Category: လက်​တည့်​စမ်း​ခြင်း

ဘ​လော့​ရေး​ဆရာ ဖြစ်​ရ​တာ ကောင်း​တယ်

မြန်မာ ပြည်​တွင် စာရေး​ဆရာ​ဖြစ်​ရ​သည်မှာ အတော်​စိတ်​ချမ်းသာ​စရာ ကောင်း​မည့်​ပုံ​ပင်။ စာ​လေး​ပေ​လေး​ဖတ် ဖတ်​မှတ်ထား​တာ​လေး​တွေ ပြန်​ရေး၊ စာပေ​ဟောပြော​ပွဲ​ရာသီ​ရောက်​လျှင် တ​ကူး​တ​က​ဖိတ်မန်​တ​က​ပြု​လို့ စာ​အကြောင်း​ပေ​အကြောင်း ဟောပြော​လို့။ လူ​နေ​မှု​မ​ချမ်းသာ​လျှင်​တောင်​မှ စိတ်​တော့​ချမ်းသာ​ကြ​မည်​ပင်။ ရသ​စာပေ​ရေး​သော ဆရာ​တွေ​ကို​ဆို​လည်း ရသ​ပိုင်း​မို့ လေးစား​အားပေး​ကြ​သ​လို သုတ​ပိုင်း​ရေး​တဲ့ ဆရာ​တွေ​ကို​ဆို​လည်း မှတ်သား​စရာ​တွေ ဝေမျှ​ရေးသား​ပေး​ကြ​လို့ ကျေးဇူးတင်​ကာ၊ ကိုယ်​မ​ဖတ်​နိုင်​သော နယ်ပယ်​မှ အသိ​ပညာ​တွေ ရေး​ပေး​နေ​သော အင်မတန်​တတ်​ကျွမ်း​သော ဘက်​စုံ​ရ​ဆရာ​တွေ​ဟု​ပင် ထင်မှတ်​ကာ အားကိုး​လေးစား​ကြ​လေ​သည်။

ကျွန်တော် ငယ်⁠ငယ်​က​ဆို​လျှင် ခေတ်​က​လဲ​ခေတ်​ကောင်း စက်​ရုံ​က​လဲ ဆောက်​ပြီး​စ​မ​ကြာ​သေး၊ ကုန်ထုပ်​လုပ်​မှု​များ​က​လဲ အောင်မြင်​လို့ လူ​တွေ​က​လဲ နယ်​မှာ​သာ​နေ​ရ​တယ် ဘာ​မှ​စိုးရိမ်​ပူပန်​မှု​မ​ရှိ၊ ရှိ​တာ​လေး​ဝတ် ရ​တာ​လေးစား၊ အတော်​ပင်ပျော်​စရာ​ကောင်း​ခဲ့​သည်။ နှစ်စဉ်​လဲ ရန်ကုန်​မှ စာရေး​ဆရာ​များ​ကို အလှည့်ကျ​ဖိတ်​လို့ ဝန်​ထမ်း​များ​အတွက် စာပေ​ဟောပြော​ပွဲ လုပ်​ပေး​ခဲ့​ဘူး​သည်။ စာရေး​ဆရာ​ကြီး၊ငယ် အရွယ်​လတ် စုံ​စုံလင်​လင်​ဖိတ်​ကြ​သည်။ စာရေး​ဆရာ​များ​နေ​ဖို့ ဝန်ကြီး​လာ​လျှင် တည်းခို​ရန်​ဆောက်​ထား​သော နား​နေ​ဆောင်​တွင် ထား​ပေး​သည်။ စား​ကြ​သောက်​ကြ​ဖို့ ရုံး​အဖွဲ့​တွေ​က ချက်​ကြ​ပြုတ်​ကြ​သည်။ အမေ​က အချက်​အပြုတ်​တာဝန်​ယူ​ရ​သော အဖွဲ့​တွင်​ပါ​နေ​ကြ​ဖြင့်​သ​ဖြင့် အမြဲ​ချက်​ပြုတ် ဈေး​ဝယ်​အဖွဲ့​တွင်​ပါဝင်​ရ​သည်။ အမေ​တို့​တော့ ဘယ်လောက်​ပင်ပန်း​သည်မ​သိ ကျွန်တော်​တို့​ကတော့ ဧည့်သည်​တွေ ပြန်​ကြ​လို့ ပို​လျှံ​သော ဟင်းလျာ​များ​ကို ဝန်​ထမ်း​တွေ ခွဲဝေ​ယူ​လို့ အမေ့​ဝေစု​ရ​လာ​လျှင် အားရ​ပါ​ရ​တီး​ရ​တာ​ဘဲ မှတ်မိ​တော့​သည်။

ကျွန်တော် တို့ ဗမာ​လူ​မျိုး​များ​သည် စာရေး​စာ​ဖတ်​ကို လူ​တိုင်း​နီးပါး ဝါသနာ​ပါ​ကြ​သည်။ ငယ်⁠ငယ်​က​စ​လို့ အသက်အရွယ်​အလိုက် ဖတ်​သော​စာ​သာ ကွဲပြား​ခြား​နား​သွား​မည်၊ စာမ​ဖတ်​သော လူ​ဟူ၍​ရှိ​မည်​မ​ထင်။ စာ​ဖတ်​တော့ ဘာ​ဖြစ်လာ​သလဲ​ဆို​လျှင် စာ​များ⁠များ​ဖတ်​တဲ့​လူ​ဟာ ဖတ်​ပြီး​သ​မျှ​တွေ​ထဲ​က ကိုယ့်​စိတ်​ထဲ​ရှိ​တာ​လေး​တွေ ပြန်​ချ​ရေး​ချင်​လာ​ကြ​တတ်​သည်။ ငယ်⁠ငယ်​ဆယ်ကျော်​သက်​အရွယ်​တွင် စာ​တို​ပေ​စ မ​ရေး​ဖူး​သူ​ဟူ၍​လည်း ရှိ​မည်​မ​ထင်​ပေ။ ရုတ်​စွ​အဆုံး အနု​အလှ​ချယ်​မှုန်း​ထား​သော ရည်းစား​စာ​တော့ ရေး​ဖြစ်​ကြ​သည်​ချည်း​သာ။ အခု​ခေတ်​လူ​တွေ​ကျ​တော့ ရည်းစား​စာ မ​ရေး​ကြ​တော့ အချစ်​ကဗျာ ရေး​ကြ​သည်။ သူ့​ထက်​သူ​လူစွမ်းကောင်း​တွေ​ချည်း​သာ​ဖြစ်​သည်။ သို့သော် စာရေး​ဆရာ ကဗျာ​ဆရာ​တော့ များ⁠များ​စား​စား ဖြစ်​မ​လာ​ကြ​ပေ။

မ ဖြစ်​ရ​ချင်း​မှာ​လဲ အကြောင်း​အရင်း​များ​စွာ ရှိ​မည်​ပင်။ ကိုယ့်​စာ​ကို အရေး​တယူ​ဖတ်​ပြီး ဝေဖန်​ထောက်​ပြ နည်း​ပေး​လမ်းပြ​လုပ်​ပေး​မယ့်​သူမ​ရှိ​တာ၊ စင်​တင်​ပေး​မည့်​နေရာ​မ​ရှိ​တာ စ​သ​ဖြင့် ငယ်​တုန်း​မှာ​ဘဲ လက်​သင်​ကလေး​ရေး​ပြီး နောက်​တော့ ကျောင်း​တွေ​ပြီး၊ လုပ်​ငန်း​ခွင်​တွေ ဝင်​ကြ​သော​အခါ အလုပ်​ဖက်​ကို အားသန်​သွား​သော​ကြောင့် အနု​ပညာ​ဖက်​ကို အချိန်​မ​ပေး​နိုင်​တော့​တာ​တွေ​လဲ ပါ​ကောင်း​ပါ​မည်။

ဟော.. အခု​ကြ​တော့ ဘ​လော့​တွေ ရေး​လို့​ရ​ပြီ​လဲဆို​ရော ထွက်​လာ​လိုက်​ကြ​တာ ရွက်​ပုံး​သီး​တွေ၊ သူ့​ထက်​သူ​လူစွမ်းကောင်း​တွေ၊ တင်ပြ​ပုံ​အမျိုး​မျိုး ရေး​နည်း​ရေး​ဟန် အမျိုး​မျိုး​နဲ့၊ သူ့​အကြိုက်​ကိုယ့်​အကြိုက် စိတ်​ထဲ​ရှိ​တဲ့ အတိုင်း​ရေး​လို့​ရ​နေ​ကြ​သည်။ ကောင်း​တာ​မ​ကောင်း​တာ အသာ​ထား ဟိုး​အရင်​က​လို ဗလာ​စာအုပ်​ထဲ​ရေးထား​ပြီး ချောင်​ထိုး​ထား​လိုက်​ရ​တာ​လို​မျိုး မ​ရှိ​တော့။ အနဲ​ဆုံး ကိုယ့်​လို​စိတ်​တူ အတွေး​တူ ရင်ဘတ်​တူ​သူ​တစ်​ယောက် လာ​ဖတ်​ဖြစ်​ရင်​တော့ ကိုယ်​ရေး​တာ​ကို ကောင်း​တယ်​လို့ ပြော​မယ့်​သူ​တွေ ရှိ​လာ​ပြီ။

ဘာ ဘဲ​ရေးရေး ဖတ်​လို့​ကောင်း​တယ်​ပြော​ရင် ပီ​တိ​ကလေး​ဖြစ်​ကာ မော​လာ​တာ ပင်ပန်း​လာ​တာ​လေး​တွေ ပြေပျောက်​ကုန်​တတ်​ကြ​တာ​ဘဲ​ဖြစ်​သည်။ တစ်​ချို့​ကြ​တော့​လဲ ဘ​လော့ဂ်​ဂါ​ဆို​တာ ဘာ​ဖြစ်​ရ​မယ် ညာ​ဖြစ်​ရ​မယ်၊ ဘာ​တွေ​ထိမ်း​သိမ်း​သင့်​တယ်၊ ဘာ​တွေ​လိုက်နာ​သင့်​တယ်၊ စ​သ​ဖြင့် တိုင်းတာ​မှု​တွေ​ရှိ​လာ​ကြ​သော​အခါ ဘ​လော့​ရေး​ကြ​သူ​တွေ​မှာ​လဲ ဘ​လော့​ဂါ​အဖြစ် နာမည်​မ​ခံယူ​ချင်​သူ​တွေ ရှိ​လာ​သည်။ တချို့​ကြ​တော့​လဲ ကျွန်တော်​ဘ​လော့​ဂါမ​ဟုတ် တ​ခါ​တ​ရံ​တော့ ဘ​လော့​ဂင်း​တယ်​လို့ ပြော​တတ်​လာ​ကြ​သည်။

ဘ လော့​ရေး​ချင်း​သည် စိတ်​ပင်ပန်း​မှု​ကို ပြေပျောက်​စေ​ရန်​အတွက် ရေး​ကြ​သည်၊ မ​ရေး​ရ​မ​နေ​နိုင်​လို့ ရေး​ကြ​သည်၊ တစ်​ချို့​များ အလကား​ရေး​လို့​ရ​တာ​ကို ကိုယ့်​ပိုက်ဆံ​ကိုယ် အကုန်ခံ​၍​ပင် ရေး​ကြ​သေး​သည်။ သို့သော် ဘ​လော့​ကို ထုပ်​ကုန်​တစ်​ခု​လို မ​ထွက်​မ​နေ​ရ ရေး​ကြ​လျှင်​တော့ ပင်ပန်း​ဖို့​ပင်​ရှိ​တော့​သည်။ ဘ​လော့​သည် ရေး​သူမ​ပြော​နှင့် ဖတ်​သူ​များ​လည်း ပင်ပန်း​သည်​ပင်။ တစ်​ဦး​နှင့်​တစ်​ဦး​တွင် ချိတ်ဆက်​ထား​သော လင့်​တွေ​မှာ ဆက်​လို့​သွား​သ​ဖြင့် တစ်​ခါ​တစ်​ခါ​ဖတ်​လျှင် ဆုံး​ပင်မ​ဆုံး​နိုင်​တော့​ပေ။

ဒါ ဆို​လျှင် ဘ​လော့ရေး​တာ ဘာ​ကောင်း​သ​နည်း။ ကိုယ်​ရေး​တာ​ဖတ်​သွား​ပြီး ကောင်း​လိုက်​တာ ပြော​သွား​လျှင် ကျေနပ်​ပီ​တိ​ဖြစ်​လို့ ပြီး​သွား​ပြီ​ဟု ယခင်​က​ထင်​ခဲ့​ပါ​သည်။ ဘယ်​မှာ​က​လို့​တုန်း ဘ​လော့ပေါ်​မှာ ရေးထား​သော စာ​တွေ​ထဲ​တွင် စိတ်ညစ်​နေ​သည်​ဟု စာ​ဖတ်​သူ​များ​မှ ခံစား​လိုက်​ရ​ပါ​က စိတ်​မ​ညစ်​ကြ​စေ​ရန် အားပေး​သွား​ကြ​သည်၊ အခက်​အခဲ​ဖြစ်​နေ​ပါ​က ကူညီ​သွား​ကြ​သည်။ မိတ်ဆွေ​သစ်​များ​ပင် ရ​သေး​သည်။

ဟိုတစ်လောက ဝက်ခြံ​ကို ဘာ​ထင်​သလဲ ရေး လိုက်​သော​အခါ စာ​ဖြင့်​ဆက်​သွယ်​လို့ အကူအညီ​အမျိုး​မျိုး ပေး​ကြ​ပါ​တော့​သည်။ ယခင်​က ကိုယ့်​ဘ​လော့​ကို လာ​ဖတ်​ကောင်း ဖတ်​နေ​မည်​ဖြစ်သော်​လည်း တစ်​ခါ​မှ​နှုတ်ဆက်​သွား​ခြင်း မ​ရှိ​သော စာ​ဖတ်​သူ​များ ဖြစ်​နေ​သော​ကြောင့် ပို​လို့​ပင် ဝမ်းသာ​ကြည်နူး​ဖြစ်​ရ​သည်။ ဘ​လော့​ရေး​သူ​များ​က​လဲ ဝက်ခြံ​အကြောင်း သိ​ကောင်း​စရာ​များ​ကို ကိုယ့်​ဘ​လော့​များ​မှာ ရေးသား​ကာ ပညာ​ဖြန့်​ဝေ​ပေး​ကြ​သည်။ ဆေး​နည်း​တွေ ပေး​ကြ​သည်။ တကယ်​ပင် ကျေးဇူးတင်​ရ​ပါ​သည်။ ကျွန်တော်​တို့​လို သာမန် ဘ​လော့​ရေး​သူ​တွေ​တောင်​မှ ဒီ​လို​ကြည်နူး​မှု​မျိုး​တွေ ရ​ကြ​သည်​ဆို​လျှင် နိုင်ငံ​နှင့်​အဝှမ်း လေးစား​ချစ်ခင်​ကြ​သော စာရေး​ဆရာ​များ​ဆို​လျှင် ဘယ်လောက်​စိတ်​ကြည်လင် အေးချမ်း​ကြ​မ​လဲ တွေး​ကြည့်​လို့​ပင်​ရ​သည်။ စာရေး​ဆရာ​ကတော့ ဒီ​တစ်​သက် မ​ဖြစ်​နိုင်​တော့၊ သို့သော် ဘ​လော့​ရေး​ဆရာ ဖြစ်​ရ​တာ​ကို​တော့ အင်မတန် ကောင်း​ပါ​သည့်​အကြောင်း ထပ်လောင်း​ပြော​ကြား လိုက်​ချင်​ပါ​တော့​သည်။

Tags :