မလေးရှား ၄

ရေးမယ့်သာရေးရတာ ဒီရက်ပိုင်းက ကြီးတော်ကြီးရဲ့ ရန်ကုန်ပြန်စီးရီးရယ်၊ မင်္ဂလာဆောင် သတို့သားစီးရီးတွေရယ်က အတွဲလိုက်ထွက်နေတာဆိုတော့ ကိုယ့်စီးရီးလေး တိုးမပေါက်မှာ စိုးရသေးတယ်။ နေ့လည်ကတော့ Google Analytics ထဲရောက်သွားတာနဲ့ ဘလော့ ဇယားကြည့်လိုက်တာ မျဉ်းတစ်ကြောင်းက အောက်ခြေနားမှာ ခပ်တည်တည်နဲ့ ငြိမ်ငြိမ်လေး ရွေ့လျားနေတာ တွေ့တာနဲ့ မဖြစ်ချေဘူးဆိုပြီး အခုလိုရေးရတော့တာပါပဲ။

ထမင်းစားပြီးတယ်ဆိုလျှင်ပဲ အဲဒီအတွင်းမှာပဲ လှည့်ပါတ်ကြည့်ဖို့သာ ရှိတော့တာပေါ့။ အပြင်မှာကလဲ မိုးတွေရွာဆိုတော့ ဓာတ်ပုံများများစားစား ရိုက်စရာ မရှိလေတော့ဘူး။ မိခင်ကြီးကတော့ ထုံးစံအတိုင်း လီမစ်ပြည့်ပြီမို့ ဘယ်မှ ဆက်မလျှောက်ချင်တော့ပါဘူး။ သူထိုင်ဖို့နေရာချည်းရှာနေတော့တာပါပဲ။ ဖခင်ကြီးခမျာမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ချင်တဲ့လူပါ။ သို့သော်လည်းတဲ့ပေါ့လေ လင်နဲ့မယား တစ်သားထဲ ဖြစ်နေရမယ်မဟုတ်လား။ သူ့မိန်းမအနားက ဘယ်မှမခွာပါဘူး။ တကယ်ဆို ကျွန်တော်တို့က လွန်ခဲ့တဲ့ ၃နှစ်လောက်က တစ်ခေါက်ရောက်ဖူးပါတယ်။ အတွင်းဖက်ဆိုတာကလဲ သိပ်ကြည့်စရာ များများစားစား မရှိလေတော့ ရောက်ပြီးမှ ငုတ်တုတ်ထိုင်နေရရင် မတန်မှာစိုးလို့ အပျင်းပြေ တစ်ပါတ်လျှောက်ပတ်ကြည့်လိုက်ပါတယ်။

ဒီနှစ်ကတော့ အတွင်းရော အပြင်မှာပါ ဓာတ်ပုံမရိုက်ဖြစ်ပါဘူး။ တစ်ခေါက်ရောက်ဖူးတယ်ဆိုတဲ့ အသိက ဓာတ်ပုံထပ်ရိုက်ဖို့ စိတ်ကူးစိတ်သန်း ကောင်းကောင်း မထွက်အောင် ပိတ်ပင်ထားသလို ဖြစ်နေပါတယ်။ အခုလိုရေးခါနီးကျတော့ တော်တော်နောင်တရပါတယ်။ ဒါနဲ့ပဲ လွန်ခဲ့တဲ့ ၃နှစ်လောက်က ရိုက်ထားတဲ့ ပုံတွေကို Hard Disk ထဲပြန်ရှာရင်း အခုလို ရေထိုးလိုက်ရပါတယ်။

အဲဒီတုန်းက ရန်ကုန်မှာတုန်းက တစ်ရုံးထဲ အတူတူလုပ်ခဲ့တဲ့ အပေါင်းအသင်းတွေနဲ့ တူတူသွားတာမို့ သူတို့ပုံတွေ ခွင့်မတောင်းပဲ တင်လိုက်ပါတယ်။ မိန်းခလေးတွေက ဆံပင်တွေနဲ့မျက်နှာကို ကာပြီးသားဖြစ်လို့ ကိစ္စမရှိတော့ပါဘူး။

တောင်အောက်ပြန်ဆင်းဖို့ ကားလက်မှတ်က ဝယ်ထားပြီးသားမို့ အပြန်လမ်းမှာ ဈေးနဲနဲဝယ်ဖို့အတွက် ညနေသုံးနာရီလောက်မှာ အပေါ်ကိုပြန်တက်ကြပါတယ်။ လိုက်ပို့တဲ့ကောင်လေးက အပြန်လမ်းမှာ ချိုချဉ်နဲနဲဝယ်ဦးမယ်ဆိုလို့ သူခေါ်သွားတဲ့ ဆိုင်ထဲ ရောက်ပါတယ်။ အဲဒီမှာတွေ့တာပါပဲ။

သရက်သီးခြောက်လေ … သရက်သီးခြောက်။ တစ်ဆိုင်လုံး အသီးခြောက်အချိုတွေ၊ သကြားလုံးပျော့တွေ ရောင်းတယ်။ သူတို့ချင်တွယ်ထားတဲ့ အထုပ်လေးတွေကို ဝယ်နိုင်သလို ကိုယ်ကြိုက်သလောက်လဲ အလေးချိန်နဲ့ ဝယ်နိုင်ပါတယ်။

စိတ်ကြိုက်ရွေးဝယ် မြည်းဟယ်စမ်းဟယ်လဲ လုပ်လို့ရပါသေးတယ်။ အမြည်းနဲ့တင် ဗိုက်တင်းလောက်ပါတယ်။

ဝယ်တယ်၊ ဝယ်တယ်… စင်ကာပူအတွက်ဝယ်တယ်၊ ရန်ကုန်ပြန်အတွက်ပါဝယ်တယ်။ ပိုက်ဆံတွေ ရွှမ်းကနဲ ရွှမ်းကနဲ ထုတ်ရှင်းလိုက်ရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်ပါဘူး။(ဟမ်) စင်ကာပူမှာလို ပလတ်စတစ်ကဒ်လေးပေးပြီး ပစ္စည်းယူလာရတာမျိုးမဟုတ်ပဲ ရန်ကုန်မှာလို ငွေအထပ်လိုက်ပေးပြီး ပစ္စည်းယူလာရတဲ့ အရသာမျိုးပါ။

ဒီလိုနဲ့ တောင်အောက်ပြန်ဆင်းလာခဲ့ကြတယ်ပေါ့ကွယ်။ ညနေဖက် KLCC Tower ကိုဓာတ်ပုံသွားရိုက်ချင်လို့ Sunway Lagoon သွားမယ့်ဟာကို KLCC သွားပြီးမှ သွားမယ်လို့ အစီအစဉ်ပြောင်းလိုက်တယ်။ အဲဒါဟာ ကိုယ်မှားသွားတယ်ဆိုတာ နောက်ကျမှ သိခဲ့တယ်ကွယ်။

Tags :
5,168 views