Tag: ဓာတ်ပုံ

Singapore 94

စင်ကာပူစီးရီး ဆက်ရေးပါဦးလို့ တောင်းဆိုကြသူများအတွက်(ဘယ်သူတောင်းသလဲဟင်) အခုပို့စ်ကို ဆက်ပါတယ်။ တကယ်တော့ အခုခရီးစဉ်ကတော့ သွားခဲ့တာ တော်တော်ကြာပါပြီ။ တစ်ကိုယ်တော် စွန့်စားခန်းဆိုရင်လဲ မမှားပါဘူး။ စင်ကာပူမှာ ရုံးပိတ်ရက်ဆို လူတိုင်းအအိပ်မက်ကြပါတယ်။ ညဖက်ကြတော့ စောစောအိပ်ဖို့ မကြိုးစားဘဲနဲ့ မနက်ဆိုဘယ်သူမှ တော်တော်နဲ့မထချင်ကြပါဘူး။ အဲဒီလို အိပ်စက်ချင်စရာကောင်းတဲ့ မနက်ခင်းလေးတစ်ခုမှာ တစ်ဦးတည်းသော လူဝကြီးတစ်ယောက်ဟာ အိပ်ယာကနေ အတင်းလူးလဲထပြီး ကင်မရာအိပ်ကိုလွယ် သုံးချောင်းထောက်ကိုသယ်လို့ အနီလိုင်းပေါ်မှာရှိတဲ့ တစ်ခုတည်းသော ရေကန်သာကြီးဆီကို ချီတက်လာခဲ့ပါတယ်။

Lower Selector Reservoir လို့ခေါ်တဲ့ Khatib MRT နားမှာရှိတဲ့ ရေကန်ကြီးပါ။ အရင်က အဲဒီအနားမှာ နေဖူးပါတယ်။ ညနေတိုင်း ထမင်းစားပြီးရင် လမ်းလျှောက်ထွက်တတ်ပါတယ်။ ရန်ကုန်မှာလိုတော့ ရန်ကုန်မြစ်နား လမ်းလျှောက်ရသလို လေတစ်ဖြူးဖြူးတော့ မဖြစ်ပါဘူး။ သို့သော်လည်း မြင်ကွင်းကျယ်ကျယ် မြင်ချင်တယ်ဆိုရင်တော့ ခဏတစ်ဖြုတ် စိတ်ထွက်ပေါက်လုပ်လို့ရပါတယ်။

အဲဒီနေ့က MRT စီးပြီး Khatib မှာဆင်းတယ်၊ ပြီးတော့ လမ်းလျှောက်သွားလိုက်တယ်၊ အရင်က ကြိုလေ့လာထားတဲ့စိတ်ကူးအတိုင်းဘဲ ကန်ဘေးက ရထားလမ်းအောက်ကို ဟိုကြည့်ဒီကြည့်လုပ်ပြီး၊ ကန်ဘေးကို ခပ်သွက်သွက်ချီတက်လိုက်တယ်။ နေ့ဖက်ဆို ငါးမျှားတဲ့လူတွေ ရှိတတ်ပါတယ်။ အဲဒီနေ့ကတော့ မနက်စောသေးလို့ ဘယ်သူမှ မရှိပါဘူး။

ရည်ရွယ်ချက်ကတော့ မနက်နေထွက်တာကို ရိုက်ကြည့်ချင်လို့ပါ။ စင်ကာပူများ တစ်လလောက် လျှောက်ရိုက်ပြီးသွားရင် ဓာတ်ပုံရိုက်စရာနေရာ တော်တော်ရှားပါတယ်။ အထူးသဖြင့် ရှုခင်းပုံရိုက်ချင်ရင်ပေါ့လေ။ ဒါကြောင့် မိတ်ဆွေတွေ မော်ဒယ်လ်ရိုက်တဲ့ဖက် ပြောင်းကုန်ကြတာဖြစ်မယ်။

ကျွန်တော်သွားခဲ့တဲ့ သြဂုတ်လ အချိန်လောက်က အခုရေပန်းကို ဆောက်လက်စ စမ်းသပ်ကာလဘဲရှိပါသေးတယ်။ လှေကားထစ်လေးတွေနဲ့ ကလေးတွေ ဆော့ချင်စရာလုပ်ထားပါတယ်။ ကလေးရှိတဲ့ မိသားစုတွေ မနက်စောစောနဲ့ ညနေခင်းဖက် သွားဆော့ဖို့ကောင်းပါတယ်။

ရေကန်အပေါ်မှာ သစ်သားလျှောက်လမ်းကလေး ဖောက်ထားတာမြင်တော့ ဦးပိန်တံတားကို သတိရမိပါတယ်။ ဟိုး နောက်ဖက်က စလောင်းဖုံးကြီးတွေ မမြင်ရရင် တကယ်ကို တောတောင်ရေမြေသဘာဝကို ကြည့်ပြီး မြို့ပြကို မေ့ထားနိုင်ပါတယ်။

တော်တော်လေး နေတက်လာတော့ ငါးမျှားတဲ့ အဖိုးကြီးတွေ ရောက်လာကြပါပြီ။ အဲဒီကန်နားမှာ လှေလှော်အသင်းရှိပါတယ်။ နေမြင့်လာတော့ လှေလှော်လေ့ကျင့်မယ့် ကလေးတွေ ရောက်လာပါတယ်။ ရန်ကုန်က အင်းလျားကန်က မြန်မာ့ဂုဏ်ဆောင် လှေလှော်သင်းကို သတိရမိပါတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက် သူတို့ခေတ်က အရှေ့တောင်အာရှမှာ ခဏခဏလှေလှော်သွားပြိုင်ရပါတယ်။

အခုတစ်လော အင်ဒိုဖက်မယ် တောမီးလောင်ပြန်ပြီထင်ပါတယ်။ မြူခိုးတွေ အမြဲဝေ့နေတတ်လို့ ရာသီဥတုက အိုက်စပ်စပ်ကြီး ဖြစ်နေပါတယ်။ အဲဒီမီးခိုးတွေ ပိတ်ရက်အထိ ဆက်ရှိနေမယ်ဆိုရင်တော့ ပိတ်ရက်မှာ ရေများများရှိတဲ့ ကမ်းခြေဖက်တွေမှာ လေကောင်းလေသန့် (တကယ်တော့ သိပ်မသန့်နိုင်တော့ပါဘူးလေ) သွားရှူသင့်ပါကြောင်း အခမဲ့ကြော်ငြာမောင်းခပ်ရပါပေတယ်။

စာကြွင်း။ ။ Flickr အရမ်းလေးပါတယ်။

Tags :