Category: ရှတတများ

HAPPY FRIDAY

Happy Friday တဲ့လေ။ သောကြာနေ့ရောက်ရင် လူတွေကထူးပြီး ပျော်ကြတယ်ခင်ဗျ။ ဒါနဲ့ကျန်တဲ့နေ့တွေကျတော့ မပျော်ကြဘူးလားလို့ အငေါ်တူးစရာ ရှိလာတာပေါ့လေ။ စင်ကာပူရောက်စက ကိုယ့်မှာ Happy Friday လဲမသိ၊  စနေ၊ တနင်္ဂနွေမှာတောင် သူဌေးက အီးမေးကိုလှမ်းလှမ်းစာပို့ပြီး ကြိုကြိုခိုင်းတတ်သေးတာ။ တစ်ပါတ်မှာ ၆ရက်လောက်တောင် လုပ်စေချင်နေတာ။ ရုံးသော့ကိုလဲ ပေးထားသေးတာဆိုတော့ အရေးပေါ်ဆိုရင် မဖြစ်မနေသွားရတော့တာဘဲ။ အလုပ်နှစ်ခုလောက် ပြောင်းပြီးသွားတော့မှဘဲ ပျော်ရွှင်ဖွယ် သောကြာဆိုတာကို နားလည်လာတော့တယ်။

တကယ်ဆို ကျွန်တော်တို့ရန်ကုန်မှာတုန်းကလဲ အဲဒီလိုနေ့မျိုးရှိပါတယ်လေ။ ရန်ကုန်မှာက စနေအထိပါ အလုပ်ဆင်းရတာဆိုတော့ စနေတစ်နေ့တော့ ဒီကပျော်ရွှင်ဖွယ် သောကြာလိုဘဲ ပြုမူကြပါတယ်။ ဒီမှာတော့ သောကြာဆိုရင် အဝတ်အစားကို ဖန်စီနဲနဲဖြစ်တာလေး ဝတ်လာလို့ရတယ်၊ ရှေ့ရက်တွေက Formal ဝတ်လာတာတွေအတွက် Dress Down လုပ်လို့ရတော့ ဝတ်ချင်စားချင်သူတွေအတွက် ပျော်စရာဖြစ်တယ်။ နောက်ပြီး ရောက်လာတော့မယ့် ပိတ်ရက်နှစ်ရက်အတွက် တွေးပြီး ကြိုတင်ပြီး ပျော်ရွှင်လာတာလဲ ဖြစ်တယ်။ သောကြာနေ့ရောက်လာရင် ခံစားရတဲ့ ခံစားမှုဟာ တကယ်ကိုဘဲ တခြားနေ့တွေနဲ့ မတူတာတော့ အမှန်ဘဲ။

ရန်ကုန်မှာတုန်းကလဲ စနေနေ့ဆို ကြိုက်တာဝတ်လာလို့ရတယ်။ ကြားရက်တွေမှာတော့ ရုံးထုံးစံ ယောက်ျားလေးတွေက လည်ကတုံးအင်္ကျီအဖြူနဲ့ ပုဆိုးနဲ့၊ မိန်းခလေးတွေကလဲ လည်စေ့အင်္ကျီအဖြူနဲ့ ထမီအပြာ ဝတ်ရတာဆိုတော့ ငြီးငွေ့တယ်ပေါ့။ စနေရောက်ပြီဆိုရင် အသစ်အဆန်းဝယ် ထားတာလေးတွေ ရုံးသူရုံးသားအချင်းချင်းကြားမှာ ဝတ်ပြလို့ရကြတော့ စနေဆိုရင် အရောင်အသွေးစုံ မြင်ရတာပါဘဲ။ ကြားရက်မှာ ရုံးဝတ်စုံနဲ့ အမြင်မထူးဆန်းကြတဲ့ မိန်းခလေးတွေတောင်မှ စနေလိုနေ့မျိုး ပြင်ပြင်ဆင်ဆင် ဝတ်လာလိုက်ရင် လှပလာတတ်ကြတယ်။ ကိုယ်နဲ့ ပြောမနာဆိုမနာနေကြတဲ့ ကောင်မလေးတွေဆို ဒီလိုမျိုးလှလာတဲ့နေ့တွေဆို အမြဲသွားသွားစတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်လောက်က မင်းဘယ်ရောက်နေခဲ့လဲလို့ပေါ့။

Read more

Tags :