်တော့မယ် ဆိုပြီးတော့ အိပ်လိုက်တယ်။

မနက်မိုးလင်းတော့ ဘယ်သူတွေအသစ်တက်လဲ ဖတ်ကြည့်လိုက်တော့ အင်မတိ အင်မတန် သတိထားတဲ့ကြားထဲက ဝမ်းမြောက်စရာ သတင်းကောင်းများ ဆိုတာနဲ့ စဖွင့်လိုက်တယ်။ ပါသွားတယ် တစ်ဝက်လောက်အထိ။ သံပါတ်တင်းထားတဲ့ သတိက ဟေ့ရောင်ဆိုတော့ နေပါဦးကွာ ဒါဖြစ်နိုင်တယ်ဆိုပြီး ဆက်ဖတ်တယ်။ အောက်ဆုံးမှာ အရူးလုပ်တာလို့ မရေးလိုက်ရင် တော်တော်လှမယ်။ မျက်နှာမသစ်ရသေးဘူး ဈေးဦးပေါက်ခံလိုက်ရပြီ။

ဒီလိုနဲ့ ရုံးရောက်သွားတော့ အလုပ်လေးဘာလေး လုပ်နေတုန်း SMS ဝင်လာသေးတယ်။ ရန်ကုန်က ဘဘကြီး မာလကာသီးစားလို့တဲ့။ ဘီဘီစီ သတင်းမှာပါဆိုဘဲ ဒါကတော့ မဖြစ်နိုင်သေးဘူး။ ဆန္ဒတွေ စောနေကြတာနေမှာ (အဟီး)။ ငါးခူပြုံးလေးပြုံးလိုက်တယ်။ ဒီလိုနဲ့ လွတ်သွားတယ်တစ်ခု။

Read more

Tags :