အာမခံ ကျေးဇူး

စင်ကာပူမှာနေတဲ့ ဆယ်နှစ်အတွင်းမှာ အာမခံရယ်လို့ လာရောင်းရင် ဟိုလှဲ့ ဒီလှဲ့လုပ်ရင်း ဘာမှမ၀ယ်ပဲနေခဲ့တာ ၅နှစ်လောက်တော့ ရှိမယ်။  အသက်အာမခံတောင် မရှိဘူး။ ဆေးရုံတက်ရင် အလုံးစုံ ပြန်ရတဲ့ (အခုဆိုရင်တော့ စတက်ကတည်းက တစ်ပြားမှ မပေးရတဲ့) အာမခံဆိုတာလဲ မ၀ယ်ထားဘူး။ ကိုယ်ကလည်း ကျန်းမာနေတာပဲ ဘာလို့ အာမခံကြေး အကုန်ခံမလဲ ဆိုပြီး တခြားမှာပဲ သုံးပစ်တာပဲ။  ဒါပေမယ့် အရေးအကြောင်း အရေးပေါ်အသုံး ဆိုပြီးတော့ လက်ထဲတော့ အတိုင်းအတာ တစ်ခုအထိတော့ ကျန်အောင် ထားထားနေရတာပေါ့လေ။

ဒီလိုနဲ့ အသက် ၄၀ ပြည့်ခါနီးမှာ အာမခံကိစ္စတွေဆိုရင် အမြဲသတိတရ (ဇွဲမလျှော့စတမ်းလို့ ပြောရမလားပဲ) လာလာရောင်းနေကြ ဗမာအေးဂျင့်တစ်ယောက်က ၄၀ ပြည့်ပြီးမှဝယ်ရင် ပိုက်ဆံပိုကုန်မယ်နော်လို့ သတိပေးလာမှ ဝယ်လိုက်တာအေးပါတယ်လေဆိုပြီး ဝယ်ရတယ်။  ဝယ်ပြီး ၂ နှစ်လောက်အထိ ဘာမှမဖြစ်ဘူး… ((ဟမ်))။ ၂နှစ်လောက်နေတော့ နှစ်စဉ်ပေးနေရတာကို မမြင်တော့ဘူး။ ငါ့မှာ အာမခံရှိတာပဲဆိုတဲ့ စိတ်ဟာ အတော် သက်တောင့်သက်သာ ရှိလှတယ်။ သို့ပေမယ့်လဲ အာမခံထားရှိခြင်းအားဖြင့် ရရှိလာနိုင်တဲ့  အကျိုးကျေးဇူးတွေဟာ ဆိုရင်ဖြင့် ဆိုပြီး ရှင်းပြပြထားပေမယ့်လဲ သေသေချာချာတော့ မှတ်မိတယ် မရှိပါဘူး။ တစ်ခါတစ်လေ တခြားအေးဂျင့်တွေ လာလာရောင်းမှ ကိုယ့်မှာ ဘာတွေရှိနေလို့ ဘာတွေရှိမနေဘူးလဲဆိုတာ စာရွက်စာတန်း ပြန်ပြန်ရှာဖတ်ရတယ်။

မနှစ်က နှစ်ကုန်ခါနီးလောက်ကတော့ ကံပဲနိမ့်သလား ကျန်းမာရေးပဲ ချူချာသလားမသိဘူး အသေးစားခွဲစိတ်ကုသဖို့ အကြောင်းဖန်လာတယ်။ အပြင်ဆေးခန်းမှာ ပြနေရင်းနဲ့ ဆရာဝန်က မသက်သာရင် ဆေးရုံသာသွားပါတော့လို့ ညွှန်ရတဲ့အဆင့် ရောက်လာတယ်။ ဝေဒနာကို ခံစားနေရစဉ်မှာပဲ အာမခံဝယ်ထားတဲ့ စာရွက်စာတမ်းတွေ ပြန်ရှာဖတ်ရတယ်၊ အေးဂျင့်ကို ဆက်သွယ်ပြီး သိလိုတာတွေ မေးရတယ်။ ဆေးရုံတက်ဖို့တော့ဖြစ်လာပြီ ငါ့အာမခံက ဘာတွေဘယ်လောက်အထိ အထောက်အပံ့ပေးနိုင်လဲဆိုတာ သေချာအောင်မေးရတယ်။

အားလုံးသေချာပြီဆိုတော့ အိမ်နဲ့နီးတဲ့ အစိုးရဆေးရုံပြေးရတယ်။ လူနာမှတ်ပုံတင်လုပ်ပြီးတော့ မှတ်ပုံတင်ကြေးပေးရမယ်ဆိုတော့ ငါ့မှာ အာမခံဝယ်ထားတာ ရှိတယ် ကုပ္မဏီက ပေးလိမ့်မယ်လို့ ပြောလိုက်တယ်ဆိုရင်ပဲ ကွန်ပြူတာလေး နှိပ်ပြီးတော့ သူရို့စနစ်တွေထဲ စစ်ကြည့်ပါတယ်၊ အာမခံ ကုပ္မဏီတွေက သူတို့ဆီက အာမခံ ဝယ်ထားသူတွေစာရင်းကို ဆေးရုံတွေမှာ စာရင်းပေးထားတော့ အာမခံဝယ်ထားတယ်ဆိုရင် တစ်ပြားမှ မပေးရပါဘူး။ အဲဒီနောက်တော့ ဆေးရုံဘယ်အခန်းမျိုးမှာနေမယ်ဆိုတာ ရွေးရပါတယ် အဲဒီမှာ ကိုယ်ပေးထားတဲ့ အာမခံ ပရီမီယံအရ ရွေးချယ်လို့ရတဲ့ အခန်းမျိုးတွေရွေးပြီးပြီဆိုရင် ပဏာမဆေးစစ်တာတွေလုပ်ပြီး ကိုယ်နေရနမယ့် နေရာပို့လိုက်တော့တာပါပဲ။

တိုတိုပြောရရင်တော့ ဆေးရုံမှာ ၃ ရက်နေခဲ့ရတာရယ် ခွဲစိတ်ကုသတာတွေအားလုံးရယ်ကို ဆေးရုံကဆင်းခါနီးမှာ တစ်ပြားမှ ပေးစရာမလိုတဲ့အကြောင်း ဆေးရုံငွေစာရင်းဌာနကတစ်ယောက် လာပြောတယ်။ ဪ.. အာမခံကျေးဇူးပေပဲလို့ ဝယ်ထားမိတဲ့ ကိုယ့်ဘာကိုယ် ကျေးဇူးပြန်တင်ရတော့တာပဲ။ ပြောရရင်တော့ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူး ဖြစ်ရင်တော့ ကုန်ပေါက်ချည်းပါပဲ။  တစ်နှစ်တစ်နှစ်ကို မုန့်ဝယ်စားရင် ကုန်သွားမယ့် ပမာဏလောက်ကို ဆေးကုသဖို့စားရိတ်အဖြစ် ရင်းနှီးမြုတ်နှံထားတယ် ပြောရမလား၊ မကျန်းမမာဖြစ်ရင် ခက်မယ်ဆိုတဲ့ ပူပန်မှုမျိုးတော့ ပူနေစရာ မလိုတော့တာ အမှန်ပဲ။

အာမခံထားရှိဖို့အရေး အတော်ဆွေးနွေးထားရတဲ့ အိမ်ကမိန်းမလဲ အရင်နှစ်တွေကဆို ဘာမှမဖြစ်ပဲ နှစ်စဉ်ပေးနေရတယ်ဆိုပြီး ဗျစ်တောက်ဗျစ်တောက် လုပ်ခဲ့တာတွေဟာ အခုလို အကျိုးကျေးဇူးလေး မြင်လိုက်ရတော့မှ တော်ပါသေးရဲ့ ဖြစ်နေတော့တယ်။

594 views