Unicode ပြောင်းပြီ

မနှစ်က ဒီဇင်ဘာ ၂၈ / ၂၉ လောက်က ဖေ့ဘွတ်ပေါ်မယ် မိတ်ဆွေတချို့နဲ့ ရုတ်တရက် ၊ ယူနီကုဒ်သုံးကြဖို့ တိုက်တွန်းဖြစ်ကြပြီး အုံးအုံးကြွက်ကြွက်ဆုံးဖြတ်ကြပြီး ၂၀၁၁ မှစလို့ ယူနီကုဒ်စံ လိုက်နာထားသော ဖောင့်များဖြင့်သာ ရှေ့လျှောက် ဆက်လက်ရေးသွားတော့မှာ ဖြစ်ပါတယ်။ မိတ်ဆွေတွေက ၁ ရက်နေ့အမှီ အသည်းအသန် ပို့စ်တွေ ပြောင်းကြပေမယ့် ကျွန်တော်ကတော့ အလုပ်ကလည်းများနေ နှစ်ကူးညမှာလဲ မိသားစုနဲ့ ခရီးတိုတစ်ခု ထွက်ဖို့ စီစဉ်ထားတာကြောင့် ဘယ်လိုမှ အကုန်ပြောင်းဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လဲ စတိအနေနဲ့ ရှေ့ဆုံးနှစ်ပုဒ် ယူနီကုဒ်ပြောင်းပြီး ခရီးထွက်သွားပါတယ်။

အစကတော့ တိုးတိုးတိတ်တိတ်ပဲ ပြောင်းလိုက်မယ်လို့ စိတ်ကူးထားပေမယ့် စာဖတ်သူများကိုလဲ အသိပေးရင်း နောက်ပြီး ဘာတွေလုပ်ထားတယ်ဆိုတာလေးလဲ ပြောပြထားလိုက်ခြင်တာကြောင့် ဒီပို့စ်ကို ရေးဖြစ်ပါတယ်။ ယူနီကုဒ်ဘာလို့ပြောင်းတယ်ဆိုတာကို အထူးအထွေပြောပြနေမှာ မဟုတ်တော့ပါဘူး။

ကျွန်တော်တို့ စာရေးတယ်ဆိုတာကလဲ ဖတ်တဲ့လူရှိလို့ ရေးသက်ရှည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖတ်တဲ့လူအဆင်ပြေအောင် တတ်နိုင်သမျှ ကြိုးစားထားပါတယ်။ ပုံမှန်ဆိုလျှင်တော့ ဘလော့ဖတ်ဖို့ ဘလော့မှာသုံးထားတဲ့ ဖောင့်ဆိုတာကို ကိုယ့်စက်ထဲ ထည့်မှဖတ်လို့ရမှာပါ။ အဲဒီအခါမှာ တချို့က ပြဿနာတက်ကြတာက အရင်က စက်ထဲမှာ ဇော်ဂျီစာလုံးရှိတယ်၊ အခု နောက်ထပ်ဖောင့် အသစ်ထပ်သွင်းရတဲ့အခါမှာ နဂိုက ကြည့်လို့ရနေတဲ့ ဘလော့တွေ ဖတ်မရတော့ဘူးဆိုပြီး နောက်ထပ်သွင်းဖို့လိုတဲ့ ဖောင့်ကို စက်ထဲသွင်းဖို့ လက်တွန့်ကြပါတယ်။

တကယ်တော့ စက်ထဲမှာ ဖောင့်၂ခုရှိခြင်းကြောင့် ပြဿနာတတ်ရခြင်းမဟုတ်ပါဘူး၊ Web Site, Blog ရေးတဲ့လူတွေက မိမိဘလော့မှာ ဘာဖောင့်သုံးထားသလဲဆိုတာကို သေသေချာချာ မကြော်ငြာထားလို့ အခုလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ရတာပါ။ အရင်တုန်းက ဇော်ဂျီတစ်လုံးထဲ သုံးကြတော့ မကြော်ငြာထားလဲ ကွန်ပြူတာက စက်ထဲရှိတဲ့ဖောင့်ကို သိပြီးပြတဲ့အတွက် မြန်မာလိုမြင်ရတာပါ။ အခုလို ဖောင့်၂မျိုး စက်ထဲရှိနေလျှင် မိမိဖတ်နေကျ ဘလော့ကလဲ ဘယ်ဖောင့်သုံးထားမှန်း သေသေချာချာ မကြော်ငြာထားဘူးဆိုလျှင် ကွန်ပြူတာက ဘယ်ဖောင့်နဲ့ပြရမှန်း မသိတဲ့အတွက် ပေါ်ချင်တာတွေ ပေါ်လာတာပါ။

အခုကျွန်တော့ ဘလော့မှာတော့ မိမိစက်ထဲမှာ ယူနီကုဒ်ဖောင့် တစ်ခုခုရှိမနေလဲ စာဖတ်လို့ရအောင် အတွက် စေတန်ဂေါ့ဒ် လုပ်ထားတဲ့ MMUnicode Embed Plugin ကိုသုံးထားပါတယ်။ သူက WordPress Blog တွေအတွက် လုပ်ထားတာပါ။  အဲဒီ Plugin က Google Reader တွေမှာ RSS Feed ယူပြီးဖတ်နေတဲ့ လူတွေအတွက်ပါ အဆင်ပြေပြေ ဖတ်လို့ရအောင်လုပ်ထားတာပါ။ ကျွန်တော် စသုံးတဲ့ အချိန်တုန်းက ကွန်မန့်ရေးတဲ့အခါမှာ ဘာနဲ့ရေးရေး ယူနီကုဒ်ပြောင်းပေးမယ့် ကိစ္စအတွက် သူလုံးပန်းနေတုန်းပါ။ ကျွန်တော်ကတော့ မြန်မာ အိုင်တီပရိုမှာ ကိုအိမောင် ပေးထားတဲ့ Javascript လေးနဲ့ ကွန်မန့်ရေးတဲ့နေရာမှာ ဇော်ဂျီနဲ့ရေးမလား ယူနီကုဒ်နဲ့ရေးမလား ကြိုက်တာနဲ့ ရေးလို့ရပါတယ်။

ပုံမှာ မြင်ရတဲ့ အတိုင်းပါဘဲ ကွန်မန့်ပေးတဲ့ ဘောက်စ်ကလေးရဲ့ အောက်နားလေးမှာ Z နဲ့ U ဆိုပြီး ခလုပ်လေး ၂ခုတွေ့ပါလိမ့်မယ်၊ Z ဆိုတဲ့ ခလုပ်ကလေးက အဖြူရောင်ဖြစ်နေခြင်းဟာ လောလောဆယ် ဇော်ဂျီကီဘုတ်နဲ့ အကျွမ်းဝင်နေသူတွေ ဇော်ဂျီကီးဘုတ်နဲ့ စာရိုက်ပြီး ကွန်မန့်ပေးလို့ရပါတယ်။ ယူနီကုဒ် ကီးဘုတ်နဲ့မှ ရေးလိုသူများအတွက်ကတော့ U ဆိုတဲ့ ခလုပ်ကလေးကို နှိပ်ပေးခြင်းဖြင့် ယူနီကုဒ်လက်ကွက်နဲ့ ရေးနိုင်မှာ ဖြစ်ပါတယ်။ ကနေ့မနက်က စေတန်ဂေါ့ဒ်ရဲ့ Plugin က ကွန်မန့်ပေးဖို့အတွက်ပါ ရေးလို့ပြီးသွားပြီဆိုတာကြောင့် မနေ့ညက သုံးထားတဲ့ ပုံစံကို မသုံးတော့ပါဘူး။ အခုဟာကတော့ ဘာနဲ့ရေးရေး ကြိုက်တာနဲ့ရေး ယူနီကုဒ်ကို အလိုလိုပြောင်းသိမ်းသွားမှာပါ။ အင်္ဂလိပ်လိုရေးလာလျှင်တော့ အင်္ဂလိပ်လိုပဲ ပြသွားမှာပါ။

နောက်တစ်ခုက ယူနီကုဒ်ကို ပြောင်းကြတဲ့နေရာမှာ လောလောဆယ် လူသုံးများနေတဲ့ မြန်မာ၃ (Myanmar3) ဆိုတဲ့ဖောင့်က FontFace မလှတဲ့အတွက်ကြောင့် အလှအပကြိုက်တဲ့ ကျွန်တော်တို့ ဘလော့ရေးတဲ့လူတွေ အခက်တွေ့ကြရပါတယ်၊ ကျွန်တော်ကတော့ လူပျိုကြီးနဲ့ သူ့မိတ်ဆွေတစ်ယောက် လုပ်ထားတဲ့ Yunghkio ဖောင့်ကို သုံးထားပါတယ်။

ပုံမှာမြင်ရတဲ့ အတိုင်းပါပဲ မြန်မာ၃ ဖောင့်စာလုံးထက်စာလျှင် အမြင်လှတာကိုတွေ့ရပါတယ်။ လူပျိုကြီးပေးလို့ ဦးဦးဖျားဖျား အနေနဲ့ မြန်မာကျူတိုရီရယ် စေတန်ဂေါဒ်လူပျိုကြီးနဲ့ ကျွန်တော် သုံးထားပါတယ်။

နောက်တစ်ခု အနေနဲ့ကတော့ Google Reader ကနေ ဖတ်လို့ရအောင်ပါ စေတန်ဂေါ့ဒ်ရဲ့ Plugin က ကူညီပေးထားပါတယ်။ အရင်တုန်းကဆိုလျှင် ကိုယ့်စက်ထဲမှာ ဖောင့်ရှိသော်လည်း ရီဒါထဲက ဖတ်မယ်ဆိုလျှင် ယူနီကုဒ်ဖောင့်သုံးထားလျှင် ဖတ်လို့အဆင်မပြေပဲ လင့်ကိုနှိပ်ပြီး သူ့ဘလော့ကို ဖွင့်ဖတ်ပါမှ ဖောင့်ကို သေသေချာချာမြင်ရ ဖတ်ရပါတယ်။ အခုတော့ အချိန်ပါးလျားလှတဲ့ စာဖတ်သူများအတွက် ဘလော့ကို လာလည်စရာမလိုပဲ ရီဒါထဲကနေ ဖတ်လို့ရပါပြီ။

ပြင်ဆင်ချက်။ ။ Reader ထဲက ဖတ်ဖို့ဆိုလျှင်တော့ စက်ထဲမှာ ယူနီကုဒ် ဖောင့် တစ်ခုခုရှိမှ ရပါမယ်။ ကျွန်တော် စမ်းကြည့်တုန်းက ဖောင့်အကုန်ဖျက်မိတယ်ထင်ပေမယ့် သေချာပြန်ကြည့်တော့ ပရပိုက်ဆိုတဲ့ ဖောင့်တစ်ခု စက်ထဲ ရှိနေလို့ မြင်ရတာပါ။

စာဖတ်သူများ အဆင်မပြေတာ ရှိလျှင် ပြောပြသွားနိုင်ကြပါတယ်။ ကြိုးစားပန်းစား ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဒီပို့စ်ကို အက္ခရာ ကီးဘုတ်ဖြင့်ရိုက်၍ Yunghkio ဖောင့် သုံးထားပါသည်။

Tags :
22,794 views