မလေးရှား ၄

ရေးမယ့်သာရေးရတာ ဒီရက်ပိုင်းက ကြီးတော်ကြီးရဲ့ ရန်ကုန်ပြန်စီးရီးရယ်၊ မင်္ဂလာဆောင် သတို့သားစီးရီးတွေရယ်က အတွဲလိုက်ထွက်နေတာဆိုတော့ ကိုယ့်စီးရီးလေး တိုးမပေါက်မှာ စိုးရသေးတယ်။ နေ့လည်ကတော့ Google Analytics ထဲရောက်သွားတာနဲ့ ဘလော့ ဇယားကြည့်လိုက်တာ မျဉ်းတစ်ကြောင်းက အောက်ခြေနားမှာ ခပ်တည်တည်နဲ့ ငြိမ်ငြိမ်လေး ရွေ့လျားနေတာ တွေ့တာနဲ့ မဖြစ်ချေဘူးဆိုပြီး အခုလိုရေးရတော့တာပါပဲ။

ထမင်းစားပြီးတယ်ဆိုလျှင်ပဲ အဲဒီအတွင်းမှာပဲ လှည့်ပါတ်ကြည့်ဖို့သာ ရှိတော့တာပေါ့။ အပြင်မှာကလဲ မိုးတွေရွာဆိုတော့ ဓာတ်ပုံများများစားစား ရိုက်စရာ မရှိလေတော့ဘူး။ မိခင်ကြီးကတော့ ထုံးစံအတိုင်း လီမစ်ပြည့်ပြီမို့ ဘယ်မှ ဆက်မလျှောက်ချင်တော့ပါဘူး။ သူထိုင်ဖို့နေရာချည်းရှာနေတော့တာပါပဲ။ ဖခင်ကြီးခမျာမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ချင်တဲ့လူပါ။ သို့သော်လည်းတဲ့ပေါ့လေ လင်နဲ့မယား တစ်သားထဲ ဖြစ်နေရမယ်မဟုတ်လား။ သူ့မိန်းမအနားက ဘယ်မှမခွာပါဘူး။ တကယ်ဆို ကျွန်တော်တို့က လွန်ခဲ့တဲ့ ၃နှစ်လောက်က တစ်ခေါက်ရောက်ဖူးပါတယ်။ အတွင်းဖက်ဆိုတာကလဲ သိပ်ကြည့်စရာ များများစားစား မရှိလေတော့ ရောက်ပြီးမှ ငုတ်တုတ်ထိုင်နေရရင် မတန်မှာစိုးလို့ အပျင်းပြေ တစ်ပါတ်လျှောက်ပတ်ကြည့်လိုက်ပါတယ်။

ဒီနှစ်ကတော့ အတွင်းရော အပြင်မှာပါ ဓာတ်ပုံမရိုက်ဖြစ်ပါဘူး။ တစ်ခေါက်ရောက်ဖူးတယ်ဆိုတဲ့ အသိက ဓာတ်ပုံထပ်ရိုက်ဖို့ စိတ်ကူးစိတ်သန်း ကောင်းကောင်း မထွက်အောင် ပိတ်ပင်ထားသလို ဖြစ်နေပါတယ်။ အခုလိုရေးခါနီးကျတော့ တော်တော်နောင်တရပါတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ၃နှစ်လောက်က ရိုက်ထားတဲ့ ပုံတွေကို Hard Disk ထဲပြန်ရှာရင်း အခုလို ရေထိုးလိုက်ရပါတယ်။

အဲဒီတုန်းက ရန်ကုန်မှာတုန်းက တစ်ရုံးထဲ အတူတူလုပ်ခဲ့တဲ့ အပေါင်းအသင်းတွေနဲ့ တူတူသွားတာမို့ သူတို့ပုံတွေ ခွင့်မတောင်းပဲ တင်လိုက်ပါတယ်။ မိန်းခလေးတွေက ဆံပင်တွေနဲ့မျက်နှာကို ကာပြီးသားဖြစ်လို့ ကိစ္စမရှိတော့ပါဘူး။

တောင်အောက်ပြန်ဆင်းဖို့ ကားလက်မှတ်က ဝယ်ထားပြီးသားမို့ အပြန်လမ်းမှာ ဈေးနဲနဲဝယ်ဖို့အတွက် ညနေသုံးနာရီလောက်မှာ အပေါ်ကိုပြန်တက်ကြပါတယ်။ လိုက်ပို့တဲ့ကောင်လေးက အပြန်လမ်းမှာ ချိုချဉ်နဲနဲဝယ်ဦးမယ်ဆိုလို့ သူခေါ်သွားတဲ့ ဆိုင်ထဲ ရောက်ပါတယ်။ အဲဒီမှာတွေ့တာပါပဲ။

သရက်သီးခြောက်လေ … သရက်သီးခြောက်။ တစ်ဆိုင်လုံး အသီးခြောက်အချိုတွေ၊ သကြားလုံးပျော့တွေ ရောင်းတယ်။ သူတို့ချင်တွယ်ထားတဲ့ အထုပ်လေးတွေကို ဝယ်နိုင်သလို ကိုယ်ကြိုက်သလောက်လဲ အလေးချိန်နဲ့ ဝယ်နိုင်ပါတယ်။

စိတ်ကြိုက်ရွေးဝယ် မြည်းဟယ်စမ်းဟယ်လဲ လုပ်လို့ရပါသေးတယ်။ အမြည်းနဲ့တင် ဗိုက်တင်းလောက်ပါတယ်။

ဝယ်တယ်၊ ဝယ်တယ်… စင်ကာပူအတွက်ဝယ်တယ်၊ ရန်ကုန်ပြန်အတွက်ပါဝယ်တယ်။ ပိုက်ဆံတွေ ရွှမ်းကနဲ ရွှမ်းကနဲ ထုတ်ရှင်းလိုက်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။(ဟမ်) စင်ကာပူမှာလို ပလတ်စတစ်ကဒ်လေးပေးပြီး ပစ္စည်းယူလာရတာမျိုးမဟုတ်ပဲ ရန်ကုန်မှာလို ငွေအထပ်လိုက်ပေးပြီး ပစ္စည်းယူလာရတဲ့ အရသာမျိုးပါ။

ဒီလိုနဲ့ တောင်အောက်ပြန်ဆင်းလာခဲ့ကြတယ်ပေါ့ကွယ်။ ညနေဖက် KLCC Tower ကိုဓာတ်ပုံသွားရိုက်ချင်လို့ Sunway Lagoon သွားမယ့်ဟာကို KLCC သွားပြီးမှ သွားမယ်လို့ အစီအစဉ်ပြောင်းလိုက်တယ်။ အဲဒါဟာ ကိုယ်မှားသွားတယ်ဆိုတာ နောက်ကျမှ သိခဲ့တယ်ကွယ်။

352 views

မလေးရှား ၃

မရေးတာကြာပြီဖြစ်လို့ မလေးရှားခရီးစဉ်လေး ဆက်လိုက်ပါဦးမယ်။ ဒီဖက်နှစ်ထဲရောက်မှ အလုပ်ကလဲတော်တော်များတာနဲ့ ခရီးစဉ်ကို ဆက်မရေးပဲ ရပ်ထားတာကနေ ဆက်ရေးဖို့ လက်နှေးသွားတာလဲ ပါမယ်ထင်ပါတယ်။ သို့သော်လည်း ခရီးဆုံးအောင်တော့ ရေးမှပါဆိုပြီး ကြိုးစားရေးလိုက်ရပါပေတယ်။

မလေးရှားသွားလို့ Genting သွားကြရင် စီးဖို့အကောင်းဆုံးက Cable Car ပါပဲ။ ခရီးရှည်တာမို့ အချိန်ကြာကြာလဲ စီးရသလို တောတွေ တောင်တွေပေါ်က ဖြတ်သွားတာမို့လို့ တောတောင်ရှုခင်းတွေကြည့်လို့ကောင်းသလို တိုက်ဆိုင်လျှင် တိမ်တွေအပေါ်ကိုလည်း ရောက်သွားနိုင်သေးတာမို့လို့ စင်ကာပူမှာ ဆင်တိုဆာကို Cable Car စီးတာလောက်ကို ရယ်တာပေါ့လို့ ပြောလို့ရလောက်အောင် စီးရတာ တန်ပါတယ်။

လမ်းမှာလဲ ဒေါက်တိုင်တွေနေရာကို ရောက်လျှင် စီးရတာ ဂလုံးဂလုံးနဲ့ အသည်းယားစရာ ကောင်းတယ်။ အသွားအပြန်နှစ်ကြောင်းစီးပါမှ ရင်းဂစ်၁၀ပဲ ပေးရတာပါ။ စင်ကာပူမှာတုန်းက မိဘတွေရောက်နေတုန်း Cable Car ကြာကြာစီးရအောင်ဆိုပြီး Mount Faber ပေါ်ကနေ ဆင်တိုဆာအထိ စီးဖို့ဝယ်တာ အပြန်မှာပြန်မလိုက်တော့တာကြောင့် တစ်ကြောင်းထဲဝယ်စီးတာ တစ်ယောက်ကို ၄၀တောင်ပေးစီးရတဲ့အပြင် ခဏလေးစီးရတာမို့ မတန်ပါဘူး။

အဲဒီလိုနဲ့ တောင်ပေါ်ရောက်တော့မယ်ပေါ့ကွယ်။ ခပ်လှမ်းလှမ်းကနေ တောင်ပေါ်က အဆောက်အဦးတွေကို မြင်နေရပြီပေါ့။

အဲဒီလိုနဲ့ တောင်ပေါ်ရောက်တယ်ပေါ့ကွယ်။ (မရောက်လို့လဲ မဖြစ်တော့ဘူး စီးရတာတောင် ၁၁မိနစ်ပဲကြာတာ၊ ရေးတာကိုစောင့်ရတာက လချီကြာနေပြီ။)

အပေါ်ကိုရောက်တယ်ဆိုရင်ပဲ ၁၂နာရီထိုးနေပါပြီ။ နေ့တစ်ဝက်ကုန်သွားပါပြီ။ တကယ်မှာဆို လူငယ်တွေချည်းဆို စောစောသွား ကြာကြာနေ လျှောက်ဆော့၊ ဒါမှမဟုတ် ညနေခင်းလောက်ပြန်ဆင်းပြီး KL ဖက်မှာ လျှောက်လည်၊ ဈေးဝယ် အဲဒါမျိုးတွေ လုပ်နိုင်ပါတယ်။ အခုကတော့ လူကြီးတွေ ပါတာကြောင့် အေးအေးဆေးဆေးပဲ သွားလာရတာမို့လို့ တစ်နေရာဆို တစ်နေရာပဲ ခရီးရောက်ပါတယ်။ အပိုသွားလို့မရပါဘူး။

တောင်ပေါ်ရောက်တာနဲ့ နေ့လည်စာစားဖို့ လုပ်ရပါတယ်။ Cable Car ပေါ်ကဆင်းတာနဲ့ အဆောက်အဦးထဲဝင်၊  ဟော်တယ်ကြီးထဲကဖြတ်၊ ကစားကွင်းတွေကျော်၊ စက်လှေခါး သုံးခါလောက် ဆင်းလိုက်တာနဲ့ စားသောက်စရာတွေရောင်းတဲ့ နေရာရောက်ပါလေရော။ (မှတ်နည်းက ဟန်မကျလား၊ လွယ်လိုက်တာ။)

လိုက်ပို့တဲ့ကောင်လေးက စားစရာသောက်စရာတွေမှာဖို့ဆိုင်တွေ လိုက်ပို့ပေးပါတယ်၊ မဟုတ်လဲ စင်ကာပူမှာ ဟော်ကာမှာ မှာစားသလို ဝယ်ရတာမို့ စိတ်ထဲဘယ်လိုမှ မနေပေမယ့် စားမယ်လို့ရွေးလိုက်တဲ့ဆိုင် ရောက်တယ်ဆိုလျှင်ပဲ ဆိုင်ကဝန်ထမ်းကို ဗမာလိုပြောပြီး မှာလိုက်တာကြောင့် အတော်အံ့အားသင့်ရပါတယ်။ ကိုယ့်ဘာသာဆို အင်္ဂလိပ်လို ပြောမှာဖြစ်မှာပါ။ သူ့အပြောအရတော့ ဆိုင်တိုင်းမှာ ဗမာဝန်ထမ်းတွေရှိပါသတဲ့။

လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲကြော် အဲဒါပဲဝယ်စားလိုက်ကြတယ်။ ဓာတ်ပုံလား ဟင့်အင်း မရိုက်နိုင်လိုက်ပါဘူး။ မနက်က အဝတီးထားတဲ့ မနက်စာဘူဖေးဆိုတာ ဘယ်ပျောက်သွားမှန်းတောင် မသိပါဘူး။ ဆာတယ်ဆာတယ်နဲ့ စားလိုက်ကြပါတယ်။ လုံးဝမရိုက်ဘူးတော့ မဟုတ်ပါဘူး တဝက်လောက်မှာ သတိရလို့ လူပုံတွေနဲ့ပါတွဲရိုက်ထားလို့ အိမ်မှာပဲ သိမ်းထားလိုက်တယ်။

တကယ်တော့ အဲဒီနေ့က မြူနှင်းတွေ ထူထူထဲထဲကြတဲ့အပြင် မိုးပါရွာသေးတယ်ထင်ပါတယ်။ ပြင်ပကစားကွင်းတွေ ပိတ်ထားပါတယ်။ ဒါကြောင့် ထမင်းစားပြီးလျှင်လဲ ဘယ်မှ သွားစရာမရှိတော့ပါဘူး။ လူကြီးတွေနဲ့ သွားတာမို့ ကစားကွင်းတွေ ဝင်ဖြစ်မှာ မဟုတ်ပေမယ့် ဟိုဟိုဒီဒီလေးလျှောက်ကြည့်မယ်၊ Colorfull Hotel ကြီးနောက်ခံထားပြီး ဓာတ်ပုံရိုက်မယ်ဆိုတာတွေ လုံးဝပစ်လိုက်ရပါပြီ။

ဒါတောင်မှ အပြင်ထွက်လို့ရတဲ့နေရာတစ်နေရာနားက ရိုလာကိုစတာ တစ်ခုဖွင့်နေတာရှိလို့ သူများတွေ စီးနေကြတာ ခဏသွားကြည့်လိုက်သေးတယ်။ တကယ်ဆို တက်စီးပြီး အားရပါးရ အော်ခဲ့လိုက်ရမှာ။ အလုပ်ထဲမှာ အော်ချင်တာတွေအားလုံးကို အဲဒီမှာဖွင့်ချခဲ့လိုက်ရမှာ။

ဆက်ဦးမယ်လေနော့ ပျော်ပျော်ပါးပါးပေါ့.. ဒီပိတ်ရက်မှာတော့ အကုန်ပြီးအောင် ရေးပါ့မယ်။

258 views
Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook