Tag: ရေဆိုးပိုက်

ရေလျှံတယ်

အလည်လွန်ပြီး ပျော်ရွင်ကြည်နူးနေကြတဲ့ လင်မယားတစ်စုံကို တစ်စုံတစ်ရာသော ကံကြမ္မာက စီရင်ချက်တစ်ခု ချလိုက်ပါတယ်။  အကျိုးတစ်စုံတစ်ရာ ဖြစ်ပေါ်လာဖို့ အရင်းခံတဲ့ အကြာင်းအရာတစ်ခုမှာ အိမ်မှာနေတဲ့ ကောင်မလေးတစ်ယောက်က ဇတ်လိုက်အဖြစ် ပါဝင်ကပြခဲ့ပါတယ်။ သူသိပ်ရက်စက်တယ်လို့ အပြစ်ပြောဖို့ နောက်ကျသွားပါပြီ။ ဘာလို့ဒီလောက် နမော်နမဲ့လုပ်ခဲ့ရလေသလဲလို့ တွေးရင်းတွေးရင်း ဒေါသတွေထွက်လာခဲ့တယ်။ ဒါပေမယ့် တို့တွေနောက်ကျခဲ့ပါပြီ၊ ကိုယ်တို့တွေ နေက်ကျသွားခဲ့ပါပြီလေ။

လွန်ခဲ့တဲ့ တစ်ပါတ်လောက်ကပေါ့၊ ဒီအဖြစ်အပျက်ကြီး ဖြစ်ပေါ်လာဖို့အတွက် အရင်းခံတဲ့ သဲလွန်စတစ်ခုတော့ တွေ့ခဲ့ပါသေးတယ်။ သဲလွန်စဟာ သဲလွန်စသာဖြစ်လို့ ဒီလောက်အထိကြီးမားလာမယ်လို့လဲ မထင်မိတာဟာ ပေါ့ဆမှုတစ်ခုဆိုရင်လဲ မမှားပါဘူးလေ။ ကွေ့ဝိုက်ပြီး ပြောမနေတော့ပါဘူးလေ အဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့ ၂ရက်လောက်က မီးဖိုချောင်ထဲ ရေဆိုးလျှံပါတယ်၊ ဆေးသမျှရေ အောက်မဆင်းသွားဘဲ မီးဖိုချောင် ကြမ်းပြင်ပေါ်ကို အောက်ကရေ ပြန်တက်လာပါတယ်။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုလဲ ဖြစ်နိုင်ပါတယ်။ အဲဒီနေ့က ထမင်းအပီအပြင်ဆွဲအပြီးမှာ နှပ်မလို့ကြံစည်နေတုန်း မီးဖိုချောင်ဆီမှ ဆူညံပူညံအသံတွေထွက်လာလို့ ကြည့်မိလိုက်တော့ ရေလျှံနေတယ်။

ပထမဦးဆုံး တတ်သလောက် မှတ်သလောက် တုတ်တစ်ချောင်းနဲ့ ဟိုထိုးဒီထိုးလုပ်ကြည့်တယ်၊ ချိတ်ပြီးဆွဲကြည့်တယ် ပါလာတယ် နွားနို့အပျက်အခဲတွေ၊ အဲဒီမှာမှ လွန်ခဲ့တဲ့အပါတ်က မြင်ခဲ့တဲ့ သဲလွန်စကို သတိရသွားတယ်။ ကြည့်ရတာ နွားနို့တွေပျက်သွားတော့ ဗူးလိုက်မလွန့်ပစ်ဘဲ နို့အပျက်တွေကို Basin ထဲလောင်းထည့်ပြီး သွန်ခဲ့ပုံပေါ်တယ်။ Basin က Filter မှာဒိန်ချဉ်လို ဒိန်ခဲ အစအနတွေကပ်နေလို့ သေချာဆေးလိုက်ရသေးတာ။ တော်သေးတယ် အိမ်မှာ နွားနို့သောက်တာ အဲဒီတစ်ယောက်ထဲရှိတော့ သူ့ဘဲချက်ချင်းမေးလိုက်တယ်၊ သူနဲနဲဘဲသွန်တာပါတဲ့၊ ဒါပေမယ့် ကလော်ထုတ်လိုက်သမျှမှာ ထွက်ထွက်လာတာက ဒိန်ခဲအတုံးတွေ အတုံးတွေ။

အိမ်မှာ ပစ္စည်းအစုံအလင်မရှိလို့ အောက်ဆင်းပြီး လက်အိပ်၊ စုပ်ခွက်ပါတဲ့ ထိုးချတဲ့တုတ်တံ၊ Kleen သန့်စင်ဆေးမှုန့် စတာတွေဆင်းဝယ်တယ်၊ ဖြစ်တာကလဲ ညအချိန်မှဆိုတော့ သန့်ရှင်းဖို့လူခေါ်ရင် မတန်တဆတောင်းမှာလဲ စိုးတာရယ်နဲ့ တတ်နိုင်သလောက် လျှောက်လုပ်ကြည့်တယ်၊ ဆေးမှုန့်ဖြူးဖို့ရာမှာလဲ အညွှန်းက ရေကုန်မှဖြူးပါဆိုတော့ ခက်နေတယ်။ ရေကလုံးလုံးမဆင်းတော့ဘူးလေ။

ပုံကိုဒီကယူပါတယ်။ http://renovation-greencoal.blogspot.com/2010/04/do-dont-sometimes-toilet-bowl-gets.html

နောက်ဆုံးတော့ လက်မြှောက်ပြီး ဆေးမှုန့်တွေ ရေထဲပစ်ထည့် မနက်ရောက်မှဘဲ ကြည့်တော့မယ်ဆိုပြီး ပစ်ထားခဲ့ရတယ်။ မနက်ရောက်တော့ ရေနဲနဲဆင်းသွားပြီ၊ ဒါပေမယ့် ရေလောင်းချကြည့်တော့ ရေပြန်တက်လာတယ်၊ ဒါနဲ့ရုံးအသွားမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ပြီး ကြော်ငြာစာရွက်တစ်ခုမယ် ပိုက်ပြင်တယ်၊ ပိုက်ပိတ်တာတွေ လုပ်ပေးတယ် ရေးထားတာတွေ့တာနဲ့ ဖုန်းခေါ်ကြည့်တယ်၊ နောက်ဆုံးတော့ လူခေါ်ရတော့တာပါဘဲ။ 

ညနေရောက်တော့ တတ်ကျွမ်းတဲ့ အဖိုးကြီးတစ်ယောက် ရောက်လာတယ် ဇွပ်ဇွပ်ဆိုပြီးတော့ သူ့ရဲ့စုတ်ခွက်ပါတဲ့ တုတ်ရှည်နဲ့ လေးချက်လောက် ထိုးချလိုက်တာ ရေတွေဆင်းပါလေရောဗျာ။ ကနဦးဖုန်းဆက်တုန်းက Standard $80 ပေးရမယ်ဆိုလို့သာ၊ သူ့ကျွမ်းကျင်မှုနဲ့ သူမို့သာပေးရတာ၊ ညကဆိုရင် ကိုယ့်မှာချွေးတွေပြန်ပြီး ပင်ပန်းလိုက်တာ။ နောက်ဆုံးတော့ ပိုက်ပိုက်ထွက်သွားမှဘဲ အေးတော့တာပါဘဲ။

လူပိန်းအတွေးနဲ့ဆိုရင်တော့ အဲဒီရေဆင်းပိုက်ကို ပုံမှာပါတဲ့အတိုင်း ကောက်ကောက်ကွေးကွေးမလုပ်ထားဘဲ ခပ်လျောလျောလေး လုပ်ထားလိုက်မှာ ဒါဆို ပိတ်စရာမရှိတော့ဘူးပေါ့။ အဲဒါနဲ့ စိတ်ဝင်စားလို့ အင်တာနက်မှာ လိုက်ရှာကြည့်တာ၊ မှတ်သားမိတာတစ်ခုကတော့ တစ်ပါတ်ကို တစ်ခါ(သို့)နှစ်ခါ ရေနွေးပူတစ်ကရားလောက် Basin ထဲ၊ ရေဆင်းပိုက်ထဲ လောင်းထည့်ပေးချင်းအားဖြင့် ပိုက်ထဲမှာရှိတဲ့ ဆီချေး၊ ဂျေးညှော်အဆီခဲ စတာတွေ ပျော်ဆင်းနိုင်ပြီး၊ ပုံမှန်သန့်ရှင်းပြီးသား ဖြစ်တယ်လို့ မှတ်သားရပါကြောင်း။

Tags :