မလေးရှား ၂

ပြီးခဲ့တဲ့ အပိုင်း၁တုန်းက မတင်လိုက်ရတဲ့ အခန်းပုံကို လွမ်းတသသနဲ့ တင်လိုက်ပါတယ်။ တကယ်တော့ ဒီပုံက ကျွန်တော် ရိုက်လာတဲ့ ပုံမဟုတ်ပါဘူး။ ရောက်တဲ့ညက လင်းအားကြီး ၂နာရီဖြစ်နေတာကြောင့် အတင်းထိုးဝင်ပြီး အိပ်လိုက်ရတာကြောင့် ဓာတ်ပုံမရိုက်ဖြစ်ပါဘူး။ ဒါကြောင်း ဟော်တယ်ဝက်ဆိုဒ်ကနေ ပြန်ယူထားရပါတယ်။ နောက်တစ်နေ့ရိုက်ဖို့ဆိုပြန်တော့လဲ တစ်နေကုန်လျှောက်လည်ထားပြီး ပင်ပန်းလွန်းမှ ပြန်ရောက်တာဆိုတော့ ရေမိုးချိုးပြီး အိပ်ယာထဲ တန်းထိုးဝင်တော့တာပါပဲ။ ဒါတောင် စနေညက မန်ယူပွဲကို ဟော်တယ်အိပ်ခန်းထဲကနေ ကြည့်လိုက်ရသေးတယ်။ (တန်သဗျာ) ပုံထဲကအတိုင်း ခေါင်းအုံးအသေးနှစ်လုံးရယ် စားပွဲပေါ်က ပန်းအိုးတစ်လုံးရယ် မပါတာကလွဲလို့ ကျန်တဲ့ အခင်းအကျင်းကတော့ ပုံထဲက အတိုင်းပါပဲ။

ဒီလိုနဲ့ မိုးလင်းသွားတယ်ပေါ့ကွယ်။ (ညအိပ်ခန်းတွေ အမြန်ကျော်ပစ်လိုက်တော့မယ်) မိုးလင်းတော့ ရေမိုးချိုး ပြင်ဆင်ပြီးတော့ အောက်ထပ်ကိုဆင်းလို့ မနက်စာ စားဖို့စားသောက်ခန်းရှာရပါတယ်။ ဟော်တယ်ခထဲမှာ မနက်စာ ဘူဖေးအလကားစားလို့ရတာမို့ အပီအပြင်ဆွဲဖို့ ချီတက်ကြပါတယ်။ စိတ်မကောင်းစရာက အစားအသောက်ဖက် အာရုံကျနေလို့ ဓာတ်ပုံရိုက်ဖို့ သတိမရလိုက်ပါဘူး။ ရိုက်ဖြစ်တော့လဲ လူပုံတွေပဲ ဦးစားပေး ရိုက်ဖြစ်လိုက်လို့ ဒီမှာမတင်တော့ပါဘူး။

ဒါနဲ့ ဟော်တယ်ဝက်ဘ်ဆိုဒ်မှာ ပြန်ရှာကြည့်တော့ ပုံတွေ့တာနဲ့ ပုံနှင့်တကွ သက်သေပြခိုင်းမည့် လူတွေအတွက် စိတ်အေးသွားရပါတယ်။ မနက်စာ ဘူဖေးကို အတော် အိန္ဒြေမပျက်အောင် စားခဲ့ရပါတယ်။ နေ့လည်စာဆိုလို့ကတော့ တစ်ဝဆွဲပြီးသားပေါ့။ အနောက်တိုင်း၊ အရှေ့တိုင်း၊ တရုတ်၊ မလေး၊ အိန္ဒိယ အစားအစာမျိုးစုံ တင်ထားပါတယ်။

မနက်စာ စားအပြီးမှာတော့ မလေးရှားခရီး စတင်လည်ပါတ်ဖို့ ကားရောက်လာပါတယ်။ တိုးဂိုက်လုပ်တဲ့ အစ်မကြီးကိုယ်တိုင် ကားမောင်းပြီးရောက်လာတာပါ။ ပထမဆုံး ကွာလာလန်ပူမှာရှိတဲ့ ထိုင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဆိုတာကို လိုက်ပို့ပါတယ်။

ဘုန်းကြီးကျောင်း သမိုင်းကိုတော့ သူ့ဝက်ဘ်ဆိုဒ်လိပ်စာမှာ စိတ်ဝင်စားရင် ဖတ်ကြည့်နိုင်ပါတယ်။ မလေးရှားမှာ ရှေးကျသော ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းလို့ မှတ်သားရပါတယ်။ အဲဒီမှာ ခဏဖြုတ် ဘုရားဝတ်ပြု၊ အမွှေးတိုင် ဆီမီးပူဇော်ပြီးတဲ့ အခါမှာတော့ မနက် ၁၀နာရီလောက် ရှိပါပြီ။ ဒီကနေ Genting Highland ကိုဆက်သွားဖို့ဖြစ်ပါတယ်။

လိုက်ပို့တဲ့ အစ်မကြီးက တောင်တက် တောင်ဆင်းခရီးကို မောင်းဖို့မရဲတာကြောင့် သူရဲ့မောင်တစ်ယာက်ကို Genting သွားမည့် ကားလက်မှတ် ဝယ်ခိုင်းပြီးတော့ ကျွန်တော်တို့ကို လိုက်ပို့ဖို့ လက်လွှဲလိုက်ပါတယ်။ ညနေ၅နာရီမှာ တောင်အောက်ပြန်ဆင်းလာဖို့ စီစဉ်ထားပါတယ်။ Genting ဟာ Resort World ရဲ့ အပိုင်မှန်း ဒီတစ်ခေါက်သွားမှ သေသေချာချာ သိလိုက်ရတယ်။ အဲဒီ Resort World Singapore ဟာ စင်ကာပူမှာ ကာစီနို လာဆောက်ထားတယ်ဆိုတာကိုပါ တွဲပြီးနားလည်လိုက်တော့တယ်။  အဲဒီလိုနဲ့ တောင်ပေါ်တက်မည့် ကားဂိတ်မှာ ခဏတဖြုတ်ထိုင်စောင့် ပြီးတော့ တောင်တက်ခရီးစပါတယ်။ ကျွမ်းကျင်တဲ့ ကားမောင်းသမားတွေနဲ့ သွားနေကျလမ်းကြောတွေကြောင့် ခရီးဟာ ချောချောမွေ့မွေ့ ရှိပါတယ်။ အစီအစဉ်အရ တောင်ပေါ်ကို Cable Car စီးပြီးတက်မှာဖြစ်လို့ ကားရပ်နားစခမ်းရောက်တာနဲ့ Cable Car လက်မှတ်ဝယ်ရမှာပါ။ သို့သော် ကျွန်တော်တို့က တောင်အောက်မှာကထဲက Package (Bus fare round trip + cable car ticket) ကို ဝယ်လာခဲ့ပြီးဖြစ်လို့ ဟိုရောက်တော့ Cable Car လက်မှတ်ကို တန်းစီစရာ မလိုတော့ပါဘူး။ ကိုယ့်အလှည့်ရောက်အောင် နာရီဝက်စောင့်ပြီးတော့ တောင်ပေါ်တက်တဲ့ Cable Car စပြီး စီးရပါပြီ။

ကိုယ့်အလှည့်ရောက်ဖို့ကို သီးသန့်နားနေရာကနေ စောင့်ရပါတယ်။ အဲဒါက Package ဝယ်လာတဲ့ လူတွေမှ သီးသန့်စောင့်ရတာပါ။ ပုံမှန် Bus ကားဂိတ်ဆုံးတော့မှ Cable Car လက်မှတ်ဝယ်မယ်ဆိုရင် လူတန်းက အတော်ရှည်ပါတယ်။ နှစ်ကူးပိတ်ရက်လဲ ဖြစ်တာမို့ ကာစီနိုလာကစားတဲ့လူ အပျော်ခရီးထွက်လာတဲ့လူတွေနဲ့ မနည်းလှပါဘူး။

(အိပ်ချင်လာပြီ … ဆက်ပါဦးမယ်)

Tags : ,
10,399 views