ကိုယ့်အကြောင်း သောင်းပြောင်း

ဧပြီလဆန်းကလောက်အထိ ဖြစ်ညှစ်ရေးပြီးသကာလ ဘာမှဆက်မရေးဖြစ်တော့တာ ၂လကျော်ကျော် ရှိပါပေါ့။ ကိုယ်ကလဲ ရသတွေရေးတဲ့လူမဟုတ်တော့ ကွာလတီထိမ်းနေတာ မဟုတ်တာတော့ သေချာပါတယ်။ စိတ်ထဲရှိတာရေးတာများတော့ အခုနောက်ပိုင်း စိတ်ထဲရှိသလို ရေးလို့မရတော့အောင် နယ်မြေကျဉ်းမြောင်းသွားတယ်လို့ ခံစားလာရတယ်။ (ဆင်ခြေဆင်လက်တွေ ပေးနေတာလား ပြန်စဉ်းစား။)

မိဘတွေ အလည်အပါတ်လာရာကနေ ပြန်သွားတော့ မိဘလွမ်းနာကျသွားတယ်။ လင်မယား၂ယောက်ထဲ ငေါင်းစင်းစင်းကျန်နေခဲ့တယ်။ မိဘတွေလာမယ်ဆိုကထဲက အပြောင်ရှင်းထားတဲ့ အိမ်မှာ အိမ်ငှားထပ်တင်ဖို့ မရှာသေးပဲ ၂ယောက်ထဲ တစ်ကမ္ဘာလုပ်နေကြရာက ဘဏ္ဍာရေးအခြေအနေ မီးနီပြလာတာကြောင့် လူငှားပြန်တင်လိုက်တာမယ် ပျောက်နေတဲ့ မုဒ်ဟာ ​နောက်လာတဲ့ အကြည်ဓာတ်နဲ့ပေါင်းပြီး ပျော်ပျော်ကြီး ခရီးဆက်သွားကြတယ်။

ဒီကြားထဲမယ် လေးနှစ်လောက် လည်သလိုလုပ်စားနေတာလေး အလည်ရပ်မသွားခင် ဆီဖြည့်ဖို့ သတိရလိုက်တာနဲ့ ကုန်းရုန်းထပြီး ကမူးရှုးထိုး ထလုပ်တာတွေနဲ့ လူက အရမ်းအလုပ်များသွားတယ်။ ကိုယ့်ဘလော့ကိုယ် အလည်လာတဲ့အခါမယ် အင်္ကျီရောင်းရောင်းနေတဲ့ ပို့စ်ကြီးက တော်တော်ခေတ်နောက်ကျနေပြီဆိုတာကို သတိပေးနေသလို၊ ဘာသိဘာသာ နေလို့မရတော့သလိုလို ခံစားလာရတာကြောင့် တစ်ခုသော နေသာတဲ့ အင်္ဂါနေ့မှာ ထင်ရာတွေရေးလိုက်ပါတယ်။

စာမရေးဖြစ်တဲ့ ဒီလတွေထဲမှာ အားအရဆုံးကတော့ Facebook သုံးတာကို သိသိသာသာ လျှော့ချနိုင်လာတာကိုပါပဲ။ စာမရေးဖြစ်တာ ဖေ့စ်ဘုတ်သုံးနေလို့ ဆိုတဲ့အပြစ်တင်ခံရမှုကနေတော့ လွတ်တာပေါ့၊ နေက်ပြီး ဖေ့စ်ဘုတ် မသုံးဖြစ်တဲ့အခါ အရင်ကလို ဆေးစွဲသလိုဖြစ်နေတဲ့ ခံစားမှုကို ကျော်လွှားသွားနိုင်တာကိုတော့ ကျေနပ်မိတယ်။ ဒါပေမယ့် နောက်ထပ်စွဲစရာတစ်ခုက မထင်မှတ်ပဲ ရသွားတယ်။

တလောလေးက ဖိဖိစီးစီးစာကလေးဖတ် ရိုးသားတဲ့ ဖိုးသခွားလုပ်နေလိုက်တာ အချိန်တန်လို့ လုပ်စရာရှိတာလုပ်ပြီးတဲ့အခါ ခဏအပန်းဖြေမဟဲ့ဆိုပြီး မနူးမနပ်နဲ့ တီဗွီစီးရီး တစ်ခု အင်တာနက်ကနေ ဒေါင်းလုဒ်ချတယ်။ 24 Hour ဆိုတဲ့ TV Series ကို သဲသဲမဲမဲ ထိုင်ကြည့်တာ နားလိုက်ကြည့်လိုက်နဲ့ အခုဆို အပိုင်း ၇ ရောက်သွားပြီ။ အဲဒါကလဲ ဆေးစွဲသလိုစွဲတယ်။  အပိုင်းတစ်ပိုင်းမှာ အခန်းဆက် ၂၄ခန်းနဲ့ တစ်ခန်းကို ပြသချိန် ၄၄မိနစ်ကြာတယ်။ စုစုပေါင်း အပိုင်း (၈)ပိုင်းရှိတယ်လေ။ (Download Link: http://goo.gl/CyQWo)

လူ့ဘဝဆိုတာ အမြဲတမ်း စိတ်ချမ်းမြေ့စရာတွေနဲ့ချည်း ပြည့်နှက်မနေဘူး မဟုတ်လား။ ဒီကာလအတွင်းမှာ စာပေဟောပြောပွဲတွေလဲ သွားဖြစ်တယ်၊ လူမမြင်ဖူးပဲ သိနေတဲ့လူတွေနဲ့လဲ လူချင်းဆုံဖူးသွားတယ်။ စင်ကာပူဟာ ဟိုးလွန်ခဲ့တဲ့ ငါးနှစ်တုန်းကထက် ပိုကျဉ်းသွားသလိုလဲ ခံစားလာရတယ်။ နေရာစုံကို မရောက်ဖူးပေမယ့်လဲ ဘယ်မှမသွားချင်တဲ့ စိတ်က အမြဲနေရာယူထားတယ်၊ ဒါဟာကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။ ကြုံရဆုံရ ရှတတတွေကိုလဲ အရင်ကလို လက်ရဲဇက်ရဲ မရေးနိုင်တော့ဘူး၊၊ ဒါဟာလဲကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး။

၂၀၁၁ အစဟာ အရှိန်ပြင်းပြင်း အပြောင်းအလဲများစွာနဲ့ စတင်လိုက်တဲ့အခါမယ် အံ့ဩဘနန်း ရင်သတ်ရှုမော စိတ်မောစရာတွေလဲ အခန်းဆက် ရုပ်ရှင်ကြည့်ရသလိုပဲ အနိမ့်အမြင့်လှိုင်းတွေဟာ ဟောတစ်လုံး ဟောတစ်လုံးနဲ့ မရိုးနိုင်အောင်ပါပဲ။ အူလည်လည် ခံစားနေရတဲ့ အချိန်မယ် ပူလောင်ရှတတဲ့ အရသာရှိတဲ့ အရည်တစ်မျိုးမျိုးနဲ့ တွဲဖက်လို့ မျိုးကျော့်မြိုင်ရဲ့ ၂မိနစ်နောက်ကျ ဆိုတဲ့ သီချင်းဟာ Play Back ဖွင့်ထားလို့ သိပ်အကောင်းဆုံး သီချင်းပါပဲ။

သူ့အလှည့် ကိုယ့်အလှည့် ဘယ်သူမှ ညှိမထားပါပဲနှင့် ဟိုအရင်က ကျောင်းတက်နေတဲ့လူတွေ ကျောင်းတွေပြီးလို့ အလုပ်တွေဝင်လုပ်ကုန်ကြတော့ ကိုယ်ကကျောင်းသင်ခန်းထဲ ပြန်ဝင်ဖို့ ကြိုးစားမိတယ်။ ဝလုံးကလေး ဝိုင်းဝိုင်းရေး ဆိုတာတွေ သင်နေတဲ့ ကျောင်းမဟုတ်တော့ နဂိုက မရွှင်တဲ့စိတ်ကို ထပ်ပြီးလေးပင်အောင် ဖိလိုက်သလိုဖြစ်သွားတယ်။(ပိုက်ဆံပေးပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာတယ်လို့ ဆိုနိုင်ပါတယ်။) ဒါပေမယ့် လူချင်းမမြင်ရတဲ့ Virtual World မှာတော့ ကျွန်တော်ဟာ အမြဲပျော်နေတဲ့လူပါပဲ။

သူဌေးတွေဟာ အကြွေးနဲ့ ချမ်းသာကြတာကွ ဆိုတဲ့ ဘယ်သူပြောမှန်းမမှတ်မိတော့တဲ့ စကားကို သိပ်ကြိုက်နေတယ်။ သို့ပေတဲ့ ကဒ်ကလေးလှတယ်ဆိုပြီး မနူးမနပ်နဲ့ လျှောက်ထားပြီး ကိုယ့်ဘဝရဲ့ ပထမဦးဆုံး အကြွေးကဒ်ကို ငါမသုံးဘူး အလှကြည့်မယ် လုပ်ထားလိုက်တာ တစ်နှစ်ပြည့်တော့ သကောင့်သားက မသုံးထားတာကိုမှ မျက်နှာမထောက် ကဒ်ဖိုးဆိုပြီးတောင်းလာတာကို အောင့်သက်သက်နဲ့ ပေးလိုက်ရတယ်။ မပေးခင်တုန်းကတော့ ငါမှမသုံးတာ မပေးဘူး စဉ်းစားသေးတယ်။

တကယ်တော့ အကြွေးဝယ်ခွင့်ကဒ်ပြားဆိုတာ သုံးဖို့လိုတဲ့အချိန်မှာသာ ကောင်းပြီး ပေးဖို့လိုတဲ့အချိန်ကျတော့ မကောင်းတဲ့ ကဒ်မျိုး။ သူက ကျားမီးဆွဲလိုက်သလိုပဲ လွှတ်မယ်ဆိုရင်လဲ လွတ်အောင်ပြေးမှ မလွှတ်နိုင်သေးရင်တော့ သူ့နောက် တစ်ကောက်ကောက်လိုက်နေပေတော့ပဲ။ ကဒ်ဖိုးပေးရတာ တန်အောင်သုံးမယ်ဟလို့ လုပ်လို့မရတဲ့ကိစ္စမျိုးမဟုတ်လား။  ကိုယ့်လည်ပင်းကိုယ်ပြန် ကြိုးကွင်းစွတ်နေတာမျိုးကြီးလေ။

အနောက်နိုင်ငံ တော်တော်များများမှာ Facebook အသုံးပြုတာကို လျှော့ချနေကြတယ်လို့ သတင်းဖတ်လိုက်ရတယ်။ သို့သော် သန်းပေါင်းများစွာကတော့ ဆက်အသုံးပြုနေဆဲပါပဲ။ ခေတ်ကာလကိုက လူနည်းစုဖက်မှာနေတာ ကောင်းတဲ့ခေတ်ဆိုတော့ အသုံးလျှော့မိတာကို ဘာမဆိုင်ညာမဆိုင် ကျေနပ်နေမိသေးတယ်။ အသက်လဲကြီးလာပြီဆိုတော့ ကလေးကလားတွေ သိပ်လုပ်နေလို့ မတော်တော့ဘူးလို့လဲ ဆန့်ငင်ဆန့်ငင်တွေးနေမိတယ်။

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာလို့ ပြောမယ်ဆိုရင် ကံဆိုးနေတဲ့ မိန်းမတွေကို စော်ကားရာကျမယ်။ ဒီနှစ်စပိုင်းလောက်က ငါးနှစ်တာကာလလုံး ကင်မရာမျိုးစုံနဲ့ လျှောက်ရိုက်ထားတဲ့ ဓာတ်ပုံတွေဟာ external HDD သုံးလုံးနဲ့ တစ်စစီပြန့်ကျဲနေတဲ့အတွက် သတ်သတ်ရပ်ရပ်ဖြစ်သွားအောင်ဆိုပြီး 1TB external HDD တစ်လုံးဝယ်ပြီး တစ်နေရာထဲ စုထည့်ထားလိုက်တာ ပြီးခဲ့တဲ့လက HDD လက်ထဲကလွတ်ကျသွားတာမှာ ဘာမှအဖတ်ဆယ်လို့ မရလိုက်တော့ဘူး။ ကိုယ့်ပုံတွေက ပရိုပုံတွေ မဟုတ်သော်လည်း အဲဒီပုံတွေထဲမှာ ဖြတ်သန်းလာခဲ့တဲ့ ဘဝတွေရဲ့ အရိပ်တွေပါတယ်။ မိဘတွေ ဒီလာလည်သွားတုန်းက အမှတ်တရရိုက်ထားတာတွေ အကုန်ပါကုန်တယ်။

မကောင်းတာတွေချည်းဖတ်နေရတာ စိတ်ပင်ပန်းစေပါတယ် ကောင်းတာလေးလဲ နဲနဲပြောဦးမှပါ။ ရုံးကဆေးခန်းမှာ တစ်လတစ်ကြိမ်ဆေးမှန်မှန်ယူနေရာကနေ အထူးကုနဲ့ ခဏခဏသွားပြခိုင်းနေလို့ ဒါလောက်တောင်ရှိလှတာဆိုပြီး အရင်ကကြိုက်တဲ့ အစားအစာတွေ တစ်ခုမှမစားပဲ ခပ်စိမ်းစိမ်းနေပလိုက်တယ်၊ ကွေကာအကြမ်းကို သကြားမပါပဲ ပဲနို့ပူပူလေးနဲ့တွဲစားတယ်၊ တစ်ပါတ်ကို အများဆုံး သုံးရက် Tennis ကစားတယ်၊ ရေနွေးကြမ်း ခဏခဏသောက်တယ်၊ အဲလိုစားတာသောက်တာ မှန်မှန်ကစားတာ တစ်လအကြာမှာတော့ ဆရာဝန်က သွေးစစ်ဖို့လောဆော်တာနဲ့ သွေးစစ်ကြည့်တာ bad cholesterol တော်တော်ကျသွားတယ်။ ကျွန်တော်ကတော့ ဘယ်လိုမှမနေဘူး ဆရာဝန်ကတော့ တော်တော်ပျော်သွားပုံရတယ်။ ဆက်ထိမ်းထားပါဆိုပြီး ကျေနပ်သွားပုံပဲ။

လောလောဆယ်မှာတော့ scam call တွေခဏခဏ လက်ခံရနေတယ်။ တကယ်တန်း တရတ်စပ် အခေါ်ခံနေရတာက ကျွန်တော့မိန်းမ။ သူ့ဆီကို ခဏခဏ ဖုန်းမှားမှားဝင်နေတာ အတော်ကြာပြီ။ ဖုန်းမှားတယ်ပြောလိုက်လဲ ဟိုဖက် ရှေ့ဆက်ပြီး ဟိုဟာမေး ဒီဟာမေးနဲ့ တော်တော်နဲ့ မပြီးနိုင်ဘူး။ ဒါနဲ့တစ်ရက် အဲဒီဖုန်းလိုင်းဝင်လာတော့ ကျွန်တော်လဲ အိမ်မှာရှိနေတာနဲ့ ဖုန်းပြောလိုက်တယ်၊ အောင်မယ် ကိုယ်တော်က တစ်ကြိမ်နဲ့တစ်ကြိမ် လူမေးတာချင်း မတူဘူးခင်ဗျ။ ပထမတစ်ကြိမ် ဒီဖုန်းဟာ မဒမ်အမီတာရဲ့ဖုန်းလားလို့ မေးပြီးလို့ နောက်တစ်ကြိမ်ထပ် ကိုင်လိုက်ရင်လဲ မေးတာက နောက်တစ်ယောက် ဆက်တာကတော့ ဒီလူပဲ လေသံကိုမှတ်မိနေပြီ။ နောက်ဆို လိပ်စာတွေပါမေး၊ အိုင်စီနံပါတ်တွေပါ မေးနဲ့လုပ်လာလို့ မင်းကို ရဲစခန်းသတင်းပိုက်လိုက်မှာလို့ ပြောယူရတယ်။ ဒါလဲ မမှုပါဘူးဗျာ ဆက်ခေါ်နေတုန်းပါပဲ။

ပြီးခဲ့တဲ့ အပါတ်ထဲကတော့ အတန်းထဲ စာသင်နေတုန်း miss call တစ်ခုရတယ်။ အတန်းနားတော့ ပြန်ခေါ်မယ်လုပ်ပြီး သတိရသွားတာနဲ့ ဖုန်းနံပါတ်ကို Google မှာရိုက်ထည့်ပြီး ရှာလိုက်တာ အဲဒီနံပါတ်ဟာ ရာဇဝင်နဲ့ဆိုတာ ဖတ်လိုက်ရတယ်။ ခေတ်မီသွားပါလားလို့တောင် တွေးမိလိုက်ရပါသေးတယ်။

ဘာပဲဖြစ်ဖြစ် ဘလော့ကိုဘလော့လို ရေးနိုင်အောင် ကြိုးစားပါဦးမယ်၊ လောလောဆယ်တော့ ဟိုတစ်စ ဒီတစ်စတွေနဲ့ ရှုတ်ထွေးနေရင်း……


1,718 views

18 Responses to ကိုယ့်အကြောင်း သောင်းပြောင်း

  1. CalmHill says:

    ၂ မိနစ်နောက်ကျ မဟုတ်ဘူးထင်ပါတယ် ၁ မိနစ်နောက်ကျပါ :P

  2. songchanmoe says:

    တချို့ဖတ်ရတာ စိတ်မကောင်းလှပေမယ့်.. ရေးထားတာ သိပ်ကောင်းတယ်ဗျာ..အတွေးတွေရသွားတယ်..ကျေးဇူးပါကိုုဒီဘီ

    • MrDBA says:

      ဘာတွေးစရာမှ မပါပါဘူးဗျာ .. အရည်မရ အဖတ်မရတွေ လျှောက်ရေးတာပါ။

  3. zt says:

    ခရက်ဒစ်ကတ်ဒ် အတွက် ဘဏ်ကို ဖုန်းဆက်ပြီး Waiver မတောင်းဘူးလား။ ဘဏ်ကတော့ နှစ်တိုင်း နှစ်စဉ်ကြေးဆိုပြီး ဖြတ်တာပဲ။ ဖုန်းဆက်ပြီး ပြန်တောင်းရင် ပြန်ပေးတယ်။ :D ကျွန်တော်လည်း မသိခင်တော့ ခဏခဏ ခံရတာပေါ့။

    • MrDBA says:

      ဟုတ်လား …အဲလိုရမှန်း မသိဘူး။ ဆက်ကြည့်ဦးမယ်။

      • mabaydar says:

        ၃ လတောင် ကြာနေပြီဆိုတော့… wavier တောင်းလို့ရတာ ပြောတော့ဘူးး… waiver တောင်းပြီးပြီလားလို့ပဲ မေးတော့မယ်… wavier မရ ရင် နင်တို့ ကတ်ကို မသုံးတော့ဘူးပြောလိုက်… ပေးကိုပေးတယ်… တစ်ခါတစ်လေတော့လာသေးတယ်… အနည်းဆုံး ၁၀၀ သုံးပြီးရင် ဖြတ်ပေးပါမယ်ဘာညာဆိုပြီး..
        ခွက်ဒစ်ကဒ်က အိုင်တီရှိုးတို့ ကျောင်းလခတို့မှာ 0% အင်စတောမန့် ပေးရင်တော့ အသုံးဝင်ပါတယ်… မရှိမကောင်း ရှိမကောင်းပါ… ပို charge တာတွေကို သတိထားရမယ်… အမြဲတမ်း သူတို့ကို ဖုန်းခေါ်ပြီး ပြောနေရမယ်… ကိုယ်လဲ အလွန် အကျွံမသုံးဘူးဆိုရင် ကောင်းပါတယ်..

  4. pm says:

    စိတ်လျော့ တာကိုး စိတ်လျော့ XD

  5. Boyz says:

    ဘာတွေဖြစ်…. တစ်ရက်လောက် ဘီယာသောက်မယ်လေ.. အစ်စ်ကုဒ်မှာ…။ :P

  6. su says:

    ဟုတ်တယ် ဆြာရဲ့
    သူတို့ကိုcancel လုပ်မယ်ဆိုရင် နှစ်စဉ်ကျေးကို waiveလုပ်ပေးတယ်
    နှစ်တိုင်းလုပ်စားလာတာကြာပေါ့

  7. ကောင်းသဗျာ။ တစ်ခါလာလည်း မဲပြာပုဆိုး၊ နောက်တစ်ခါ လာဖတ်လည်း မဲပြာပုဆိုး။ အသစ်မရှိတော့လည်း အဟောင်းတွေပြန်ဖတ်။ အဲဒါပဲဗျ ဘုရားဟောတဲ့ “နတ္ထိပစ္စယေန ပစ္စယော” လူရွှင်တော် ဧရာပြောတဲ့ “ခင်လှူင် မင်း ဘာမှ မကရသေးတာကိုက ကောင်းနေတာ”ဆိုတာ။ နာမည်ကြီးနည်းပညာသမား(တကယ်အလုပ်လုပ်သူ)တွေရဲ့ ဆိုက်တွေကို တစ်နေ့တစ်ခေါက်တော့ ရောက်တယ်။ အသစ်မရှိတော့ အဟောင်းတွေပဲ ပြန်ဖတ်တယ်။ အဟောင်းတွေထဲမှာ အကောင်းတွေက အများကြီး။ ပို့အသစ်မရှိလို့ အဟောင်းပြန်ဖတ်တာ။ ပို့အသစ်ရှိရင် အသစ်ပဲဖတ်ပြီး အာသာပြေတော့ ြပန်သွားရော။ အဟောင်းမဖတ်ြဖစ်ဘူး။ ပို့စ်အသစ် မရှိတာကိုက ပို့အဟောင်းတွေကို ပြန်ဖတ်ဖို့ “နတ္ထိပစ္စည်း(ဘာမှ မရှိတဲ့ သတ္တိ)နဲ့ ကျေးဇူးပြုထားတာ။
    အင်း အသစ်ရှိရင်တော့ အသစ်ပဲ ဖတ်ချင်သပေါ့ဗျာ။

  8. Pifpif says:

    Hello from Mogok :) )

  9. Thiha Thit says:

    လွမ်းလွမ်းနဲ့ လာဖတ်သွားတယ်။ ဒီပို့စ်လေးတောင် တစ်နှစ်ပြည့်တော့မယ်။ အသစ်ရေးပါအုံး.. :)
    THT

  10. nay zar aung says:

    ရာဇဝင်နနဲကဖုန်း နံပါတ်ဆိုတာ နားမလည်ဘူးဗျ…

    တစ်ချက်လောက် ရှင်းပြပေးပါလား

Leave a Reply

Your email address will not be published. Required fields are marked *

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Random Pages created by Best Accounting Services
  • RSS
  • Twitter
  • Facebook