မလေးရှား ၃

မရေးတာကြာပြီဖြစ်လို့ မလေးရှားခရီးစဉ်လေး ဆက်လိုက်ပါဦးမယ်။ ဒီဖက်နှစ်ထဲရောက်မှ အလုပ်ကလဲတော်တော်များတာနဲ့ ခရီးစဉ်ကို ဆက်မရေးပဲ ရပ်ထားတာကနေ ဆက်ရေးဖို့ လက်နှေးသွားတာလဲ ပါမယ်ထင်ပါတယ်။ သို့သော်လည်း ခရီးဆုံးအောင်တော့ ရေးမှပါဆိုပြီး ကြိုးစားရေးလိုက်ရပါပေတယ်။

မလေးရှားသွားလို့ Genting သွားကြရင် စီးဖို့အကောင်းဆုံးက Cable Car ပါပဲ။ ခရီးရှည်တာမို့ အချိန်ကြာကြာလဲ စီးရသလို တောတွေ တောင်တွေပေါ်က ဖြတ်သွားတာမို့လို့ တောတောင်ရှုခင်းတွေကြည့်လို့ကောင်းသလို တိုက်ဆိုင်လျှင် တိမ်တွေအပေါ်ကိုလည်း ရောက်သွားနိုင်သေးတာမို့လို့ စင်ကာပူမှာ ဆင်တိုဆာကို Cable Car စီးတာလောက်ကို ရယ်တာပေါ့လို့ ပြောလို့ရလောက်အောင် စီးရတာ တန်ပါတယ်။

လမ်းမှာလဲ ဒေါက်တိုင်တွေနေရာကို ရောက်လျှင် စီးရတာ ဂလုံးဂလုံးနဲ့ အသည်းယားစရာ ကောင်းတယ်။ အသွားအပြန်နှစ်ကြောင်းစီးပါမှ ရင်းဂစ်၁၀ပဲ ပေးရတာပါ။ စင်ကာပူမှာတုန်းက မိဘတွေရောက်နေတုန်း Cable Car ကြာကြာစီးရအောင်ဆိုပြီး Mount Faber ပေါ်ကနေ ဆင်တိုဆာအထိ စီးဖို့ဝယ်တာ အပြန်မှာပြန်မလိုက်တော့တာကြောင့် တစ်ကြောင်းထဲဝယ်စီးတာ တစ်ယောက်ကို ၄၀တောင်ပေးစီးရတဲ့အပြင် ခဏလေးစီးရတာမို့ မတန်ပါဘူး။

အဲဒီလိုနဲ့ တောင်ပေါ်ရောက်တော့မယ်ပေါ့ကွယ်။ ခပ်လှမ်းလှမ်းကနေ တောင်ပေါ်က အဆောက်အဦးတွေကို မြင်နေရပြီပေါ့။

အဲဒီလိုနဲ့ တောင်ပေါ်ရောက်တယ်ပေါ့ကွယ်။ (မရောက်လို့လဲ မဖြစ်တော့ဘူး စီးရတာတောင် ၁၁မိနစ်ပဲကြာတာ၊ ရေးတာကိုစောင့်ရတာက လချီကြာနေပြီ။)

အပေါ်ကိုရောက်တယ်ဆိုရင်ပဲ ၁၂နာရီထိုးနေပါပြီ။ နေ့တစ်ဝက်ကုန်သွားပါပြီ။ တကယ်မှာဆို လူငယ်တွေချည်းဆို စောစောသွား ကြာကြာနေ လျှောက်ဆော့၊ ဒါမှမဟုတ် ညနေခင်းလောက်ပြန်ဆင်းပြီး KL ဖက်မှာ လျှောက်လည်၊ ဈေးဝယ် အဲဒါမျိုးတွေ လုပ်နိုင်ပါတယ်။ အခုကတော့ လူကြီးတွေ ပါတာကြောင့် အေးအေးဆေးဆေးပဲ သွားလာရတာမို့လို့ တစ်နေရာဆို တစ်နေရာပဲ ခရီးရောက်ပါတယ်။ အပိုသွားလို့မရပါဘူး။

တောင်ပေါ်ရောက်တာနဲ့ နေ့လည်စာစားဖို့ လုပ်ရပါတယ်။ Cable Car ပေါ်ကဆင်းတာနဲ့ အဆောက်အဦးထဲဝင်၊  ဟော်တယ်ကြီးထဲကဖြတ်၊ ကစားကွင်းတွေကျော်၊ စက်လှေခါး သုံးခါလောက် ဆင်းလိုက်တာနဲ့ စားသောက်စရာတွေရောင်းတဲ့ နေရာရောက်ပါလေရော။ (မှတ်နည်းက ဟန်မကျလား၊ လွယ်လိုက်တာ။)

လိုက်ပို့တဲ့ကောင်လေးက စားစရာသောက်စရာတွေမှာဖို့ဆိုင်တွေ လိုက်ပို့ပေးပါတယ်၊ မဟုတ်လဲ စင်ကာပူမှာ ဟော်ကာမှာ မှာစားသလို ဝယ်ရတာမို့ စိတ်ထဲဘယ်လိုမှ မနေပေမယ့် စားမယ်လို့ရွေးလိုက်တဲ့ဆိုင် ရောက်တယ်ဆိုလျှင်ပဲ ဆိုင်ကဝန်ထမ်းကို ဗမာလိုပြောပြီး မှာလိုက်တာကြောင့် အတော်အံ့အားသင့်ရပါတယ်။ ကိုယ့်ဘာသာဆို အင်္ဂလိပ်လို ပြောမှာဖြစ်မှာပါ။ သူ့အပြောအရတော့ ဆိုင်တိုင်းမှာ ဗမာဝန်ထမ်းတွေရှိပါသတဲ့။

လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး ခေါက်ဆွဲပြုတ်၊ ခေါက်ဆွဲကြော် အဲဒါပဲဝယ်စားလိုက်ကြတယ်။ ဓာတ်ပုံလား ဟင့်အင်း မရိုက်နိုင်လိုက်ပါဘူး။ မနက်က အဝတီးထားတဲ့ မနက်စာဘူဖေးဆိုတာ ဘယ်ပျောက်သွားမှန်းတောင် မသိပါဘူး။ ဆာတယ်ဆာတယ်နဲ့ စားလိုက်ကြပါတယ်။ လုံးဝမရိုက်ဘူးတော့ မဟုတ်ပါဘူး တဝက်လောက်မှာ သတိရလို့ လူပုံတွေနဲ့ပါတွဲရိုက်ထားလို့ အိမ်မှာပဲ သိမ်းထားလိုက်တယ်။

တကယ်တော့ အဲဒီနေ့က မြူနှင်းတွေ ထူထူထဲထဲကြတဲ့အပြင် မိုးပါရွာသေးတယ်ထင်ပါတယ်။ ပြင်ပကစားကွင်းတွေ ပိတ်ထားပါတယ်။ ဒါကြောင့် ထမင်းစားပြီးလျှင်လဲ ဘယ်မှ သွားစရာမရှိတော့ပါဘူး။ လူကြီးတွေနဲ့ သွားတာမို့ ကစားကွင်းတွေ ဝင်ဖြစ်မှာ မဟုတ်ပေမယ့် ဟိုဟိုဒီဒီလေးလျှောက်ကြည့်မယ်၊ Colorfull Hotel ကြီးနောက်ခံထားပြီး ဓာတ်ပုံရိုက်မယ်ဆိုတာတွေ လုံးဝပစ်လိုက်ရပါပြီ။

ဒါတောင်မှ အပြင်ထွက်လို့ရတဲ့နေရာတစ်နေရာနားက ရိုလာကိုစတာ တစ်ခုဖွင့်နေတာရှိလို့ သူများတွေ စီးနေကြတာ ခဏသွားကြည့်လိုက်သေးတယ်။ တကယ်ဆို တက်စီးပြီး အားရပါးရ အော်ခဲ့လိုက်ရမှာ။ အလုပ်ထဲမှာ အော်ချင်တာတွေအားလုံးကို အဲဒီမှာဖွင့်ချခဲ့လိုက်ရမှာ။

ဆက်ဦးမယ်လေနော့ ပျော်ပျော်ပါးပါးပေါ့.. ဒီပိတ်ရက်မှာတော့ အကုန်ပြီးအောင် ရေးပါ့မယ်။

Tags :
3,829 views