Tag: ခရီးဖော်

ကြင်ဖော်​ကြင်​ဖက်

အသွင်တူ ၏ မ​တူ​၏​လို့ မေး​လာ​ကြ​ရင်​တော့ အသွင်တူ​လို့​လဲ အိမ်ထောင်​ဖက်​ဖြစ်​နိုင်​သ​လို မ​တူ​တဲ့​အသွင်​များ​ကြောင့်​လဲ တစ်​ဦး​ကို​တစ်​ဦး စိတ်ဝင်စား​မှု ပိုမို​များပြား​စေ​နိုင်​ပါ​တယ်။ ကျွန်တော်​တို့​နှစ်​ယောက်​မှာ​လဲ တူညီ​တဲ့​အကျင့်​စရိုက်​ကလေး​တွေ​ရှိ​သ​လို မ​တူညီ​ကွဲပြား​တဲ့ အကျင့်​စရိုက်​ကလေး​တွေ​လဲ ရှိ​ကြ​ပါ​တယ်။

ကျွန်တော် တို့​နှစ်​ယောက်​စလုံး ကိုယ့်​မိသား​စု​တွေ​မှာ အငယ်​ဆုံး​တွေ​ဖြစ်​ကြ​ပါ​တယ်။ ဒါ​ကြောင့်​မို့ အကြောင်း​တိုက်ဆိုင်​လာ​တိုင်း​မှာ အနိုင်​ယူ​ချင်​စိတ်​ကလေး​တွေ ရှိ​နေ​ပါ​သေး​တယ်။ အထူးသဖြင့် အိမ်ထောင်ကျ​ခါ​စ​မှာ ကျွန်တော်​တို့ အမြဲ​တမ်း တ​ကျက်​ကျက် ရန်​ဖြစ်​ကြ​ပါ​တယ်။ ဖြစ်​လိုက်​ရင်​လဲ ဘာ​မှ​မဟုတ်​တဲ့ ကိစ္စ​လေး တစ်​ခု​ကို အလျှော့​မ​ပေး​ကြ​ဘဲ အနိုင်​ယူ​ချင်​ကြ​တာ​ကြောင့် ဖြစ်​ရ​တာ​များ​ပါ​တယ်။ အိမ်ထောင်​သက်​ကြာ​လာ​တာ​နဲ့​အမျှ အဲ​ဒီ​စကား​များ ရန်​ဖြစ်​ရ​တဲ့ ကိစ္စ​ကို အပို​အလုပ်​လို့ မြင်​လာ​တဲ့​အတွက် တတ်နိုင်​သ​မျှ ရန်​မ​ဖြစ်​ရအောင် နှစ်​ဖက်​လုံး​ထိမ်း​ကြ​ပါ​တယ်။

အထူးသဖြင့် ကျွန်တော်​က စိတ်တို​စိတ်ဆတ်​လွယ်​တဲ့​သူ​ဖြစ်​လို့ ကျွန်တော်​က​သာ အရင်​စိတ်​မ​တို​ဖြစ်​အောင် ထိမ်း​ရ​တာ​များ​ပါ​တယ်။ သူ​ကတော့ တစ်​ခု⁠ခု​ဆို မှား​ရင် ဝန်​မ​ခံ​တတ်​ပါ​ဘူး၊ သူ​ရဲ့ သူ​မှား​သွား​ကြောင်း အသိ​အမှတ်ပြု လက်ခံ​တဲ့​အနေ​နဲ့ ကျွန်တော်​စိတ်တို​လို့ တ​တွတ်⁠တွတ်​ပြော​နေ​ရင် ငြိမ်​ခံ​နေ​တဲ့​နည်း​နဲ့ သူ​က​ထိမ်း​သွား​ပါ​တယ်။ ကျွန်တော်​က စိတ်တို​လွယ်​ပေ​မယ့် ပြီး​သွား​တဲ့​အခါ​မှာ စိတ်​ထဲ​မ​ကျန်​တော့​လို့ တစ်​ခါ​တစ်​လေ သူ​များ​နဲ့ အဆင်​မ​ပြေ​ဖြစ်​လို့ ပြောဆို​ပြီး​ကြ​ရင် ငါ​ပြော​တာ လွန်သွား​သလား​ဆို​ပြီး အမြဲ​ပြန်​တွေး​တတ်​တဲ့​လူ​ပါ။ သူ​ကတော့ စိတ်တို​ခဲ​ပြီး​တော့ စိတ်​ထဲ​အဆင်​မ​ပြေ​တာ ရှိ​လို့​ကတော့ ဖွဲ့​နွဲ့​ပြီး ရန်တွေ့​တတ်​တဲ့​လူ​မျိုး​ပါ။ စည်​ကာ​ပတ်​ကုံး ရှေး​ဟောင်း​နှောင်း​ဖြစ်​တွေ ပြန်ဖော်​တတ်​ပြီး​တော့ တဖက်​သား​ကို ပြန်လှန်​လို့​မ​ရအောင် ဖွဲ့⁠ဖွဲ့​နွဲ့​နွဲ့ ပြောဆို​တတ်​ပါ​တယ်။ သူ​စိတ်ကုန်​တယ်​ဆို​ရင်​တော့ တစ်​လုံး​မှ ပြန်​မ​ပြော​ဘဲ မှင်​သေ⁠သေ​အကြည့်​နဲ့ ပြန်​ကြည့်​နေ​တတ်​တာ သူ​အကျင့်ပါ။ သူ​စိတ်ကုန်​သွား​ရင်​တော့ အဲ​ဒီ​လူ​ကို ဘယ်​တော့​မှ မိတ်ဆွေ​အဖြစ် ပြန်​မ​ဖွဲ့​တော့​တတ်​တဲ့​လူ​မျိုး​ပါ။ ကျွန်တော်​ကတော့ အမှတ်​မ​ရှိ လမ်း​မှာ​တွေ့​ရင် အနဲ​ဆုံး ပြုံး​ပြ နှုတ်ဆက်​တတ်​သေး​တာ​ပါ။

စိတ်တို လွယ်​သူ​က ကျွန်တော်​ဖြစ်​ပေ​မယ့် အိမ်​မှာ ဟာ​သ​အများ​ဆုံး​ပြော​တတ်​သူ​က​လဲ ကျွန်တော်​ဘဲ ဖြစ်​နေ​ပြန်​ပါ​တယ်။ စကား​အများ​ဆုံး​လူ​က သူ​ဖြစ်​နေ​တတ်​ပြီး​တော့ သူ​ပြော​သ​မျှ အင်း​ခတ်​ပြီး နားထောင်​ရ​သူ​က ကျွန်တော်​ပါ။ တစ်​နေ့​တစ်​နေ့ ရုံး​က​ပြန်​ရောက်​ရင် တစ်​နေ့​တာ ရုံး​က အတွေ့​အကြုံ​တွေ ပြော​ပြ​တတ်​တာ​ဟာ​လဲ သူ့​အကျင့်ပါ​ဘဲ။ သူ့​ရုံး​ကလူ​တွေ​ကို လူ​သာ မ​မြင်​ဘူး​တာ နာမည်​တွေ​တော့ အမြဲ​အလွတ်​ရ​နေ​ပါ​ပြီ။ ကျွန်တော်​နဲ့ ပေါင်း​ပြီး​တဲ့​နောက်​မှာ သူ့​ရဲ့ ဟာ​သ​ဥာဏ်​ဟာ တိုးတက်​လာ​တယ်​လို့ ပြော​လို့​ရ​ပါ​တယ်။ 

သူ့ မှာ လက်ချိုး​ရေ​လို့​ရ​တဲ့ မိတ်ဆွေ​ရင်း​တစ်​ချို့​သာ​ရှိ​ပြီး (ကျွန်တော်​နဲ့ ပါတ်​သက်​ပြီး​သိ​တာ​က​လွဲ​ရင်) ကျွန်တော့်​မှာ​တော့ လူ​တောင်​မ​မြင်​ဖူး​သေး​တဲ့ မိတ်ဆွေ​တွေ​အပါအဝင် မိတ်ဆွေ အပေါင်းအသင်း​များ​ပါ​တယ်။ ကျွန်တော်​က ရွယ်​တူ​လဲ​ပေါင်း​သ​လို ငယ်​တဲ့​လူ​တွေ​နဲ့​လဲ အလွမ်း​သင့်​သေး​တဲ့​အတွက် အရွယ်​ပေါင်း​စုံ​နဲ့ ပေါင်း​တတ်​ပြီး​တော့ သူ​ကတော့ ကျွန်တော်​နဲ့ ပါတ်​သက်​ပြီး​မှ​သာ အသိမိတ်ဆွေ ထပ်​တိုး​ရ​တာ​များ​ပါ​တယ်။ သို့သော် အပေါင်းအသင်း​ကံ​ကြ​တော့ သူ​က ကျွန်တော့်​ထက်​ပို​ကောင်း​ပါ​တယ်။ သူ့​မှာ​ရှိ​တဲ့ လက်ချိုး​လို့​ရ​တဲ့ အရေအတွက်​မိတ်ဆွေ​ရင်း​ဆို​တာ​ဟာ သူ​နဲ့​ခု​ချိန်​အထိ မိတ်​မ​ပျက်​ကြ​သ​လို ဒုက္ခ​ပေး​တယ်​လို့​လဲ တစ်​ခါ​မှ​မ​ကြား​ဖူး မ​ရှိ​ဖူး​ပါ​ဘူး။ ကျွန်တော့်​မှာ​တော့ ကျွန်တော့်​ဇာတ်​လမ်း​များ​ဟာ သူ့​အတွက် အမြဲ​ရသ အမျိုး​မျိုး​ပေး​တတ်​ပါ​တယ်။

ကျွန်တော်ဟာ တစ်​ခု⁠ခု​ဆို ထိခိုက်​ရှ​တ​လွယ်​တတ်​သ​လောက် သူ​ကတော့ အသည်း​မာ​တယ်​လို့ ပြော​ရ​မ​လို​ပါ​ဘဲ။ စိတ်​ထဲ​ဘာ​မှ ကြာရှည်​မ​ထား​တတ်​တဲ့​လူ​မျိုး​ပါ။ အလုပ်​မှာ​ရုံး​မှာ တက်​နင်း​ပြီး ကျော်​ခွ​တက်​ချင်​တဲ့​လူ​မျိုး​တွေ​နဲ့ ကြုံ​ရ​ရင် ကျွန်တော်​က လုပ်ရက်​ကြံ​ရက်​လေ​ချင်း​လို့ ဝမ်းနည်း​နေ​တတ်​ပေ​မယ့် သူ​ကတော့ အဲ​လို​မ​ဖြစ်​အောင်​နေ​တတ်​သူ​ပါ။ ရံ​ဖန်​ရံ​ခါ ကျွန်တော့်​ကို​တောင် အကြံပေး​တတ်​ပါ​သေး​တယ်။ ဥ​လဲ​ဥ တွန်​လဲ​တွန် ဆို​တာ သူ့​ရဲ့ လက်သုံး​စကား​တစ်​ခု​ပါ။

ကျွန်တော် တို့​နှစ်​ယောက်​စလုံး စည်း​စနစ်​သိပ်​ကြ​တဲ့​လူ​တွေ​တော့ မဟုတ်​ကြ​ပါ​ဘူး။ အရင်​လူ​လွတ်​တုန်း​က သူ​ဘယ်​လို​ဖြစ်​သန်း​လာ​တယ် မ​သိ​ရ​ပေ​မယ့် အိမ်ထောင်ကျ​တဲ့ အခါ​မှာ​တော့ အိမ်ထောင်​ဦးစီး​ဆို​ပြီး ကျွန်တော့်​ကို​သာ ဦးစီး​ခိုင်း​ပါ​တော့​တယ်။ စာ​ရွက်​စာ​တမ်း သိမ်​ဆည်း​တာ ရှာဖွေ​တာ​က​အစ ကျွန်တော့်​တာဝန်​ပါ။ စည်း​စနစ်​မ​ကျ​တဲ့ ကျွန်တော်​က အသိမ်း​အဆည်း​မှား​ရင်​တော့ သူ့​ဆီ​က​အကူအညီ မ​ရတတ်​ပါ​ဘူး။ စိတ်​အေးအေး​ထား​ရှာ​ပေါ့ ဆို​တာ​လောက် အား​ပေးဖေါ်​ရ​လို့ ကြံဖန်​ကျေးဇူးတင်​ရ​ပါ​သေး​တယ်။ ကျွန်တော့်​ရဲ့ လက်သုံး​စကား​က ပစ္စည်း​တစ်​ခု တစ်​နေရာ​ရာ​မှာ ကျနေ​ရင် ပြန်​မ​ကောက်​ထား​ပါ​ဘူး။ နေရာ​မှတ်ထား​တယ်​လို့ ပြော​တတ်​ပါ​တယ်။ ပြော​တဲ့​အတိုင်း​ဘဲ အဲ​ဒီ​ပစ္စည်း​လို​ပြီ​ဆို အဲ​ဒီကျ​နေ​တဲ့ နေရာ​ကို ချက်ချင်း​မှတ်မိ​ပါ​တယ်။ တစ်​ယောက်⁠ယောက်​က နေရာ​ရွှေ့​မ​ထား​လို့​ကတော့ ပြန်​ရှာ​တွေ့​ပါ​တယ်။ ဖုန်​လေး​ဘာ​လေး​သုတ်​ပြီး လို​ရာ​သုံး​တော့​ပေါ့။ တစ်​ခါ​တစ်​လေ သူ​အိမ်​ရှင်း​လို့ နေရာ​တွေ​လွဲ​ကုန်​ရင်​တော့ ရှာ​ရ​ခက်​ပါ​ပြီ။ အဲ​ဒါ​ကြောင့်​လဲ သူ​အိမ်​ရှင်း​ရင် ကျွန်တော်​ပါ​ရ​ပါ​တယ်။ ကူညီ​လုပ်​ပေး​ဖို့​မဟုတ်​ပါ​ဘူး သူ​မေး​တဲ့ ဒီ​ဟာ​လေး လွှတ်​ပစ်​ရ​မ​လား၊ ဘယ်​နေရာ​ရွှေ့​ရ​မ​လဲ စ​တာ​တွေ ဖြေ​ပေး​ဖို့​ပါ။ ဒါ​မှ ကျွန်တော်​လဲ ပစ္စည်း​ရဲ့​နေရာ​သစ်​ကို ပြန်​မှတ်​နိုင်​မယ်​လေ။ .. :P

အစားအသောက် မှာ ကျွန်တော့်​အတွက် ကြိုက်​တာ​ရယ် ပို​ကြိုက်​တာ​ရယ် နှစ်​မျိုး​သာ​ရှိ​ပြီး သူ​ကတော့ တော်တော်​အစား​ရွေး​ပါ​တယ်။ သူ့​ကို​အစမ်း​ကျွေး​ကြည့်​တာ​တွေ​မှာ သူမ​ကြိုက်​လို့​ကတော့ နှမြော​တာ​နဲ့ ကျွန်တော်​ချည်း စား​ရ​တာ​ပါ​ဘဲ။ သူ​က အိမ်​ထမင်း​အိမ်​ဟင်း​သာ ခုံမင်​လွန်း​သူ​ဖြစ်​ပြီး​တော့ ကျွန်တော်​ကတော့ ဘယ်​မှာ​ကြုံ​ကြုံစား​တတ်​သူ၊ စား​ချင်​သူ​ပါ။ မ​ကြုံ⁠ကြုံ​အောင်​လဲ တောင်း​ဆို​တတ်​ပါ​တယ်။ အပြင်​မှာ​စား​ရင်​တော့ သူ​စား​နိုင်​တာ တစ်​မျိုး​နှစ်​မျိုး​ထက်​ပို​ပြီး ရှာဖွေ​မ​စား​တတ်​ပေ​မယ့် ကျွန်တော်​ကတော့ အကုန်​စမ်း သပ်​စား​သောက်​တတ်​ပါ​တယ်။ ယေဘူယျ​ကြည့်​ရင် သူ​က စိစစ်​နှမြော​တတ်​သ​လို​ရှိ​ပေ​မယ့် ကျွန်တော်​ကတော့ လက်​ဖွာ​တတ်​တဲ့ အမျိုး​ပါ။ အရင်​က​ဆို မြန်မာ​ပြည်​က အလုပ်​လာ​ရှာ​တဲ့ သူငယ်ချင်း တစ်​ယောက်​ယောက် ရောက်​နေ​ပြီ​ဆို အမြဲ​အပြင်​မှာ ထ​မင်းခေါ်ခေါ်​ကျွေး​တတ်​တာ ကျွန်တော်​ပါ။ သို့သော် ကျွန်တော်​ကျွေးမွေး​နေ​တာ​ကို တား​မ​ရ​လို့​သာ ကြည့်​နေ​ရ​ပေ​မယ့် ကျွန်တော်​က ကျွေး​ပြီး⁠ပြီး​တာ ဖြစ်​ပေ​မယ့် ကြုံ​ရင်​ကြုံ​သ​လို ကျွန်တော်​က မိတ်ဆွေ​တွေ​ကို အဲ​လို​ကျွေးမွေး ဂရုစိုက်​တတ်​တယ်​ဆို​တဲ့ အကြောင်း​ကို မ​မော​မ​ပန်း ပြော​တတ်​တာ​က သူ​ပါ။ ကျွန်တော့်​မှာ တစ်​ခါ​တစ်​လေ မ​နေ​တတ်​လို့ ဟန့်​ရ​ပါ​သေး​တယ်။ သူ​က​လဲ ဖွဲ့​နွဲ့​ပြော​တတ်​တဲ့​သူမ​ဟုတ်​လား .. စဉ်းစား​သာ​ကြည့်ပါ​လေ။

သို့ သော်လည်း အလှု​အတန်း​လို​ဟာ​မျိုး​မှာ​ကြ​တော့ လက်​တွန့်​နေ​တတ်​တဲ့​သူ မဟုတ်​ပါ​ဘူး။ အဲ​ဒီ​နေရာ​မှာ​တော့ နှစ်​ယောက်​စလုံး လက်​ညီ​ကြ​ပါ​တယ်။ သူ​က အလှု​မှတ်တမ်း​စာအုပ်​ကလေး​တစ်​အုပ်​လုပ်​ပြီး ကျွန်တော်​တို့ ရံ​ဖန်​ရံ​ခါ စိတ်ညှို​နွမ်း​နေ​တဲ့ အခါ​မျိုး​မယ် အဲ​ဒီ​အလှု​မှတ်တမ်း​လေး​တွေ ဖတ်⁠ဖတ်​ကြည့်​ကြ​ပြီး စိတ်​ကြည်လင်​အောင် လုပ်​ယူ​တတ်​ကြ​ပါ​တယ်။

ကျွန်တော် က လူ​ပေါင်း​စုံ အရွယ်​ပေါင်း​စုံ​နဲ့ ပေါင်း​တဲ့​အတွက် ခေတ်​မှီ​တယ်​လို့ ပြော​လို့​ရ​ပေ​မယ့် သူ​ကတော့ နဲ⁠နဲ​ရိုး​ပါ​တယ်။ ပွင့်​ပွင့်လင်း​လင်း​ပြော​ရ​ရင် ခေတ်​မ​မှီ​ဘူး​ပေါ့။ သို့သော်​လည်း ကျွန်တော်​က အိမ်​မှာ အမြဲ​ပြော​ပြ​တတ်​တဲ့​အတွက် လိုက်​လို့​မှီ​နေ​ပါ​သေး​တယ်။ ကျွန်တော်​ကတော့ ဘာ​ဖြစ်​ဖြစ် ဖတ်​တတ်​ပြီး မေ့​လွယ်​ပျောက်​လွယ်​ပေ​မယ့် သူ​ကတော့​ဖတ်​ပြီး​ရင် သတိရ​နေ​တတ်​သူ​ပါ။ ကျွန်တော်​ဖတ်​ရ​မှာ ပျင်း​တဲ့​ဟာ​မျိုး​တွေ​ဆို သူ့​ဖတ်​ခိုင်း​ပြီး ပြန်​နားထောင်​ရ​တာ ကြိုက်​ပါ​တယ်။ သူ​က​လဲ ပြော​စရာ​ရှာ​နေ​တဲ့​သူ​ဆို​တော့ အကိုက်​ပါ​ဘဲ။ အင်​တာ​နက်​က မြန်မာ​ပြည်​ဆိုင်​ရာ​သ​တင်း​တွေ​ဆို သူ​ပြော​ပြတာ​ကို နားထောင်​ရ​တာ များ​ပါ​တယ်။ တစ်​ခါ​တစ်​လေ​တော့​လဲ ကျွန်တော်​ဖတ်​ပြီး​သား ဖြစ်​နေ​ပေ​မယ့် သူ​က​အခု​မှ​ဖတ်​လာ​ဖြစ်​လို့ အားတက်သရော ပြော​ပြတာ​မျိုးရှိ​တတ်သော်​လည်း နောင်​ပြော​မ​ပြ​တော့​မှာ စိုး​လို့ ဘာ​မှ​မ​သိ​သေး​သ​ရောင် နားထောင်​ပေး​ရ​ပါ​သေး​တယ်။ သို့သော်​လည်း ဖွဲ့​နွဲ့​နေ​လို့ တစ်​ခါ​တစ်​ရံ လိုရင်း​ရောက်​အောင် စကား​ထောက်​ရ​ပါ​သေး​တယ်။ အဲ​လို​စကား​ဖြတ်​ပြီ​ဆို​ရင်​တော့ ပြော​ရ​တာ အရသာ​မ​ရှိ​လိုက်​တာ​လို့ အမြဲ​ပြော​တတ်​ပါ​တယ်။

ကျွန်တော် သာ​လျှင် သူ့​ရဲ့​ဖက်​ရှင်​ဒီ​ဇိုင်း​နာ​ဖြစ်​တယ်​ဆို​ရင် အံ့​ဩော​ကြ​ပါ​လိမ့်​မယ်။ တစ်​သက်​လုံး သူ့​အမ​တွေ​ဆင်​တာ​ကို ဝတ်​လာ​တတ်​တဲ့​သူ​ဟာ ကျွန်တော်​နဲ့​ရ​တော့ အဝတ်​အစား​ဝယ်​ရင် ကျွန်တော့်​မျက်စိ​နဲ့ ကြည့်​လို့​လိုက်​တာ​မှ ဝယ်​ဖြစ်​ရာ​က​နေ သူ​ဖာ​သာ အဝတ်​အစား​ဝယ်​ဖို့ မ​ယုံ​ရဲ​တော့​ပါ​ဘူး။ ဝယ်​ရင်​လဲ ကျွန်တော်​ကြိုက်​တတ်​တာ​မျိုး​ကို​သာ ဝယ်​တတ်​လို့ အဆင်​ဆန်း၊ ပုံစံ​ဆန်း​ဆို​ရင် သူ​က မ​ကြည့်​တတ်​တော့​ပါ​ဘူး။ သို့သော်​လဲ​ပေါ့​လေ .. ကျွန်တော်​က မြင်​သ​မျှ​အကုန်​ကြည့်​တတ် .. အဲ​လေ လူ​ငယ်​တွေ​နဲ့ ပေါင်း​နေ​တဲ့​သူ​ဆို​တော့ မိန်​ခ​လေး​တွေ ဝတ်​တာ​စား​တာ ကိုယ့်​မျက်စိ​ထဲ​သဘောကျ နှစ်ခြိုက်​တာ​တွေ့​ရင် သူ​နဲ့​များ​လိုက်​မ​လား​လို့ တွဲ⁠တွဲ​ကြည့်​တတ်​ပါ​တယ်။ လိုက်​မယ်​ထင်​တာ​တွေ​ကို​တော့ သူ့​ကို ဝယ်​ခိုင်း​တတ်​ပါ​တယ်။ ရံ​ဖန်​ရံ​ခါ​များ​ဆို သူ​ကတောင် မ​ဝတ်​ရဲ​သေး​ပါ​ဘူး။ အတင်း​မြှောက်​ပေး​ပြီး​ဝတ်​ခိုင်း​လို့ ဝတ်​တတ်​သွား​မှ သူ​ကြိုက်​တော့​တာ​ပါ။ ရှင်​ဒါ​တွေ​ဘယ်​လို ကြည့်​တတ်​နေ​သလဲ​လို့ စိတ်ကူး​ပေါက်​လို့​မေး​လာ​ရင်​တော့ ကြည့်​ကျက်​ဖြေ​ရ​တာ​ပေါ့​ဗျာ။

သီချင်းဆို ရင်​လဲ စိုး​စန္ဒာ​ထွန်း​လောက်​အထိ​သာ ခေတ်​အမှီ​ဆုံး ကြိုက်​တတ်​တဲ့​သူ​က "နင်​နောက်ကျ​ရင် နင့်​ကို​နမ်း​မယ် .. ငါ​နောက်ကျ​ရင် ငါ့ကို​နမ်း​ပါ.." လို့ ရေချိုး​ရင်း အော်​ဆို​တတ်​ရင် ရှင်​ဘာ​တွေ​ဆို​နေ​တာ​လဲ လို့​မေး​တတ်​ပါ​တယ်။ အငဲ​ရဲ့ ရောဂါ ဆို​တဲ့ သီချင်း ခေတ်​စား​တုန်း​က ရှင်​တို့​သီချင်း​တွေ​က​လဲ မ​ထိတ်​သာ မ​လန့်​သာ​ရှိ​လိုက်​တာ နိမိတ်​မ​ရှိ န​မာ​မ​ရှိ​လို့ ပြော​တတ်​သေး​ရဲ့။ ကျောင်း​တုန်း​က ခင်​မောင်​တိုး​သီချင်း​တွေ ကျွန်တော်​ဆို​တုန်း​ကတော့ အသံ​ကောင်း​တယ်​လို့ ပြော​ဖူး​တာ​လေး တစ်​ခု​ရှိ​လို့​သာ တော်​သေး​ရဲ့။

အိမ် မှာ အား​လို့ နားနားနေနေ​ရှိ​ရင် တရား​ခွေ​ဖွင့်​ပြီး နားထောင်​တတ်​တာ​တော့ နှစ်​ယောက်​လုံး အကြိုက်​တူ​ပါ​တယ်။ ဟို​က​ဒီ​က ဆရာတော်​တွေ စုဆောင်း​လာ​တတ်​တာ​လဲ သူ​ပါ​ဘဲ။ ဓမ္မ​ဒေါင်း​လုဒ်​ဒေါ့​ကွန်း​မှာ သူတော်တော်​များ​များ နားထောင်​ပြီး​သား​တွေ​ပါ။ ကျွန်တော်​က နားထောင်​တုန်း​သာ ခေါင်း​ထဲ​ဝင်​ပြီး အသိ​တစ်​ခု​ရ​ပေ​မယ့် သူ​က အမြဲ​မှတ်မိ​နေ​တတ်​တာ​မျိုး။ သူ​များ​ကို​တောင် ပြန်​ပြီး​တရားဟော​ခြင် ဟော​နေ​တတ်​သေး​တာ​ပါ။ ခင်မင်​တဲ့ ဘုန်းကြီး​တစ်ပါး​နဲ့ စကား​စ​မြည်​ပြောဆို​ဖြစ်​ရင် သူ​က​ချည်း ရှေ့က​ပြော⁠ပြော​သွား​လို့ ဘုန်းကြီး​ကတောင် လက်မြောက်​ရ​တဲ့​သူ​ပါ။ ဥပမာ ဘုန်းကြီး​က တရား​စခန်း​လေး ဝင်​ပါ​လား .. တစ်​ခါ​မှ မ​ဝင်​ဖူး​ဘူး ဆို​တာ​မျိုး အပြစ်တင်​စကားပြော​လာ​ရင် ဖုန်း⁠ဖုန်း​ရဲ့ တရား​ထိုင်​နေ​မှ​ချည်း ကုသိုလ်​ရ​တာ မဟုတ်​ပါ​ဘူး နှလုံးသား​မှာ ဘုရားတည်​ထား​ရင်၊ တ​ရားတော်​ကို အမြဲ​နှလုံးသွင်း​ထား​ရင်​လဲ ကို​သိုလ်​ရ​ပါ​တယ် ဘုရား​လို့ စည်​ကာ​ပါတ်​ကုံး ပြော​တတ်​တဲ့​သူ​မျိုး​ပါ။

သူ က ကျောင်း​တက်​တုန်း​က​လဲ ဆိုင်​ထမင်းစား​ပြီး ကျောင်း​ပြီး​လာ​တာ၊ အိမ်​မှာ​လဲ အမ​သုံး​ယောက်​ရှေ့က​ခံ​နေ​တော့ ချက်​ပြုတ်​ရေး​မှာ ဗလာ​သက်သက်​ပါ​ဘဲ။ အိမ်ထောင်ကျ​မှ ကျွန်တော့်​အမေ​ဆီ​က သင်​ရ​ပါ​တယ်။ အခု​ထိ​လဲ သူ​တတ်​ပြီး သူ​ကြိုက်​တဲ့ ဟင်း ၁​ဝ​မျိုး​လောက်​ကို ပါတ်​လည်​ရိုက်​ပြီး ချက်​လာ​တာ ဆယ်​စု​နှစ်​တစ်​စု ပြည့်​ပါ​တော့​မယ်။ ကျွန်တော်​ကတော့ ဟို​စပ်​စပ် ဒီ​စပ်​စပ် လျှောက်​စမ်း​တတ်​တဲ့​သူ​ဆို​တော့ စိတ်ပါ​ရင် အကုန်​လျှောက်ချက်​တတ်​ပါ​တယ်။ ခက်​တာ​က သူ​က အစား​ရွေး​တော့ ကျွန်တော်​ချက်​သ​မျှ အကုန်​မ​စား​နိုင်​ပါ​ဘူး။ ကျွန်တော့်​မှာ ချက်​မယ်​ဆို ဘယ်​သူ​စား​နိုင်​မ​လဲ အရင်​တွေး​ထား​ရ​တဲ့​လူ​ပါ။ အခု​လဲ ဒံ​ပေါက်​ဖေါက်​မ​လို့ စဉ်းစား​နေ​တာ ပြီး​ဘယ်​သူ​စား​ပေး​ပါ့​မ​လဲ တွေး​နေ​ရ​ပါ​သေး​တယ်။ သူ​ဟင်း​ချက်​ရင် ဘာ​လုပ်​နေ​မှန်း​မ​သိ ကြာ​တတ်​ပြီး​တော့ ကျွန်တော်​ဝင်​ကူ​မှ မြန်​တတ်​ပါ​တယ်။

အိမ်ထောင် ဖက်​တွေ​မှာ အသွင်​မ​တူ​ခြင်း​ကြောင့်​လဲ တစ်​ဦး​ကို​တစ်​ဦး မ​တူညီ​တဲ့ ရှု​ထောင့်​က​နေ ကူညီ​ဖေးမ​ထောက်ပံ့​နိုင်​ကြ​ပါ​တယ်။ အဓိက​ကတော့ နားလည်​ပေး​နိုင်​မှု​နဲ့ မေတ္တာ​တရား​ပါ​ဘဲ။

(ဒီ​မှာ ရပ်​မှ​ပါ​ဘဲ မဟုတ်​ရင် ရေး​စရာ​တွေ များ⁠များ​နိုင်​လွန်း။ တိ​ခနဲ ရပ်​လိုက်​ပါ​ကြောင်း။)

Tags : ,