မလေးရှား ၁

မလေးရှား ခရီးစဉ်အကြောင်း ပြန်ဆက်ပါဦးမယ်။ မိဘတွေ အလည်အပါတ်ရောက်လာကထဲက အဆင်ပြေရင်သွားလို့ရအောင်ဆိုပြီး မလေး Visa ယူထားပါတယ်။ ဒါပေမယ့်လဲ မိခင်ကြီး ဒူးမကောင်းတာကြောင့် စင်ကာပူ ကျဉ်းကျဉ်းကလေးတောင် မနည်းကြိုးစားပြီး စုံစေ့အောင် လည်ပါတ်နေရတော့ မလေးဆိုတာကို မသွားဖြစ်တော့ဘူးတောင် ထင်ထားခဲ့တာ။ ဒီလိုနဲ့ နှစ်ကူးခါနီး တစ်ပါတ်အလိုမှာမှ ဘွန်လေးဘုန်းကြီးကျောင်းက ဘုန်းဘုန်းနဲ့ စကားဆက်ကျပြီး မလေးရှားမှာ တိုးဂိုက်လုပ်နေတဲ့ တစ်ယာက်နဲ့ အဆက်အသွယ်ရပြီး ခရီးသွားဖို့ အကြောင်းဖန်လာပြန်ပါတယ်။

မလေးရှားကို တိုးဂိုက်နဲ့သွားတယ်ဆိုတာ ကြားရရင် စင်ကာပူမှာ နေတဲ့လူအဖို့တော့ ရယ်စရာပါ။ ဒါပေမယ့် မိခင်ကြီးရဲ့ ဒူးအခြေအနေကို ငှဲ့ကွက်ပြီးတော့ အေးအေးဆေးဆေး သွားနိုင်ဖို့ကို စဉ်းစားရပါတယ်။ အဲဂလိုနဲ့ စင်ကာပူနဲ့ မလေးရှား သုံးလေးငါးကြိမ်လောက် တယ်လီဖုန်း အပြန်အလှန်ဆက် ဈေးညှိနှိုင်းပြီးတဲ့ အခါမှာတော့ ခရီးသွားဖို့ ကားလက်မှတ် ဝယ်ရပါတယ်။ နှစ်ကူးခါနီး အချိန်ဖြစ်တာကြောင့် ဟိုဖက်မှာလဲ ဟော်တယ်အခန်းတွေ မအားမလပ်ဖြစ်နေတဲ့ကြားက အဆင်ပြေအောင် ကူညီဆောင်ရွက်ပေးတဲ့ မလေးရှားဖက်က တိုးဂိုက် အစ်မကြီးကိုလဲ ကျေးဇူးတင်ရပါတယ်။ ဒါပေမယ့် အတော်တော့ ဈေးဆစ်လိုက်ရပါတယ်။ သူကစင်ကာပူငွေနဲ့တောင်းနေလို့ပါ။ ဈေးသက်သာချင်လို့ စလုံးမှာငွေရှာပြီး မလေးမှာ သွားသုံးပါတယ်ဆိုမှ သူကစလုံးကလာတယ်ဆိုပြီး စလုံးငွေနဲ့တောင်းတယ်ဆိုတော့ ကိုယ်က ငတုံးမှ မဟုတ်တာ။ (ဟမ်)

ဟိုဖက်က တိုးဂိုက်က သေချာပြီဆိုတော့ ဒီဖက်မှာ ကားလက်မှတ် ဝယ်ရပါတယ်။ Golden Mile Shopping Centre မှာ မလေးသွားတဲ့ ကားတွေ အများကြီးရှိပါတယ်။ အဲဒီအထဲကနေ ကိုယ်လိုက်ချင်တဲ့ နေ့နဲ့ အချိန်မှာ လက်မှတ်ရှိသေးတဲ့ ကားလိုင်းကနေ အသွားအပြန်လက်မှတ်ဝယ်ပါတယ်။ ကျွန်တော်ကတော့ StarMart Express ဆိုတဲ့ လိုင်းကနေ လက်မှတ်ရပါတယ်။ တခြားလိုင်းတွေက ကိုယ်လိုက်ချင်တဲ့ အချိန်ရသော်လည်း လူလေးဦးစာ လက်မှတ် မကျန်တော့လို့ပါ။ နှစ်ကူးပိတ်ရက် မလေးကိုပြန်မယ့်လူ အလည်သွားမည့်လူတွေ များနေလို့ဖြစ်နိုင်ပါတယ်။

StarMart Express ကအွန်လိုင်းကနေလဲ လက်မှတ်ဝယ်လို့ရပါတယ် ဒါပေမယ့် သူတို့လက်မှတ်ရောင်းတဲ့ နေရာမှာ သွားဝယ်မယ်ဆိုရင်တော့ အသွားအပြန်၂ကြောင်းပေါင်းဝယ်ရင် နဲနဲသက်သာပါတယ်။ ဒီဖက်က လက်မှတ်တွေ ဝယ်ပြီးသွားမှ ဟိုဖက်က တိုးဂိုက်အစ်မကြီးက ဖုန်းပြန်ဆက်ပါဆိုလို့ ပြန်ဆက်ပြီး ခရီးစဉ်အသေးစိတ်နဲ့ ကျသင့်ငွေတွေ ညှိနှိုင်းကြတာ ဖြစ်လို့ တော်တော်ဈေးဆစ်လိုက်ရပါသေးတယ်။ မလွယ်ပါဘူး အသည်းမာဖို့လိုပါတယ်။ ကိုယ်ဘာသာ သွားရင်ရသော်လည်း ဟိုရောက်မှ ကြည့်ပြီးစီစဉ်မယ်ဆိုရင် အဆင်မပြေတာရှိခဲ့သော် ရတဲ့၂ရက်ကလေးနဲ့ လူကြီးတွေ စိတ်ရှုတ်မှာကို စိုးရိမ်လို့သာ တိုးဂိုက်နဲ့သွားရတာပါ။ မိသားစုလေးယာက်တည်းကို သွားလိုရာလိုက်ပို့တဲ့ တိုးဂိုက်နဲ့သွားကြည့်တော့လဲ မဆိုးပါဘူး ကိုယ့်ကိုယ်ကို တိုးရစ်လို့ ခံစားလို့ရတာပေါ့။ (အဟက်)

စင်ကာပူကနေ ညနေ ၇နာရီခွဲကားထွက် မလေးရှားကို ညဖက် ၁၂နာရီလောက် ရောက်မှာပါ။ ဟိုဖက်က ကားဂိတ်မှာ လာကြိုနေမှာဆိုတော့ ညဖက်ခဏကားစီး ဟိုဖက်ရောက် ညအိပ် နောက်နေ့လျှောက်လည်ဆိုတော့ ခရီးတွင်တယ်လို့ ပြောလို့ရပါတယ်။ ရောက်တဲ့ အချိန်ကလဲ အချိန်ကောင်းပါပဲ နှစ်ကူးအတွက် မီးရှုးမီးပန်းတွေ ဖောက်နေတဲ့ အချိန်မှာ ရောက်သွားတာပါ။ ကားဂိတ်ကလဲ မြို့လည်ခေါင်တည့်တည့် Times Square မှာဂိတ်ဆုံးမှာဆိုတော့ လာကြိုတဲ့ လူခမျာမယ်လဲ လမ်းတွေ ပိတ်ထားတဲ့ကြားက ရောက်အောင် လာကြိုရပါတယ်။

မြို့ထဲရောက်ပြီ။

ကားရပ်တဲ့နေရာရောက်တော့ ပျော်နေကြတဲ့ လူတွေကြားထဲ သဉ်ဇာ တစ်ယာက်များ တွေ့မလား ချောင်းကြည့်လိုက်သေးတယ်။

ကားရောက်တော့ လာကြိုတဲ့ သူတို့က ပလက်ဖောင်း ဟိုဖက်ရောက်နေကြလို့ ကားပြန်ပတ်တာကို တော်တော်စောင့်လိုက်ရသေးတယ်။ ဒီလိုနဲ့ တည်းမည့်ဟော်တယ်ရောက်တော့ မနက်ကြီး ၂နာရီနီးပါးဖြစ်နေပါပြီ။ အောက်မှာတော့ လူတွေ ပျော်ကောင်းနေတုန်းပါ။ ဟော်တယ်ကိုတော့ မသွားခင်ကထဲက ဘယ်မှာ  ထားပေးမယ်ပြောလို့  ကြိုပြီး Google မှာကြည့်ထားလိုက်လို့ မဆိုးဘူးမို့လို့ စိတ်အေးရပါသေးတယ်။ Armada Hotel ဆိုတာ ကြယ်လေးပွင့်အဆင့်လို့ သူတို့ဝက်ဆိုဒ်မှာ ရေးထားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရတဲ့ အခန်းတွေက ဆေးလိပ်မသောက်ရဆိုတဲ့ အထပ်မှာ မရလို့ ဘေးခန်းတွေက အလွန်သောက်တဲ့ ဆေးလိပ်ငွေ့တွေရဲ့ ဒါဏ်ကိုတော့ တော်တော်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဓိကက အဓိကပဲမဟုတ်လား ကြိုးစားအိပ်လိုက်တယ်ပြောပါတယ်။ အစီအစဉ်အရ နောက်တစ်နေ့မှာ Genting Highland ကိုသွားရမယ် မဟုတ်လား။

ဆက်ပါဦးမယ်…

Tags :
12,792 views